ဖေဖော်ဝါရီ ၂ရက် ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။
ဟုမ္မလင်း၊ ရွှေပြည်အေးမြို့ကို PDF တွေ သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်
 စစ်တပ်ဘက်ကအဓိအခိုက်များတာကြောင့် ရဟတ်ယာဥ်နဲ့ ၃ ကြိမ်အထိ တိုက်ပွဲအတွင်း လာရောက်ပစ်ခတ်တာတွေကို လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Homalin People's Defense Force - HPDF 124

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ‌ရွှေပြည်‌အေးမြို့ကို ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ၊HPDF-124 ၊ HPDF ၊ HPDF- မိုးကြိုး စသည့်မဟာမိတ်တပ်ပေါင်းစုများအဖွဲ့မှ စီးနင်းသိမ်းပိုက်ထားတယ်လို့ Homalin People's Defense Force - HPDF 124 ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း သိမ်းပိုက်ထားတာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေလက်ထက်က၊ ဗိုလ်ချုပ်ဟောင်း ဦးသာအေးက ရွှေပြည်‌အေးမြို့ကို ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

စစ်တပ်ဘက်ကအဓိအခိုက်များတာကြောင့် ရဟတ်ယာဥ်နဲ့ ၃ ကြိမ်အထိ တိုက်ပွဲအတွင်း လာရောက်ပစ်ခတ်တာတွေကို လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ရွှေပြည်‌အေးမြို့ အပါအဝင် ဟုမ္မလင်းဒေသဘက်မှာ စစ်ရေးပြင်းထန်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ လုံခြုံရေးကိုသတိပြုဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်းစစ်တပ်နဲ့ ပူးပေါင်းတဲ့ ရှမ်းနီအမျိုးသားတပ် SNA အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိထားစောင့်ကြည့်ကြဖို့လည်း တိုက်တွန်းထုတ်ပြန်ထားပါတယ်။

ဟုမ္မလင်းဘက်က ဖေဖော်ဝါရီလ ၂ရက်နေ့ အခြေအနေတွေကို ဘီဘီစီက ထပ်မံသိရှိရဖို့ ဆက်သွယ်နေပါတယ်။ စစ်ကောင်စီကတော့ ဟုမ္မလင်းဘက်က စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ပြောဆိုလာတာမျိုးမရှိသေးပါဘူး။

ချင်းပြည်နယ်၊ ဟားခါးမှာ ၂နှစ်အတွင်း ဒေသခံ ၁၄ဦးသေဆုံးပြီး ၃၇၀ ကျော်ဖမ်းခံထားရ
အရပ်သား နေအိမ်အဆောက်အဦ အလုံး ၃၀ မီးလောင်ပျက်ဆီးခဲ့တယ်

ဓာတ်ပုံ ရင်းမြစ်, Chinland Defense Force-Hakha

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဏာသိမ်း ၂နှစ်တာကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲမှာ အရပ်သား ၁၄ဦးသေဆုံးကာ၊ ဒဏ်ရာရရှိသူ ၆ဦးအထိ ရှိခဲ့ပါတယ်။ အဲဒီအပြင် စစ်တပ်က ပြည်သူ ၃၇၄ ဦးကို ဖမ်းဆီးချုပ်နှောင် ထားတယ်လို့ CDF-Hakha က ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်း ၂နှစ်ပြည့်အချိန်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အရပ်သား နေအိမ်အဆောက်အဦ အလုံး ၃၀ မီးလောင်ပျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ တိုက်ခိုက်မှုတွေအတွင်း အခုလိုသေဆုံးပျက်ဆီးမှုတွေရှိခဲ့ တာလို့ CDF-Hakha တာဝန်ရှိသူတွေက ပြောပါတယ်။

CDF-Hakha နဲ့အတူ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့အကြားမှာလည်း တိုက်ပွဲပေါင်း (၁၆၆)ကြိမ် ရှိခဲ့ပြီး အဲဒီထဲမှဦ မြို့တွင်းတိုက်ပွဲ ၆၅ ကြိမ်အထိရှိခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၂၀၀ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ CDF-Hakha က သူတို့ရရှိထားတဲ့ စာရင်းတွေအရ ပြောပြပါတယ်။

စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ သီးခြားထုတ်ပြန်တာမရှိသေး သလို၊ ဘီဘီစီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

CDF-Hakha ဘက်ကလည်း ရဲဘော် ၁၉ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၄၁ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိကာလအထိ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့ စစ်ကောင်စီ ထောက်တိုင်များ၊ ရွေးကောက်ပွဲဖြစ်မြောက်ရန် ကြံစည်ပူပေါင်းသူ စတဲ့ ဘယ် အဖွဲ့အစည်းမဆို ပြင်းထန်စွာ အရေးယူမယ်လို့ လည်း CDF-Hakha ကထုတ်ပြန်ပါတယ်။

လက်ရှိ ဟားခါးမြို့နယ်ထဲမှာ CDMer ဝန်ထမ်းပေါင်း ၄,၀၀၀ ကျော်တို့ကလည်း စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင် နေကြတာမျိုးရှိတယ်လို့ CDF-Hakha စာရင်းတွေအရသိရပါတယ်။

ထန်တလန်မှာ စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီး
အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ကုန်ပိုင်းမှာ တစ်မြို့လုံးနီးပါး မီးလောင်ခံရလို့ ဒေသခံတွေ မရှိသလောက်ဖြစ်နေတဲ့ ထန်တလန်မြို့ထဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဥ်နီးပါး တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF နဲ့ CNA အဖွဲ့တွေက ဒီနေ့ ‌ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

‘’သူတို့က ထန်တလန်မြို့ထဲက စီဘီဘဏ်မှာ လုံခြုံရေးယူထားသူတွေလို့ သိရတယ်။ အဲဒီနေရာကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပြောက်ကျားဝင်တိုက်ရင်း ဖမ်းဆီးမိတာ။ သေနတ်တွေနဲ့အတူ ဖမ်းမိတာ’’ လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီဖမ်းဆီးမှုအပြီးမှာပဲ ထန်တလန်မြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်လို့ ယူဆရတဲ့ နေရာ အချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဘီဘီစီက ကနဦးသိရှိရပါတယ်။

အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ကုန်ပိုင်းမှာ တစ်မြို့လုံးနီးပါး မီးလောင်ခံရလို့ ဒေသခံတွေ မရှိသလောက်ဖြစ်နေတဲ့ ထန်တလန်မြို့ထဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဥ်နီးပါး တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ပြည်နယ်မြို့တော် ဟားခါးမှာလည်း စစ်အာဏာသိမ်းမှု ၂ နှစ်ပြည်ဆိုပြီး ဟားခါးမြို့၊ ရုန်းတောင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ အမှတ် ၂၆၆ တပ်စခန်းကို ဟားခါးနဲ့ထန်တလန်က CDF တပ်ဖွဲ့ဝင်တွေနဲ့ CNA တပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးသီးချပြီး တိုက်ခိုက်ခဲ့တယ်လို့ CDF ဟားခါးဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့ကို စစ်ကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့အဖြစ် ပြောင်းရွှေ့
စစ်ကောင်စီရဲ့ အရင်အစိုးရအဖွဲ့ပုံစံကိုလည်း ပြောင်းလဲတာမျိုးရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MRTV

ကောင်စီဝင်အသစ်နဲ့ ဝန်ကြီးအသစ်အချို့အပြောင်းအလဲလုပ်

ပြီးခဲ့တဲ့ ၂နှစ်အတွင်း စစ်ကောင်စီရဲ့ ကောင်စီအဖွဲ့ဝင်တွေဖြစ်ခဲ့တဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဒေါ်အေးနုစိန်တို့ အပါအဝင် စစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်ကြတဲ့ အရပ်ဘက်နိုင်ငံရေးပါတီအချို့က ခေါင်းဆောင်တွေကို စစ်ကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ် ပြောင်းရွှေ့ထားရှိလိုက်ပါတယ်။

အဲဒီဗဟိုအကြံပေးအဖွဲ့ကို စစ်ကောင်စီရဲ့ တိုင်းရင်းသားရေးရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဦးစောထွန်းအောင်မြင့်က ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းအာ၊ ဦးစိုင်းလုံဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒေါက်တာမောင်မောင်နိုင်တို့နဲ့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက်နေ့က စတင်ဖွဲ့စည်းလိုက်တာပါ။

အခု ဗဟိုအကြံပေးအဖွဲ့ထဲမှာပါဝင်သူတွေက ပြီးခဲ့တဲ့ ၂နှစ်အတွင်း စစ်ကောင်စီရဲ့ ကောင်စီအဖွဲ့ဝင် တွေအများစုဖြစ်ကြသလို ရခိုင်၊ ကယား၊ မွန်စတဲ့ ဒေသတွေက နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်ပိုင်း တွေက ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကောင်စီထဲကနေ ဗဟိုအကြံပေးအဖွဲ့အဖြစ် ဖန်တီးရွှေ့ပြောင်း‌ပေးတာကလည်း နိုင်ငံရေးပါတီ ဆိုင်ရာလုပ်ငန်းတွေနဲ့ စည်းရုံးရေးလုပ်ငန်းတွေကို ပြင်ဆင်လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်တယ်လို့ အခြားနိုင်ငံ ရေးပါတီအချို့နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ယူဆပြောပြထားပါတယ်။

အဲဒါအပြင် မနေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသေးတယ်။ ပြင်ဆင်ဖွဲ့စည်းတဲ့အထဲ ပအိုဝ်၊ ကချင်၊ ချင်း၊ ကယားစတဲ့ နိုင်ငံရေးပါတီတွေ ထဲက ပါတီခေါင်းဆောင်အချို့ကိုလည်း ထည့်သွင်းဖွဲ့စည်းခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီရဲ့ အရင်အစိုးရအဖွဲ့ပုံစံကိုလည်း ပြောင်းလဲတာမျိုးရှိပါတယ်။ စစ်ခေါင်းဆောင်က ဝန်ကြီးချုပ်အဖြစ်ဦးဆောင်ပြီး ဒုတိယဝန်ကြီးချုပ် ၅ ဦးအထိထားရှိလာပါတယ်။ ဒုတိယစစ်ခေါင်းဆောင်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး စတဲ့ဝန်ကြီးတွေကိုပါ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ပေးထားပါတယ်။

အရင်နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နေရာမှာ ဦးသန်းဆွေကိုအစားထိုးခန့်အပ်သလို၊ ဟိုတယ်ခရီး၊ ဆောက်လုပ်ရေး၊ တိုင်းရင်းသားရေးရာ စတဲ့ဝန်ကြီးနေရာတွေကိုလည်း ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။