မကွေးရေနံမြေတဝိုက်ကို စစ်ကောင်စီတပ်တွေ နေရာအနှံ့ စစ်ကြောင်းထိုး၊ ဒေသခံထောင်ချီ ထွက်ပြေးရ

ကျားသစ်နက် ဒေသကာကွယ်ရေးတပ်

ဓာတ်ပုံ ရင်းမြစ်, ကျားသစ်နက် ဒေသကာကွယ်ရေးတပ်

ဓာတ်ပုံ ပုံစာ, ကျားသစ်နက် ဒေသကာကွယ်ရေးတပ်
ရေးသားခဲ့သည်။

ရေနံလက်ယက်တွင်းတွေရှိတဲ့ မကွေးတိုင်းဒေသကြီး ပေါက် မြို့နယ်နဲ့ မြိုင်မြို့နယ် အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက ဒီရက်ပိုင်းမှာ ဝင်ရောက်လာပြီး နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေလို့ အရပ်သား ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရေနံလုပ်ကွက်တွေကို ဒေသကာကွယ်ရေးတွေဘက်က ပြန်လည် တိုက်ခိုက်တာတွေ ရှိနေပါတယ်။

မတ်လ ၉ ရက် မနက် ၇ နာရီခွဲမှာ မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့ ကျောက်ခွက်ရေနံမြေ Well 2 မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ခြိမ်းခြောက် အကြပ်ကိုင်တာတွေ ရှိနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အဖွဲ့ဝင် တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ ကျားသစ်နက် တပ်မတော်က ဘီဘီစီကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေအနေနဲ့ ဒီနေရာတွေကို အစကတည်းက လိုချင်ခဲ့တာပါ။ သို့သော်လည်းပဲ ဒီဘက်မှာရှိတဲ့ အင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှု၊ မဟာမိတ်အင်အားစုတွေရဲ့ တောင့်တင်းခိုင်မာမှု ဒါတွေအားလုံးကြောင့် ထိုးဖောက်နိုင်လို့ မရဘူးပေါ့။ ဒီထက်လည်းပဲ ကျွန်တော်တို့ မြေပြင်အင်အားစုတွေက မပြိုကွဲဘဲနဲ့ ဆက်လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့ တောင့်ခံထားနိုင်လိမ့်မယ်လို့ ထင်တယ်” လို့ ကျားသစ်နက်တပ်မတော်က တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ ၃ဝ ကျော်နဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းကနေလည်း ဝင်ရောက်ပစ်ခတ်ခဲ့တာ ရှိတယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ရေနံတွင်းတွေရှိတဲ့ ပေါက်မြို့နယ်ဘက်က ကျေးရွာတွေမှာလည်း စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေဘက်က နေ့ရောညပါ နေရာအနှံ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၉ ရက်နေ့တုန်းက ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ ပေါက်မြို့နယ် အရှေ့ပိုင်းက အုန်းတော တောင်ရွာမှာ အိမ်ခြေ ၂၆ လုံး၊ အုန်းတော မြောက်ရွာက အိမ်ခြေ ၁၃ လုံး ကို မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပေါက်မြို့နယ်တွင်းက ကျေးရွာကိုလည်း လက်နက်ကြီးတွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ မတ်လ ၉ ရက် တရက်တည်းမှာတင် ဒေသခံ နှစ်ဦး လက်နက်ရှိ ထိမှန်သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

မကွေးရေနံမြေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မကွေးရေနံမြေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါ့အပြင် ရေနံတွင်းတွေမှာ လုပ်ကိုင်နေသူတွေကိုလည်း စစ်ဆေးမေးမြန်းတာ ဖမ်းဆီးတာတွေ ရှိတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

“တချို့ ပီဒီအက်ဖ်အဖွဲ့ဝင်တွေကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ ထိန်းသိမ်းချင်တဲ့ ပုံစံမျိုးလည်း ပေါ်တယ်။ အဓိကကတော့ ထိန်းသိမ်းချင်တာဗျ။ သူတို့က ဒီလိုပဲ အကြောင်းပြမှာ ခင်ဗျ။ ထောက်ပံ့တယ် မထောက်ပံ့ဘူးဆိုတာကတော့ တိတိကျကျ ပြောလို့ မရဘူး” လို့လည်း ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ပေါက်မြို့နယ် ညောင်ဝင်းမြောက် ကျေးရွာ စာသင်ကျောင်းအနီးကနေ ဒေသကာကွယ်ရေးတပ်တွေက စစ်ကြောင်းကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာ မူလတန်းကျောင်းအတွင်းကနေ ပီဒီအက်ဖ်အဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ပေါက်နဲ့ မြိုင်ဒေသတကြောမှာရှိတဲ့ ရေနံချက်စခန်းတွေကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရန်ပုံငွေရရှိနေပြီး လက်နက်ခဲယမ်းတွေထုတ်နေလို့ အဲဒီနေရာတွေကို ဝင်ရောက်စီးနင်းဖို့ စစ်တပ်ကို တိုက်တွန်းရေးသားတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွင်းကလည်း အဲဒီစွပ်စွဲချက်နဲ့ ရေနံတွင်းပေါင်း ရာနဲ့ချီကို စစ်ကောင်စီဘက်က ဝင်ရောက်မီးရှို့ခဲ့လို့ ဒေသခံတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရတာတွေလည်း ရှိပါတယ်။

မကွေးတိုင်းအတွင်း ရေနံတွင်းလုပ်ကိုင်သူတွေဟာ လက်ယက်တွင်းဖြစ်လို့ တိုင်းဒေသကြီးအစိုးရကပဲ ထိန်းချုပ်ပြီး အခွန်ကောက်ခံတာဖြစ်ပြီး နှစ်စဥ် မြန်မာ ကျပ်ငွေ သန်းထောင်ချီပြီး ရလေ့ရှိပါတယ်။

အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း လက်ရှိအချိန်မှာတော့ လက်ယက်တွင်းတွေဟာ တစ်ပိုင်တစ်နိုင် ချက်ဖိုတွေနဲ့ ဒေသတွင်းရေနံတူးဖော်ချက်လုပ် ရောင်းချတာတွေ ရှိပြီး သက်ဆိုင်ရာ ပြည်သူ့ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေထံ သတ်မှတ်နှုန်းထားနဲ့ အခွန်ပေးဆောင်သူတွေ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေနံလုပ်ကွက်တွေထဲ ဝင်ရောက်စီးနင်းပြီး ပိုက်ဆံတောင်းတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတဲ့ ပေါက်နဲ့ မြိုင်မြို့နယ်တဝိုက်မှာ ရေနံတွင်းပေါင်း ၅၀၀ နဲ့အထက်ရှိတယ်လို့လည်း ဆိုပါတယ်။

ရေနံလက်ယက်တွင်းများ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရေနံလက်ယက်တွင်းများ