အသရေဖျက်မှု ကျေအေးဖို့ Fox သတင်းဌာနက မဲပေးစနစ်ကုမ္ပဏီကို ဒေါ်လာသန်းရာချီ ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ ဖောက်စ်သတင်းဌာန(Fox News) ဟာ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲသတင်းတင်ဆက်မှုနဲ့ ပတ်သက်ပြီး မဲပေးစနစ်ကုမ္ပဏီ ဒမီနီယံ(Dominion)က စွဲဆိုတဲ့ အသရေဖျက်မှုကို ငွေပေး ကျေအေးဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။
တရားစွဲဆိုမှု မတိုင်ခင် နောက်ဆုံးမိနစ်ပိုင်းမှာမှ ပြုလုပ်တဲ့ အသရေဖျက်မှု ကြေအေးနိုင်ရေးကြိုးပမ်းမှုအဖြစ် ဖောက်စ်သတင်းဌာနဟာ မဲပေးစနစ်ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၇၈၇.၅ သန်းပေးဖို့ သဘောတူလိုက်တာပါ။ ဒီပမာဏဟာ ကုမ္ပဏီဘက်က အရေဖျက်ခံရတယ်ဆိုပြီး ရလိုမှုနဲ့တောင်းတဲ့ ကန်ဒေါ်လာ ၁.၆ ဘီလျံရဲ့ တစ်ဝက်ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် အနိုင်မရအောင် မဲမသာမှုရှိခဲ့တယ်ဆိုတဲ့ ဖောက်စ် သတင်းဌာနရဲ့ မှားယွင်းတဲ့ပြောဆိုချက်တွေကြောင့် လုပ်ငန်းထိခိုက်နစ်နာခဲ့တယ်ဆိုပြီး မဲပေးစက်ကုမ္ပဏီဘက်က ပြောဆိုထားတာပါ။
အခုတော့ ဒီလိုကျေအေးနိုင်ဖို့ သဘောတူညီချက်ရသွားပြီဖြစ်လို့ ဖောက်စ် သူဋ္ဌေးကြီး ရုပါ့ မာဒေါ့လည်း တရားရုံးမှာ အစစ်အဆေး မခံရဖို့ ဖြစ်သွားပါတယ်။
ဒီသဘောတူညီချက်ဟာ အမှုနဲ့ပတ်သက်တဲ့တရားသူကြီးရဲ့ အတည်ပြုချက်လည်း မလိုအပ်ဘူးလို့ သိရပါတယ်။
ဖောက်စ် ဘက်ကတော့ လက်ရှိအမေရိကန်နိုင်ငံသမိုင်းမှာ ဖြစ်လာနိုင်တယ်လို့မျှော်မှန်းထားတဲ့ အသရေဖျက်မှုဆိုင်ရာအမှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီအမှုကို အခုလိုပြေငြိမ်းနိုင်တာဟာ ''အမြင့်ဆုံးသောစာနယ်ဇင်းဆိုင်ရာစံနှုန်းတွေကိုလိုက်နာတဲ့ဌာနရဲ့ သဋ္ဌိဌာန်''ကို ထင်ဟပ်တယ်လို့ ပြောပါတယ်။
ဖောက်စ်သတင်းဌာနက သူ့ ထုတ်ပြန်ချက်ထဲမှာ ''သတင်းဌာနအနေနဲ့ မဲပေးစနစ် ဒမီနီယံအကြောင်း ပြောဆိုချက်တွေဟာ မှားယွင်းတယ်ဆိုတဲ့ တရားရုံးဆုံးဖြတ်တွေ့ရှိချက်တွေကို အသိအမှတ်ပြုတယ်'' လို့ ပြောရုံကလွဲပြီး ဒီထက်အသေးစိတ်ပြောဆိုတာမျိုးတော့ မရှိပါဘူး။
ဒမီနီယံ အမှုဆောင်ချုပ် ဂျွန် ပေါက်လို့စ်ကတော့ အခုကျေအေးမှုဟာ ဖောက်စ်သတင်းဌာနအနေနဲ့ '' ကျွန်တော်တို့ကုမ္ပဏီကို ကြီးကြီးမားမားအကျိုးယုတ်စေတဲ့ မုသားတွေပြောဆိုမှုကို ဝန်ခံတာလည်း'' ပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒမီနီယံဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေထဲက တစ်ဦးဖြစ်သူ ဂျက်စတင် နယ်လ်ဆင်ကတော့ '' အမှန်တရားက အရေးပါပါတယ်'' လို့ပြောပါတယ်။
''မုသားစကားတွေမှာ အကျိုးဆက်တွေရှိပါတယ်''လို့ သူက ထပ်လောင်းပြောဆိုသလို ''ပေါင်းကြံကြတယ်ဆိုတဲ့ အယူအဆတွေဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒမီနီယံအပြင် အမေရိကန်တဝှမ်းက ရွေးကောက်ပွဲအရာရှိတွေကို မုသားလှိုင်းလုံးကြီးတွေအောက် ပက်လက်မျောစေခဲ့သလို နိုင်ငံအတွက်ရော၊ ဒမီနီယံအတွက်ပါ အတော်လေး ရိုက်ခတ်မှုကြီးမားခဲ့တယ်''လို့လည်း ဆိုပါတယ်။
''ဒီမိုကရေစီ အဓွန့်ရှည်ဖို့'' အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ''အချက်အလက်တွေကို အခြေပြုပြောကြားတာတွေကိုပဲ မျှဝေကြရမယ်'' လို့ မစ္စတာ နယ်လ်ဆင်က ထပ်လောင်းပြောပါတယ်။
အသရေဖျက်မှုနဲ့ပတ်သက်ပြီး အမေရိကန်ဒေသစံတော်ချိန် ဧပြီလ ၁၈ ရက် မွန်းလွဲပိုင်းမှာ နှစ်ဖက်ကနဦးလျှောက်လဲချက် ပေးဖို့ရှိခဲ့တာပါ။
အမှုအတွက် ကြားနာဖို့ ဂျူရီလူကြီးမင်းတွေကို ရွေးချယ်ပြီး နာရီပိုင်းအကြာအထိ အဲဒီအမှုကို ကြားနာဖို့ နှောင့်နှေးမှုတွေရှိခဲ့တာကြောင့် နောက်ကွယ်မှာ ဆွေးနွေးတာတွေရှိနေပြီလို့ ခန့်မှန်းချက်တွေ ထွက်လာအပြီးမှာ အခုလိုကျေအေးမှု ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
တနင်္လာနေ့တုန်းကတော့ ဒလယ်ဝဲပြည်နယ်တရားရုံး တရားသူကြီး အဲရစ် ဒေးဗီးစ်က အမှုစတင်ကြားနာမယ့်တရားခွင်ကို ၂၄ နာရီနောက်ဆုတ်မယ်လို့ ကြေညာခဲ့ပါတယ်။
အကြောင်းပြချက်မပေးဘဲ အခုလိုနောက်ဆုတ်တဲ့အခြေအနေကြောင့် နှစ်ဖက် သဘောတူညီချက်ရနိုင်ရေး ဆွေးနွေးမှုဖို့ အချိန်ပေးတယ်ဆိုတဲ့သတင်းတွေကို အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အင်္ဂါနေ့ မနက်ခင်းပိုင်းမှာတော့ တရားလိုနဲ့ စွပ်စွဲခံရသူ နှစ်ဖက်စလုံးဟာ ကြားနာချိန်ခပ်ကြာကြာဆွေးနွေးခဲ့ကြပုံ ပေါ်ပါတယ်။
ဖောက်စ် သတင်းဌာန ရှေ့နေတွေကတော့ ကော်လိုရာဒိုပြည်နယ်အခြေစိုက် မဲပေးစနစ်ကုမ္ပဏီ ဒမီနီယံကတောင်းဆိုတဲ့ ဒေါ်လာ ၁.၆ ဘီလျံ နစ်နာကြေးဟာ အဆမတန်များပြားလွန်းတယ်ဆိုပြီး ထပ်ချည်းတလဲလဲ ကန့်ကွက်ခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
ဖောက်စ်ဘက်ကတော့ အမှုအတွက် တကယ့်ကုန်ကျစရိတ်ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပံ့ပိုးမှုဖြစ်စေသင့်တယ်လို့ ပြောသလို အမေရိကန်ဖွဲ့စည်းပုံ ပထမပြင်ဆင်ချက်ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆို၊ စုဝေး၊ ပုံနှိပ်ထုတ်ဝေခွင့်ဆိုတဲ့အချက်ကိုလည်း ထိန်းသိမ်းမှုဖြစ်သင့်တယ်လို့ ပြောဆိုပါတယ်။
ဒမီနီယံ ရှေ့နေအဖွဲ့ကဘက်ကတော့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ မဲတွေ ခိုးယူခံလိုက်ရတယ်ဆိုပြီး ဖောက်စ်သတင်းဌာနက လေလှိုင်းကနေ အမှားတွေလွှင့်ခဲ့တာဟာ သူတို့ အမှုသည် အီလက်ထရောနစ်မဲပေးကုမ္ပဏီအတွက် ဂုဏ်သိက္ခာ ညစ်နွမ်းမှုဖြစ်စေခဲ့တယ်လို့ ချေပပြောဆိုပါတယ်။
ဖောက်စ်သတင်းဌာနရဲ့ မှားယွင်းပြောဆိုချက်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲညမှာ ရွေးကောက်ပွဲရလာဒ်အဆုံးအဖြတ်ပေးတဲ့ အရီဇိုးနားပြည်နယ်မှာ မစ္စတာ ထရမ့်ရဲ့ပြိုင်ဘက် ဂျိုးဘိုင်ဒန်က မဲနိုင်တယ်လို့ ကြေညာမယ့် ဖောက်စ်သတင်းဌာနနဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်နေခဲ့တဲ့ပရိသတ်တွေကို စိတ်ပြေဖို့ အားထုတ်မှုတစ်ခုအနေနဲ့ ပြောကြားချက်တစ်စိတ်တစ်ဒေသအဖြစ် အားထုတ်ခဲ့မှုလို့လည်း ဒမီနီယံရဲ့ တရားစွဲဆိုမှုမှာ ပြောထားပါတယ်။
အဲဒီဖြစ်ရပ်အပြီး ၂ လအကြာမှာပဲ အရီဇိုးနားပြည်နယ်မဲရလာဒ်ကို ကြေညာဖို့ ဆုံးဖြတ်ပေးခဲ့တဲ့ ဖောက်သတင်းဌာနက တာဝန်ရှိသူ အမှုဆောင် ၂ ဦးဟာ အလုပ်ထုတ်ခံခဲ့ရပါတယ်။
တရားရုံးကြားနာမှုမတိုင်ခင် ထွက်ပေါ်လာတဲ့ ဥပဒေကြောင်းအရ တွေ့ရှိချက်တွေမှာဆိုရင် ၂၀၂၀ ရွေးကောက်ပွဲရလာဒ် ခိုးယူခံရတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ဖောက်စ်သတင်းဌာနအမှုဆောင်နဲ့ သတင်းထောက်အချို့က တိတ်တဆိတ် မေးခွန်း ထုတ်တာ၊ လက်မခံခဲ့ကြတာရှိပေမဲ့ အဲဒီထင်မြင်ယူဆချက်တွေကို သတင်းဌာန ဘက်က ဆက်လက်တင်ဆက်ခဲ့တယ်လို့ ပြသခဲ့ပါတယ်။
အမှုနဲ့သက်ဆိုင်တဲ့ တရားရုံး စာရွက်စာတမ်းတွေမှာဆိုရင် ဒမီနီယံနဲ့ပတ်သက်ပြီး ပြောဆိုချက်ရည်ညွန်းပြီး ဖောက်စ်သတင်းဌာနပိုင်သူဋ္ဌေးကြီး မစ္စတာမာဒေါ့က ''အတော်လေး ယုတ္တိမရှိဘူး'' လို့ သုံးနှုန်းခဲ့ပေမဲ့ အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြသပါတယ်။
တရားသူကြီး ဒေးဗီးစ်ကတော့ ဒမီနီယံနဲ့ ပတ်သက်တဲ့ပြောဆိုချက်တွေဟာ မှားယွင်း တယ်ဆိုတာ သက်သေပြထားနိုင်ပြီး မုသားစကားတွေဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြသနေတယ်လို့ တရားရုံးကြားနာမှုမတိုင်ခင်တုန်းမှာ ပြောခဲ့ပါတယ်။
ဖောက်စ်သတင်းဌာနအနေနဲ့ အသရေဖျက်မှုကျေအေးဖို့ ငွေပမာဏအများကြီး ပေးလိုက်ရပေမဲ့ အဲဒါကပဲ သတင်းဌာနအတွက် ရလာဒ်ကောင်းထွက်စေလိမ့်မယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
Syracuse တက္ကသိုလ်က ပါမောက္ခလည်းဖြစ်၊ အမေရိကန်ဖွဲ့စည်းပုံဥပဒေ ပထမပြင်ဆင်ချက်ရေးရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ရွိုင် ဂတ်တာမန်းကတော့ '' သီတင်းခြောက်ပတ်ကြာ တရားရုံးကြားနာမှုသာလုပ်ရမယ်ဆိုရင် ဒါဟာ အမှုမှာပါတဲ့သူတွေအားလုံးအတွက် အင်မတန်ခက်ခဲအကျပ်ရိုက်စေမှာဖြစ်သလို ဖောက်စ်သတင်းဌာနအတွက်လည်း အရှက်ရစရာဖြစ်စေလိမ့်မယ်'' လို့ ပြောထားပါတယ်။
ဖောက်စ်သတင်းဌာနဟာ နောက်ထပ်ရွေးကောက်ပွဲနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ စမာ့မက်တစ်က နစ်နာကြေး အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံ ရလိုတယ်လို့ တောင်းဆိုထားတဲ့ အသရေဖျက်မှု စွပ်စွဲချက်ကိုလည်း ရင်ဆိုင်နေရပါတယ်။
ဒမီနီယံကတော့ OAN နဲ့ Newsmax ဆိုတဲ့ နောက်ထပ် သတင်းဌာန နှစ်ခုနဲ့လည်း တရားတပေါင် စွဲဆိုထားတာရှိပါတယ်။
ဒါ့အပြင် ဒမီနီယံကုမ္ပဏီဟာ ထရမ့်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ နယူးယောက်မြို့တော်ဝန်ဟောင်း ရူဒီ ဂူလီယန်နီ၊ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲရလာဒ်ပြောင်းလဲဖို့ကြိုးစားသူ ရှေ့နေ ဆစ်ဒနီပေါင်းဝဲလ်နဲ့ အမေရိကန်စီးပွားရေးသမား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မိုက်လင်ဒဲတို့ကိုလည်း တရားစွဲဆိုထားပါတယ်။








