အင်ဒိုဥက္ကဋ္ဌ သက်တမ်းအတွင်း မြန်မာ့အရေး အာဆီယံလမ်း ပြောင်းလဲလာနိုင်လား

ဘုံ သဘောတူမှု ၅ ချက် အကောင်အထည် ဖော်ရေး ဘာမှ တိုးတက်မှု ရှိမနေဘူး ဆိုပြီး သမ္မတ ဂျိုဂိုဝီဒိုဒို ဝန်ခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုံ သဘောတူမှု ၅ ချက် အကောင်အထည် ဖော်ရေး ဘာမှ တိုးတက်မှု ရှိမနေဘူး ဆိုပြီး သမ္မတ ဂျိုဂိုဝီဒိုဒို ဝန်ခံ
ရေးသားခဲ့သည်။

မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်ရေး အာဆီယံ ဘုံ သဘောတူမှု ၅ ချက် အကောင်အထည် ဖော်ရေးမှာ ဘာမှ တိုးတက်မှု ရှိမနေဘူး ဆိုပြီး အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုဂိုဝီဒိုဒိုက ဝန်ခံ ပြောကြားပါတယ်။

ဒါ့ကြောင့် နောက်တဆင့် ဘာ လုပ်ကြမလဲ ဆိုတာကို စနစ်တကျ ဖော်ထုတ် လုပ်ဆောင်ဖို့ ဆိုရင် အာဆီယံ အဖွဲ့အတွင်း စည်းလုံး ညီညွတ်ကြဖို့လိုတယ် ဆိုပြီးတော့လည်း တခြား အာဆီယံ ခေါင်းဆောင်တွေကို သမ္မတဝီဒိုဒိုက တိုက်တွန်းပါတယ်။

၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဖလောရက်စ်ကျွန်းပေါ်က လာဘူအန် ဘာဂျို Labuan Bajo မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ၃ ရက်တာ ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲ အပိတ် သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဂျိုကိုဝီဒိုဒို ပြောတာတွေထဲ နောက်တဆင့်အတွက် အဖြေထုတ်ကြဖို့ ဆိုတာအပြင်၊ ဘက်ပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံရေး ဖော်ဆောင်ဖို့ အရေးကြီးကြောင်း မီးမောင်းထိုး ပြောသွားပါတယ်။

သမ္မတဝီဒိုဒိုရဲ့ ထိတွေ့ဆက်ဆံရေး သဘောထား

ထိတွေ့ ဆက်ဆံမှု ပြုလုပ်တာဟာ တရားဝင်မှု၊ အသိအမှတ်ပြုမှု ပေးတဲ့ အဓိပ္ပာယ် မသက်ရောက်ပါဘူး - သမ္မတဝီဒိုဒို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိတွေ့ ဆက်ဆံမှု ပြုလုပ်တာဟာ တရားဝင်မှု၊ အသိအမှတ်ပြုမှု ပေးတဲ့ အဓိပ္ပာယ် မသက်ရောက်ပါဘူး - သမ္မတဝီဒိုဒို

“ဘုံသဘောတူမှု ၅ ချက်အရ အာဆီယံ အဖွဲ့ဟာ သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံခွင့် ရှိပါတယ်။ အာဆီယံဟာ ဘယ်လောက် ယုံကြည် ကိုးစားနိုင်တဲ့ အဖွဲ့လဲ ဆိုတာနဲ့ တိုက်ရိုက် သက်ဆိုင် နေတာဖြစ်တဲ့ အတွက်၊ အားလုံး ပါဝင် ပတ်သက်ခွင့်ပေးရေးမူ အပေါ် အာဆီယံဘက်က ခိုင်ခိုင်မာမာ စွဲကိုင်ဖို့ လိုပါတယ်။

ထိတွေ့ဆက်ဆံရေးဟာ အသိအမှတ် ပြုခြင်းတော့ မဟုတ်ပါဘူး။ ထိတွေ့ ဆက်ဆံမှု ပြုလုပ်တာဟာ တရားဝင်မှု၊ အသိအမှတ်ပြုမှု ပေးတဲ့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။

ဒီအရေးမှာ ပါဝင် ပတ်သက်နေသူတွေဟာ စစ်ကောင်စီ သက်သက် မဟုတ်ပါဘူး။ တခြား အဖွဲ့အစည်းတွေနဲ့ ဘက်ပေါင်းစုံ ရှိနေပါတယ်။ မတူတဲ့ အကျိူးစီးပွားတွေ အသီးသီး ရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့ အနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်သမျှ သက်ဆိုင်သူ အားလုံးနဲ့ကြား ထိတွေ့ဆက်ဆံရေးကို ပိုပြီး တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါ့ကြောင့် အားလုံးပါဝင်တဲ့ ပြောဆိုဆွေးနွေးမှု ဒိုင်ယာလော့ဂ်တွေ များနိုင်သမျှ များများ ပေါ်ပေါက်လာအောင် ကျွန်တော်တို့ အားပေး လုပ်ဆောင်ဖို့ လိုတယ်” ဆိုပြီး သမ္မတ ဝီဒိုဒို ပြောခဲ့ပါတယ်။

အားနည်းတဲ့ ထုတ်ပြန်ချက်

ဘုံ သဘောတူမှု ၅ ချက် အကောင်အထည် ဖော်ရေး ဘာမှ တိုးတက်မှု ရှိမနေဘူး ဆိုပြီး သမ္မတ ဂျိုဂိုဝီဒိုဒို ဝန်ခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုံ သဘောတူမှု ၅ ချက် အကောင်အထည် ဖော်ရေး ဘာမှ တိုးတက်မှု ရှိမနေဘူး ဆိုပြီး သမ္မတ ဂျိုဂိုဝီဒိုဒို ဝန်ခံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သမ္မတ ဝီဒိုဒို ပြောတာတွေထဲ ခိုင်မာ ပြတ်သားတဲ့ ပြောဆိုမှုနဲ့ သဘောထား အမြင်တွေ တွေ့ရပေမယ့်၊ ထိပ်သီးဆွေးနွေးပွဲ အပြီး အာဆီယံ ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်ထဲ ပါဝင်တဲ့ မြန်မာ့ အရေး စာပိုဒ်တွေကတော့ အားနည်းလှတယ် ဆိုပြီး အကဲခတ်တွေက ဆိုပါတယ်။

အဓိက ထောက်ပြကြတာကတော့ လက်တွေ့ ဘာတွေ ဆက်လုပ်မလဲ ဆိုတဲ့ အစီအစဥ် အကြောင်း ဘာတစ်ခုမှ ပြောမထားဘူး ဆိုပြီး ထောက်ပြ ကြပါတယ်။ အရင် ၂၀၂၂ နိုဝင်ဘာ ကမ္ဘောဒီးယား ထိပ်သီးညီလာခံကနေ မြန်မာ့အရေး သီးသန့် “သုံးသပ်ချက်၊ ဆုံးဖြတ်ချက်” စာတမ်း ထုတ်ပြန်ပြီး လက်တွေ့ လုပ်ဆောင်မယ့် အရာတွေကိုပါ ထည့်သွင်းထားတာနဲ့ နှိုင်းယှဥ်ရင် အင်မတန် အားနည်းတယ်လို့ ဆိုပါတယ်။

အာဆီယံ ခေါင်းဆောင်တွေ အားလုံးကြား ဘုံ သဘောထားမျိုး ရှိကြဟန် မတူဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုပါတယ်။

တိုင်းပြည်ထဲ ပေါ်ပေါက် နေတဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ ရပ်တန့်ရေး အတွက် စစ်ကောင်စီကို ဖိအားပေးဖို့ရာ ဘုံသဘောထား ဆန္ဒမျိုး ရှိဟန် မတူဘူးလို့ ဆိုပါတယ်။

သဘောတူမှု ၅ ချက် ဆိုပြီး ရှိထားတာ ၂ နှစ်ကျော် ကြာချိန် အထိ တိုးတက်မှု မရှိတဲ့ အတွက်၊ အာဆီယံ သက်သက်တင်မက မြန်မာ့အရေးမှာ စိတ်တူကိုယ်တူ ရှိကြပြီး ပံ့ပိုးလိုကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီကို ရယူပြီး အာဆီယံအပေါင်း “အာဆီယံပလပ်စ်” ပုံစံမျိုး ဆောင်ရွက်သင့်တယ်လို့လည်း ဦးကျော်ဇောက ဆိုပါတယ်။

အင်ဒိုဥက္ကဋ္ဌ သက်တမ်းမှာ ပြောင်းလဲမှု တွေ့လာဖို့ မျှော်လင့်နိုင်လား

အင်ဒိုနိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်တဲ့ တိတ်ဆိတ်တဲ့ ချည်းကပ်မှု သံတမန်နည်းလည်း ထင်သလောက် အကျိုးမဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဒိုနိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်တဲ့ တိတ်ဆိတ်တဲ့ ချည်းကပ်မှု သံတမန်နည်းလည်း ထင်သလောက် အကျိုးမဖြစ်

အင်ဒိုနီးရှားဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲ အင်အား တောင့်တင်း ခိုင်မာသလို၊ အာဆီယံကို ကနဦး စဖွဲ့ခဲ့တဲ့ နိုင်ငံတစ်ခုလည်းဖြစ်၊ ဒေသတွင်း အကျပ်အတည်း ပြဿနာတွေမှာလည်း တက်တက်ကြွကြွ ဦးဆောင် ဖြေရှင်း လေ့ရှိပါတယ်။

ဒါ့အပြင် ကိုယ်တိုင်လည်း နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးတဲ့ အခြေအနေကနေ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို အောင်အောင်မြင်မြင် အရောက်တက်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်တဲ့ အတွက်၊ အင်ဒိုနီးရှားနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ချိန်မှာ မြန်မာ့အရေး ကိုင်တွယ်ရာမှာ အောင်မြင်မှု အတိုင်းအတာ တစုံတရာ ရှိလာလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိခဲ့ကြပါတယ်။

အခုတော့ ဥက္ကဋ္ဌ သက်တမ်း ထက်ဝက်ကျိုးချိန်မှာ သမ္မတဝီဒိုဒို ကိုယ်တိုင် ဘုံ သဘောတူမှု ၅ ချက် အကောင်အထည်ဖော်ရေး တိုးတက်မှု မရှိဘူး ဆိုပြီး ဝန်ခံလာသလို၊ နောက် အဆင့်တွေ အတွက် အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြရအောင်ပါလို့ ဆော်ဩနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဒီတော့ အခု ထိပ်သီးဆွေးနွေးပွဲ ရလဒ် အပါအဝင်၊ အာဆီယံ လမ်းကြောင်း တစ်ခုလုံး အပေါ် သုံးသပ်ရင်း ဘာတွေ ပြင်ဆင် ပြောင်းလဲ သင့်သလဲ ဆိုတာကို လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR ရဲ့ ဥက္ကဋ္ဌ၊ ဝါရင့် မလေးရှား ပါလီမန်အမတ် ချားလ်စ်ဆန်တီယာဂိုကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR ရဲ့ ဥက္ကဋ္ဌ၊ ဝါရင့် မလေးရှား ပါလီမန်အမတ် ချားလ်စ်ဆန်တီယာဂို

ဓာတ်ပုံ ရင်းမြစ်, MMAIL

ဓာတ်ပုံ ပုံစာ, အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR ရဲ့ ဥက္ကဋ္ဌ၊ ဝါရင့် မလေးရှား ပါလီမန်အမတ် ချားလ်စ်ဆန်တီယာဂို

ဘီဘီစီ။ ။ အခု ထိပ်သီးဆွေးနွေးပွဲဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အတိတကျ နည်းနာတွေ လမ်းစဥ်တွေ ချမှတ်နိုင်တာမျိုး မရှိဘူး၊ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ ထိပ်သီးဆွေးနွေးပွဲနဲ့ နှိုင်းယှဥ်ရင် အင်မတန် ကွာခြားတယ် ဆိုတဲ့ ဝေဖန်ဆန်းစစ်သံတွေ အတော်လေး ကြားနေရပါတယ်။ ချားလ်စ် အနေနဲ့ကရော ဘယ်လို မြင်ပါသလဲ။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တိုးတက် ဖြစ်ထွန်းမှု တစုံတရာ ရှိတာ တွေ့ရလားခင်ဗျ။

ချားလ်စ်ဆန်တီယာဂို။ ။ အာဆီယံခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်ကို ကျွန်တော် ဖတ်ရပါတယ်။ ဘယ်လို ပြောရမလဲ ဆိုတော့ .... အဲဒီထုတ်ပြန်ချက်ဟာ ကျွန်တော့်ကို အတော်လေး စိတ်ထိခိုက် ခံစားစေပါတယ်။ မကျေမနပ်ဖြစ်စေပါတယ်။

အင်ဒိုနီးရှား နိုင်ငံ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေချိန်မှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာမှ ပြောင်းလဲ တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူး ဆိုတဲ့ အချက်ကိုလည်း အဲဒီ ထုတ်ပြန်ချက်က သက်သေပြနေပါတယ်။

အာဆီယံရဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဥ်နဲ့ ဆက်စပ်နေတဲ့ ယာဥ်တန်း၊ အတိုက်အခိုက်ခံခဲ့ရတဲ့ အကြောင်းအရာက လွှမ်းမိုးနေခဲ့ပါတယ်။

ဒီ ဖြစ်ရပ်ကနေ တဆင့် ကောက်ချက်တချို့ ချနိုင်တာက အာဆီယံရဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရး ဌာန “အာဟစင်တာ” (AHA centre) ကနေ ပေးတဲ့ အထောက်အပံ့တွေဟာ မြန်မာ စစ်တပ် လွှမ်းမိုး ဩဇာသက်ရောက်တဲ့ နယ်မြေတွေကိုပဲ သွားနေပြီး၊ လိုအပ်နေတဲ့ မြန်မာပြည်သူအားလုံးထံ ဦးတည် မနေဘူးဆိုတာ ပြသနေပါတယ်။ ဒါက နံပါတ် ၁ အချက်ပါ။

နံပါတ် ၂ ကတော့ .... မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား လုပ်ဆောင် နေတယ် ဆိုတဲ့ “ငြင်သာသိမ်မွေ့တဲ့ သံတမန်နည်း” ဆိုတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်ထဲ ထည့်သွင်း ပြောဆိုတာမျိုးကိုလည်း မတွေ့ရပါဘူး။

ဒီကိစ္စကို ဦးစီးဦးဆောင် လုပ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ဝန်ခံထားတာကတော့ မြန်မာစစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ဘက်နှစ်ဘက်ရဲ့ ကွာဟမှုက အင်မတန် ကျယ်ပြန့် ကြီးမားတယ်လို့ ဆိုပါတယ်။ ပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့တော့ မလွယ်ဘူးလို့လည်း ပြောထားပါတယ်။

ဒီအချက်ကို အင်ဒိုနီးရှား အနေနဲ့ သဘောပေါက်နှင့်ပြီး ဖြစ်နေရင် ... ဒါကို အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲ ပွင့်ပွင့်လင်းလင်းပဲ ထည့်သွင်း ဝန်ခံ သင့်ပါတယ်။ သူတို့ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပြီး ဆက်လက် သောင်တင်နေတဲ့ ဘုံသဘောတူမှု ၅ ချက် ဆိုတာကို ပြန်သုံးသပ်တာ၊ ပြင်ဆင် ပြောင်းလဲတာတွေ လုပ်ရမှာ ဖြစ်ပါတယ်။

အခုတော့ အလုပ်မဖြစ်တဲ့ ဘုံ သဘောတူမှု ၅ ချက်နဲ့ ငြင်သာသိမ်မွေ့တဲ့ သံတမန်ရေးနည်းနာ ဆိုတာတွေကြားမှာပဲ သူတို့ဟာ ပိတ်မိ နေကြပါတယ်။

ကျွန်တော် ဒါတွေ ပြောရတာကတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာချိန်မှာ မြန်မာ့အကျပ်အတည်း အဖြေရှာရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ ကြီးကြီးမားမား ရှိခဲ့ကြပါတယ်။ အကောင်းဘက်ကို တစုံတရာ အတိုင်းအတာထိ ဦးတည်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။

အခုတော့ မျှော်လင့်သလိုမျိုး ဖြစ်မလာနိုင်ဘူးဆိုတာ ထင်ရှားလာပါတယ်။ အင်ဒိုနီးရှား အနေနဲ့ ဥက္ကဋ္ဌ သက်တမ်း တစ်ဝက် ကျိုးလာပြီ ဖြစ်လို့ နောက် ၅ လ ၆ လ လောက်ပဲ အချိန်ရှိပါတော့တယ်။ ဒီ အလွန်ဆုံး ၆ လ ဆိုတဲ့ ကာလ အတွင်း သူတို့ ဘာဆက်လုပ်မလဲ ဆိုတာ ကျွန်တော်တော့ နားမလည် နိုင်လောက်အောင်ပါပဲ။

ကျွန်တော် ထောက်ပြချင်တဲ့ အချက်က ... အင်ဒိုနီးရှား အနေနဲ့ ဒီ ၆ လတာ အတွင်းမှာ တိုးတက်မှု တစုံတရာ မဆောင်ကြဥ်း ပေးနိုင်ဘူး ဆိုရင် ... ဥပမာ မတူတဲ့ ဘက် အသီးသီးကို စားပွဲဝိုင်း တစ်ခုတည်းပေါ် ဆွဲ မခေါ် နိုင်ဘူး ဆိုရင် ပြဿနာဟာ နောက်နှစ်ဆီ လက်ဆင့်ကမ်း သွားမှာ ဖြစ်ပါတယ်။ မြန်မာ့ အကျပ်အတည်း အဖြေရှာရေးမှာ အာဆီယံ အနေနဲ့ လုံးဝ စွမ်းဆောင်နိုင်မှု မရှိဘူး ဆိုတဲ့ အချက် ခိုင်မာ သွားမှာ ဖြစ်သလို၊ အာဆီယံရဲ့ အရေးပါမှု အချက်အချာကျမှု ဆိုပြီး တည်ဆောက် နေကြတဲ့ အခန်းကဏ္ဍကြီးတစ်ခုလုံး ထိခိုက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ဖြစ်နေချိန် တစ်ဘက်မှာတော့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တရုတ်၊ အိန္ဒိယ အပါအဝင် အရေးပါတဲ့ နိုင်ငံတချို့ရဲ့ အထောက်အပံ့တွေနဲ့ တောင့်တင်း ကြံ့ခိုင် လာပါလိမ့်မယ်။

ပြန်ပြီးချုပ်ရရင် ခင်ဗျားပြောတာ ဟုတ်တယ် ... ၂၀၂၂ နိုဝင်ဘာ ကမ္ဘောဒီးယား ထိပ်သီးဆွေးနွေးပွဲကနေ ထွက်ခဲ့တဲ့ ရလဒ်တွေနဲ့ ထုတ်ပြန်ချက်ဟာ အခု အင်ဒိုနီးရှားထက် အများကြီးပိုပြီးတော့ ကောင်းမွန် ခိုင်မာတယ် ... အခုဟာကတော့ အင်မတန်မှကို အားနည်းပါတယ်။

 နှစ်ဖက် ကွာဟချက်တွေက ကြီးမား လွန်းတယ် - ရတ်တန်ုမာဆုဒီ၊ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နှစ်ဖက်ဟချက်တွေက ကြီးမား လွန်းတယ် - ရတ်တန်ုမာဆုဒီ၊ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး

ဘီဘီစီ။ ။ မစ္စမာဆုဒီ ပြောသလို နှစ်ဖက် ကွာဟချက်တွေက ကြီးမား လွန်းတယ် ဆိုရင် အဲဒီ ကွာဟချက်တွေကို လျှော့ချ ပေးနိုင်ရေး အတွက် ဘယ်လိုမျိုး နေရာတွေ၊ အခင်းအကျင်းတွေကို အာဆီယံဘက်က လုပ်ပေးနိုင်တယ်၊ လုပ်ပေးသင့်တယ်လို့ ချားလ်စ် ထင်မြင်ပါသလဲ။

ချားလ်စ်ဆန်တီယာဂို။ ။ ဝေဖြိုး ... ခင်ဗျားလည်း သိမယ်လို့ ထင်ပါတယ်။ ကွာဟချက် ကြီးမားလွန်းတယ် ဆိုတဲ့ အချက်ဟာ အသစ် မဟုတ်ပါဘူး။ ဘက်နှစ််ဖရဲ့ ရပ်တည်မှုတွေ၊ အမြင်တွေဟာ အင်မတန်ကွဲပြားပြီး သူတို့ တွေ စကားပြောဆိုဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ ဆိုတာကို ကျွန်တော်တို့ အစကတည်းကတိုင်း သိနေပါတယ်။

မြန်မာစစ်တပ်ဟာ “killing spree” ဆိုတဲ့ အနေအထားထိ ကျုးလွန် နေခဲ့တာ ဖြစ်ပါတယ်။ စစ်ဘက်ပစ်မှတ်၊ အရပ်သား ဘာမှ ခွဲခြားမှု မရှိတော့ပဲ သတ်ဖြတ်ပစ်နေတာပါ။ ဒါမျိး ဆက်တိုက် ကျုးလွန်နေတာ ဖြစ်ပါတယ်။ ဒီတော့ ရက်တနို မာဆုဒီ ပြောတာ အသစ်အဆန်း မဟုတ်ပါဘူး။

ဒီ အခြေအနေကိုပဲ ဒေသတွင်း နိုင်ငံပေါင်းစု အဖွဲ့ကြီး အနေနဲ့ ကမကထလုပ် ဖြေရှင်းပေးနိုင်ဖို့ရာ အာဆီယံက ကြိုးစားနေရတာ မဟုတ်လား။ ဒီတော့ .... ဖိအား ပေးတာမျိုး မလုပ်ပဲနဲ့တော့ အကြမ်းဖက် ဖြစ်ရပ်တွေ ရပ်သွားအောင်၊ စကားပြောဆို ဆွေးနွေးတာတွေ လုပ်လာအောင် ဘယ်လိုမှ ဖန်တီးပေနိုင်မှာ မဟုတ်ပါဘူး။

စီးပွားရေး ဖိအားနဲ့ နိုင်ငံရေး ဖိအားတွေ အပါအဝင် ဘက်ပေါင်းစုံကနေ ဖိအားတွေကို တကယ် ထိရောက်တဲ့ အနေအထားထိ ရောက်အောင် ပြုလုပ်နိုင်မှပဲ မြန်မာစစ်တပ်ဟာ သတ်ဖြတ်နေတာတွေရပ်ပြီး၊ စကားပြာဖို့ ဆိုတာကို စစဥ်းစားလာမှာ ဖြစ်ပါတယ်။

အာဆီယံက ဘာတစ်ခုမှ လုပ်မနေပါဘူး။ သူတို့ လုပ်နေတာက စစ်တပ်ကို မိတ်ဖြစ်ဆွေဖြစ် စကားစမြည်ပြောတာမျိုးနဲ့ ရင်းနှီး ကျွမ်းဝင်အောင် လုပ်လာနိုင်မယ်၊ အဲဒီကနေမှ တဆင့် ဖျောင်းဖျ နားချမယ် ဆိုတာမျိုး ဖြစ်နေပါတယ်။ ဒီ မိတ်ဖြစ်ဆွေဖြစ် စကားတွေဟာ မြန်မာစစ်တပ်နဲ့ကြား ဆက်ဆံရေးမှာ ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတာကို အာဆီယံ အနေနဲ့ မျက်မှောက်ပြု နားလည် သင့်ပြီ ထင်ပါတယ်။

အထိရောက်ဆုံးနဲ့ အရှင်းဆုံး အတိုဆုံးနည်းကတော့ NUG ကိုသာ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ တရားဝင် အစိုးအရ အဖြစ် အသိအမှတ် ပြုလိုက်ပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စကားပြော လာပါလိမ့်မယ်။

ဒါမျိုး အာဆီယံအနေနဲ့ လုပ်နိုင်စွမ်း မရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အာဆီယံတွင်းမှာကို ညီညွတ်စည်းရုံးမှု မရှိဘဲရပ်တည်မှုတွေ ကွဲပြား နေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိရောက်တဲ့ နည်းနာတွေ ဘာတစ်ခုမှ ချမှတ် ဖော်ဆောင်တာမျိုး မလုပ်နိုင်ဘဲရှေ့မတိုးနိုင် ဖြစ်နေတာပါ။

အင်ဒိုနီးရှားလို တောင့်တင်းခိုင်မာပြီး အင်အားရှိတဲ့ နိုင်ငံကြီး တစ်နိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေချိန်မှာကို အခုလို အခြေအနေမျိုးတွေကနေ ရှေ့မဆက်နိုင် ဖြစ်နေရတာဟာ အင်မတန် ဝမ်းနည်းဖို့ ကောင်းပါတယ်။

ဒါဟာ အင်ဒိုနီရှားရဲ့ ရှုံးနိမ့်မှု၊ ဘုံသဘောထား ၅ ချက်ရဲ့ ရှုံးနိမ့်မှု၊ အာဆီယံရဲ့ ရှုံးနိမ့်မှု ဆိုတာတင်မက အာဆီယံကို အားပေးပါတယ်၊ ဘုံ သဘောထား ၅ ချက်ကို ထောက်ခံပါတယ် ဆိုတဲ့ နိုင်ငံတကာရဲ့ ပျက်ကွက်မှု၊ ရှုံးနိမ့်မှုလည်းပဲ ဖြစ်ပါတယ်။

ရှိနှင့်ပြီး ပြဿနာတွေ ဖြစ်တဲ့ အာဆီယံအတွင်းမှာကို အဖွဲ့ဝင် နိုင်ငံတွေကြား ရပ်တည်မှု မတူညီပဲ အကွဲကွဲအပြားအပြားပြား ဖြစ်နေတာတွေ၊ တခါ၊ ကမ္ဘာ့ မျက်နှာစာမှာ ဆိုရင်လည်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး အပေါ်မှာပါ လာပြီး သက်ရောက်နေပါတယ်။

ဒီတော့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး ဆိုတာဟာ တိကျတဲ့ လုပ်ငန်းစဥ်ရယ်လို့ ရေရေရာရာ မပြောနိုင်ပဲ ဦးတည်ချက်မဲ့ ဖြစ်နေရတာလို့ ကျွန်တော်မြင်ပါတယ်။

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

ဘီဘီစီ။ ။ NUG အပါအဝင် ဒီမိုကရက်တစ် အင်အားစုတွေ၊ သုတေသီ တွေနဲ့ စကားပြောကြည့်တဲ့ အခါ သူတို့ဆီက “အာဆီယံ ပလပ်စ်” လမ်းကြောင်းမျိုး ဖော်ဆောင်ကြပါဆိုတဲ့ အသံမျိုးတွေ ကြားနေရပါတယ်။ မြန်မာ့အရေး ဖြေရှင်းရေးမှာ အာဆီယံတင်မက နိုင်ငံတကာ အသိုင်းအဝိုင်းပါ တပါတည်း အတူတကွ ပူးပေါင်း ပါဝင်လာဖို့ လိုအပ်တယ်လို့ ချားလ်စ် အနေနဲ့ရော ထင်မြင် ယူဆထားလား။

ချားလ်စ်ဆန်တီယာဂို။ ။ ကျွန်တော်တို့ အာဆီယံပလပ်စ်ဆိုတာထိ မသွားခင်၊ အာဆီယံ အတွင်းမှာကို မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အခြေခံကနေ ပြုပြင် ပြောင်းလဲရမယ့် အချက်တွေ ရှိနေပါတယ်။

ကျွန်တော်တို့ အရင် အခေါက်တွေ ဆွေးနွေး ခဲ့ကြ တုန်းကတည်းကလည်း ဒီ အကြောင်းတွေ ပါဝင်ပါတယ်။ အခြေခံကတော့ ဒီ မြန်မာ့အရေး အာဆီယံ အထူး သံတမန် ဆိုတဲ့ ရာထူးနေရာကို ရေရှည်သက်တမ်း သတ်မှတ်ပြီး သီးသန့် ခန့်အပ် တာဝန်ပေးဖို့ ဖြစ်ပါတယ်။

အလှည့်ကျဥက္ကဋ္ဌတွေ နှစ်စဥ်ပြောင်းလဲတဲ့အတိုင်း လိုက်ပြီး ပြောင်းလဲ နေမယ် ဆိုရင် အလုပ် ဖြစ်မှာ မဟုတ်ပါဘူး။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ အထူးသံတမန်ကို ရုံးစိုက်စေပြီး ၃ နှစ် သို့မဟုတ် ၅ နှစ် သက်တမ်းနဲ့ ခန့်အပ်သင့်ပါတယ်။ အဲဒီကနေ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေထံ သူ့ရဲ့ ဆောင်ရွက်ချက်တွေ၊ တွေ့ရှိချက်တွေကို အဆက်မပြတ် အစီရင်ခံရမှာ ဖြစ်ပါတယ်။

အခုဆိုရင်ပဲကြည့်ပါ၊ နောက်အလှည့်ကျ ဥက္ကဋ္ဌက လာအို နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံငယ် တစ်ခု ဖြစ်တဲ့ လာအို အနေနဲ့ အခုလောက် အတိုင်းအတာ ပမာဏမျိုးထိ ခက်ခဲနေတဲ့ ပြဿနာ အကျပ်အတည်းကို ဦးစီးဦးဆောင်လုပ် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။ ဒါဟာ အချက်အလက် ဖြစ်ပါတယ်။

အပွင့်လင်းဆုံး ပြောရရင် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ဘက် ယိမ်းတဲ့ နိုင်ငံထဲ လာအို ပါဝင်ပါတယ်။ သူတို့ကိုယ်တိုင်လည်း လုံလောက်တဲ့ စွမ်းရည်နဲ့ အတွေ့အကြုံ မရှိဘူးဆိုတာ ပြောနေပါတယ်။ ဒီတော့ လာမယ့် ၂၀၂၄ မှာလည်း အာဆီယံ ဖြေရှင်းရေး လမ်းကြောင်းဆိုတာ ဘာ အောင်မြင်မှုမှ မရပဲ အခုလိုပဲ ဆက်ဖြစ် နေဦးမှာပါ။

အဲဒီဒဏ်ကို ခါးစည်းခံရမှာက မြန်မာပြည်သူတွေပဲ ဖြစ်ပါတယ်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ပိုလို့တောင် ဆိုးလာမယ်၊ လူ့ အခွင့်အရေး ပြဿနာတွေ၊ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြီးကြီးမားမားနဲ့ ဆင့်ကာ ဆင့်ကာ ပေါ်ပေါက် နေဦးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစဥ်တစိုက် အကြံပြု နေတာထဲ ခင်ဗျား ပြောတဲ့ အာဆီယံ ပလပ်စ် ဆိုတဲ့ သဘောတရားလည်း ပါဝင်ပါတယ်။ မြန်မာ့အရေး အဖြေရှာရာမှာ ကုလသမဂ္ဂ အနေနဲ့လည်း ပူးပေါင်းပါဝင် ရမှာ ဖြစ်သလို၊ အမေရိကန်၊ တရုတ်နဲ့ ဥရောပ သမဂ္ဂ တို့လည်းပဲ ပူးပေါင်းပါဝင်ဖို့ လာပါတယ်။ ဒီ အချက်တွေကို ကျွန်တော်တို့ အကြံပြု ထားပြီး ဖြစ်ပါတယ်။