တရုတ်သမ္မတ လာမှာကို ပူတင်ကြိုဆို - မတ်လ ၁၇ ရက် ညနေခင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လာမယ့်သီတင်းပတ်မှာ တရုတ်သမ္မတ ရုရှားလာမယ့် အစီအစဉ်ကို သမ္မတ ပူတင်က ကြိုဆိုလိုက်ပါတယ်။
ဒါပေမဲ့ ခရီးစဉ်အသေးစိတ်ကို ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အရေးပါတဲ့ နှစ်နိုင်ငံသဘောတူ စာချုပ်တော်တော်များများ ရေးထိုးနိုင်ဖို့ ဆွေးနွေးလိမ့်မယ်လို့ တရုတ်ရော ရုရှားဘက်ကပါ ထုတ်ပြန်ပါတယ်။
တနင်္လာနေ့မှာ သူတို့နှစ်ယောက် အလွတ်သဘော နေ့လယ်စာ စားကြမှာ ဖြစ်ပြီး အင်္ဂါနေ့မှာ ဆွေးနွေးမှုတွေ စတင်မှာ ဖြစ်ပါတယ်။
ယူကရိန်းစစ်အဆုံးသတ်ဖို့ ညှိနှိုင်းတဲ့ အချက် ၁၂ ချက်ပါ အစီအစဉ်တရပ်ကို တရုတ်ဘက်က ချပြခဲ့ပြီးနောက်မှာ အခုလို တွေ့ဆုံဆွေးနွေးမှု ထွက်ပေါ်လာတာပါ။
ဒါပေမယ့် ယူကရိန်းစစ်ပွဲ စကတည်းက ရုရှားနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိခဲ့တဲ့ တရုတ်ရဲ့ ကြားနေမှု အပေါ်မှာ လူအများက မေးခွန်းထုတ်လျက် ရှိပါတယ်။
ဆိုဗီယက်ခေတ်တုန်းက ဂျက်တိုက်လေယာဉ် ၁၃ စင်းနဲ့ ဆလိုဗက်ကီးယားက ယူကရိန်းကို ပို့ဆောင်ကူညီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆလိုဗက်ကီးယားဟာ ယူကရိန်းကို ဆိုဗီယက်ခေတ်တုန်းက MiG fighter ဂျက်တိုက်လေယာဉ်တွေ ပို့ဆောင် ထောက်ပံ့ပေးသွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။
ပိုလန်က အလားတူ ကူညီမှုမျိုး ကြေညာခဲ့ပြီး တရက်အကြာမှာ အခုလို ပြောကြားချက် ထွက်ပေါ်လာတာပါ။
သူတို့အနေနဲ့ ဂျက်တိုက်လေယာဉ် ၁၃ စင်း ပို့ဆောင်ကူညီသွားမယ်လို့ ဆလိုဗက်ခ် ဝန်ကြီးချုပ် Eduard Heger က ပြောပါတယ်။
အဲဒီအထဲက ဘယ်နှစ်စင်းလောက်က လက်ရှိ သုံးလို့ရတဲ့ အခြေအနေမှာ ရှိနေတာလဲ ဆိုတာကိုတော့ ရှင်းရှင်း မသိရသေးပါဘူး။
မနှစ်တုန်းကတော့ ဆလိုဗက်ကီးယားက သက်တမ်းရင့် မစ်ဂ် စစ်ရေယာဉ်တစင်း အနားပေးခဲ့ရပြီး အစိုးရကတော့ သူတို့အနေနဲ့ အသုံးမလို့တော့လို့ စွန့်လိုက်တာလို့ ပြောပါတယ်။
လျှပ်စစ်ကား ၊ ဘက်ထရီနဲ့ ဆီမီကွန်ဒက်တာ ထုတ်လုပ်မှု အပိုင်းတွေမှာ သူတို့နဲ့ပူးပေါင်းဖို့ တောင်ကိုရီးယားသမ္မတ ပန်ကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်ကုမ္ပဏီတွေအနေနဲ့ တောင်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သမ္မတ ယွန်းဆွတ်ယိုက ပန်ကြားလိုက်ပါတယ်။
တိုကျိုကို ရောက်ရှိစဉ် မစ္စတာ ယိုက အခုလို ပြောလိုက်တာ ဖြစ်ပြီး ဒေသတွင်း တင်းမာမှု မြင့်တက်နေချိန်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာဖို့ ရည်ရွယ်ပြောလိုက်တာပါ။
သူက ဆီမီကွန်ဒက်တာ ၊ ဘက်ထရီနဲ့ လျှပ်စ်ကား ထုတ်လုပ်မှုတွေကို အလေးထား ပြောသွားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက အားသာတဲ့ အဆင့်မြင့် နည်းပညာကဏ္ဍမှာ အာရုံစိုက်အလေးထားဖို့ အမေရိကန်က သူ့ထောက်ခံတဲ့ နိုင်ငံတွေကို အားပေး တိုက်တွန်းလျက် ရှိပါတယ်။
၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ ဂျပန် ထိပ်သီးဆွေးနွေးမှုကို အမေရိကန် အစိုးရက ကြိုဆိုလိုက်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ မိတ်ဖက်တွေကြား ဆက်ဆံရေး တိုးတက်လာမှုကို ချီးမွမ်းပြောဆိုခဲ့ပါတယ်။
အစိုးရတပ်တွေနဲ့ အစ္စလာမစ်ဂျီဟတ်တွေရဲ့ တိုက်ခိုက်မှုကြား ပိတ်မိကလေး ၁၀ သန်း အန္တရာယ်ကျနိုင်တဲ့အနေအထားမှာ ရှိနေတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖရိက ဆေဟယ် ဒေသမှာ ကလေး ၁၀ သန်းဟာ အကြမ်းဖက်မှု ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လူမှုကယ်ဆယ်ရေးအကူအညီတွေ အပြင်းအထန် လိုအပ်နေပြီး အကြီးအကျယ် အန္တရာယ်ကျရောက်မယ့် အနေအထားမှာ ရှိတယ်လို့ ကုလကလေးများ ရန်ပုံငွေအဖွဲ့- ယူနီဆက်ဖ်က ပြောပါတယ်။
ဒါဟာ မနှစ်ကထက် နှစ်ဆ ဆိုးရွားတဲ့ အခြေအနေကို ရောက်လာတာလို့ ယူနီဆက်ဖ် ဒါရိုက်တာက ဆိုပါတယ်။
တိုက်ခိုက်မှုတွေ၊ အစ္စလာမ်ဝါဒီသူပုန်တွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေ အလယ်မှာ ကလေးတွေ ပိတ်မိတဲ့ အခြေအနေ တိုးလာနေတယ်လို့လည်း သူက ပြောပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး အနေနဲ့ ကလေးတွေကိုသာမက ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ အိမ်တွေလည်း တိုက်ခိုက်မှု ရပ်ကြဖို့ သူက တိုက်တွန်းထားပါတယ်။
လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ဒေသတွင်းအစိုးရတွေဟာ ဂျီဟတ်တွေ လက်ထဲ သူတို့ထိန်းချုပ်ရာနယ်မြေတွေ ပေးလိုက်ရမှု ပိုများလာပါတယ်။
ဆေဟယ် ဒေသ ဆိုတာ မြောက်ဖက်မှာ ဆာဟာရ ၊ တောင်ဘက်မှာ ဆာဗန်းနာ့စ် ကြားက နိုင်ဂျီးရီးယား ၊ ဆူဒန် ၊ ချက်ဒ် ၊ နိုက်ဂျာ ၊ မာလီ ၊ မော်ရီတေးနီးယား တို့တည်ရှိရာ ကုန်းမြေ ဖြစ်ပါတယ်။
စတော့စျေးကွက် အခြေအနေ ပြန်ဦးမော့လာတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ပြည်ထောင်စုမှာ ပြိုလဲလုနီးပါး ဖြစ်နေတဲ့ First Republic Bank ကို ဒေါ်လာသန်းထောင်ပေါင်းများစွာ ထောက်ပံ့ ကျားကန်ပေးမယ့် အစီအစဉ် ကြေညာခဲ့ပြီးနောက် စတော့စျေးကွက် ဦးမော့လာပါတယ်။
ဥရောပစျေးကွက်မှာ အတက်စျေးနဲ့ စျေးဖွင့်ခဲ့ပြီး ဂျပန်က နစ်ကေး အညွှန်းကိန်းကလည်း ၁ ရာခိုင်နှုန်း မြင့်တက် စျေးပိတ် သွားခဲ့တာ ဖြစ်ပါတယ်။
JPMorgan Chase၊ Citigroup နဲ့ Morgan Stanley အပါအဝင် အမေရိကန် ဘဏ်ကြီး ၁၁ ခုက First Republic Bank ကို ဒေါ်လာ ဘီလီယံ ၃ဝ နဲ့ ကျားကန်ပေးခဲ့ကြတာပါ။
အမေရိကန်က ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းထိန်းချုပ်ရေး အဖွဲ့တွေက ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပြီး ဒါဟာ ဘဏ်စနစ်နဲ့ ကြံ့ခိုင်နိုင်စွမ်းကို လက်တွေ့ပြသလိုက်တာဘဲလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်ဘဏ်ကြီး ၂ ခု ယိုင်လဲခဲ့ပြီးနောက် First Republic ဘဏ်ရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။








