ဇန်နဝါရီ ၂၅ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - လက်နက်ချဘက်ပြောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ကို ကယ်ထုတ်ချိန် တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို လက်နက်ချဘက်ပြောင်းခိုလှုံမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ကိုကယ်ထုတ်ချိန် စစ်တပ်ဘက်က ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ စစ်တပ်ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ နေပြည်တော် ပကဖက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့ကဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ NUG ပကဖ ဘက်က တပ်ဖွဲ့ဝင် ၁ ဦးနဲ့ အလင်းဝင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပကဖဘက်ကပြောပါတယ်။
သေဆုံးခဲ့တဲ့သူတွေကို အခမ်းအနားနဲ့ အလေးပြု မီးသဂြိုဟ်ခဲ့တယ်လို့ နေပြည်တော် ပကဖက သတင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
လက်နက်ချခဲ့တဲ့ အဲဒီ ၇ ဦးဟာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရတဲ့ တပ်စိပ်မှူးနဲ့ ဒုတပ်စိပ်မှူးတွေဖြစ်တယ်လို့ ပကဖဘက်က ပြောပါတယ်။
ရှမ်းမြောက်၊ကျောက်မဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ကို မြန်မာစစ်တပ်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကအတည်ပြုသလို TNLA ကလည်း သတင်းထုတ်ပြန်ပါတယ်။
"ဆေးရုံအနီးတဝိုက်ကို ကြဲချသွားတာ" လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။
လူထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ ဘီဘီစီက ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီသတင်းပတ်ထဲမှာပဲ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲခဲ့လို့ လူ ၁၀ ဦးထက်မနည်း သေဆုံးထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၀ ဦးသေဆုံးပြီး ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကျောက်မဲမြို့မှာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။
စစ်ကောင်စီကတော့ ကျောက်မဲမြို့လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ထိုင်းမှာ လေထုညစ်ညမ်းမှုအဆင့်ဆိုးရွားနေလို့ စာသင်ကျောင်းပေါင်း ၃၅၀ ကျော်ပိတ်ထားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ ဆိုးရွားပြင်းထန်တဲ့ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းပေါင်း ၃၅၀ ကျော်ပိတ်ထားရတယ်လို့ ဘန်ကောက်မြို့အာဏာပိုင်တွေက ထုတ်ပြောထားပါတယ်။
ထိုင်းလေထုအခြေအနေ စောင့်ကြည့်တဲ့ IQAir အရ ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး အဆင့် ၇ မှာ ရှိနေတယ်လို့ ဆိုပါတယ်။
ရာသီအလိုက် လေထုညစ်ညမ်းမှုဟာ ထိုင်းနိုင်ငံက မြို့အများစုကို သက်ရောက်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်နောက်ပိုင်း ကျောင်းအများဆုံးပိတ်လိုက်ရတဲ့ အခုနှစ်ဇန်နဝါရီ နောက်ဆုံးအပတ်ကတော့ လေထုညစ်ညမ်းမှုအဆိုးဆုံးအခြေအနေလို့ သိရပါတယ်။
"လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့၊ ခရိုင် ၃၁ ခုက စာသင်ကျောင်း ၃၅၂ ကျောင်း ပိတ်ထားရတယ်"လို့ မြို့တော် အာဏာပိုင်တွေရဲ့ ထိုင်းလူမှုကွန်ရက်ဖြစ်တဲ့ လိုင်း(Line) အကောင့်မှာလည်း ထုတ်ပြန်ကြေညာထားပါတယ်။
ဘန်ကောက်မြို့မှာ ကျောင်းပေါင်း ၄၃၇ ကျောင်းရှိတဲ့အထဲ ၉၀ ရာခိုင်နှုန်းနီးပါး ပိတ်ထားရတဲ့အခြေအနေပါ။
အရှေ့တောင်အာရှနိုင်ငံတွေမှာ လေထုညစ်ညမ်းမှုကို ရာသီအလိုက် ကြုံတွေ့နေရပြီး ဆောင်းရာသီမှာတော့ ကောက်ပဲသီးနှံအမှိုက်တွေ မီးရှို့တာ၊ ကားမီးခိုးငွေ့တွေကနေ လေထုညစ်ညမ်းမှု ပိုဖြစ်စေပါတယ်။
မနေ့ ဇန်နဝါရီ ၂၄ ရက်က လေထုတိုင်းတာချက်အရ PM 2.5 အဆင့်အထိ ညစ်ညမ်းမှုရှိတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေဟာ အသက်ရှုလမ်းကြောင်းကနေ အဆုတ်၊ အဆုတ်ကနေ သွေးကြောထဲအထိ ဝင်ရောက်နိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေအထိ ဖြစ်စေနိုင်တယ်လို့ IQAir က ထုတ်ပြန်ပါတယ်။
ဘန်ကောက်မြို့အာဏာပိုင်တွေကတော့ လေထုညစ်ညမ်းမှုအဆင့် PM2.5 ကနေ မကျဆင်းသရွေ့ ကျောင်းတွေကို ဆက်ပိတ်ထားဦးမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
ဘန်ကောက်မြို့ထဲက အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ ရထား၊ ဘတ်စ်ကားပေါ်တွေမှာ သွားလာနေကြတဲ့သူတွေလည်း နှာခေါင်းစည်း (Mask) တွေတပ်ပြီး သွားလာနေကြရပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြို့တွေကို လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ ထိုင်းပြော

ဓာတ်ပုံ ရင်းမြစ်, Natty loves Myanmar
ထိုင်း-မြန်မာနယ်စပ်က ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လက စပြီး တာ့ခ်ခရိုင်၊ မဲဆောက်မြို့နဲ့ နယ်စပ် မြဝတီမြို့ဘက်ခြမ်းကို လျှပ်စစ်မီးဖြတ်တောက် ထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝီချာရာချိုင်က ထုတ်ပြောလာပါတယ်။
ဆိုက်ဘာရာဇဝတ်မှုတွေရှိတယ်လို့ ကျော်ကြားနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုမြို့သစ်နဲ့ KK Park (ကေကေပါ့ခ်) လိုနေရာတွေဟာ တဖက်နိုင်ငံကနေ လျှပ်စစ်မီးနဲ့ အင်တာနက်တွေရနေတာလို့ မြန်မာစစ်ကောင်စီ က နိုင်ငံပိုင်းသတင်းစာတွေကနေ ပြောလာတဲ့နောက် ထိုင်းဘက်က အခုလို ငြင်းဆိုလာတာဖြစ်ပါတယ်။
အမှတ် (၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်း အပြင် မြဝတီနယ်စပ်၊ မဲရမတ်နဲ့ မဲဆောက်ခရိုင်တို့ကို အရင်က လျှပ်စစ်မီးပေးခဲ့ပေမယ့် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကို ပစ်မှတ်ထားပြီး မီးဖြတ်တောက်ခဲ့တာလို့ ထိုင်းဘက်ကပြောပါတယ်။
မြဝတီဒေသက တရားမဝင်ဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေကိုလည်း အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး မြန်မာဘက်ကိုပေးနေတဲ့ အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ဖို့ စီစဉ်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက အတည်ပြုပြောပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်က ရာဇဝတ်မှုပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်း-မြန်မာ-တရုတ် ၃ နိုင်ငံပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော်တဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းတွေကိုလည်း တင်းကျပ်ဖို့လိုနေပြီလို့ သူက ထည့်ပြောထားပါတယ်။
စစ်ကောင်စီကတော့ မြဝတီမြို့ထဲက ကျားဖြန့်လုပ်ငန်းနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေအတွက် တစ်ဖက်နိုင်ငံ(ထိုင်း)ဘက်က လျှပ်စစ်မီးဖြန့်ဝေပေးနေတယ်လို့ ဇန်နဝါရီလထဲမှာပဲ ဘီဘီစီကိုပြောထားပါတယ်။
စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ဖို့ ပြည်တွင်းက နိုင်ငံရေးပါတီတွေ အကြံပြု

ဓာတ်ပုံ ရင်းမြစ်, MOI
PDF တွေ နိုင်ငံတော်ရင်ခွင်ကို ပြန်လည်ဝင်ရောက်မှု များပြားလာစေရေး ပါတီတွေက အကြံအကြံပြုတယ်လို့ဆို
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း အရေအတွက်ကို တိုးမြှင့်ခေါ်ဖို့ နိုင်ငံရေးပါတီ တွေက အကြုံပြုတယ်လို့ စစ်ကောင်စီ က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက် နှစ်ရက်တာလုပ်ခဲ့တဲ့ စစ်ကောင်စီ လက်အောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ အစည်းအဝေးမှာ နိုင်ငံရေးပါတီတွေ ဘက်က အဲဒီလိုအကြုံပြုတာလို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးပါတီတွေဘက်က ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် PDF တွေကို နိုင်ငံတော်ရင်ခွင်ကို ပြန်လည်ဝင်ရောက်ဖို့ လုပ်ဆောင်သင့်တာတွေကိုလည်း အကြံပြုတယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင်သတင်းစာရဲ့ သတင်းဖော်ပြချက်မှာတော့ '' နိုင်ငံရေးဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်လာတဲ့ PDF တွေကို နိုင်ငံတော်ရင်ခွင်ကို ပြန်လည်ဝင်ရောက်မှု များပြားလာစေရေး အကြံပြုတင်ပြတာနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးအကြံပြုချက်တွေကို နိုင်ငံရေးပါတီတွေဘက်က ဆွေးနွေးခဲ့ကြတယ်'' လို့ သုံးနှုန်းဖော်ပြထားပါတယ်။
စစ်တပ်ထိန်းချုပ်သတင်းစာက ဖော်ပြချက်နဲ့ ပတ်သက်လို့ ဘီဘီစီက နိုင်ငံရေးပါတီများအစုအဖွဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
အဲဒီ နှစ်ရက်တာဆွေးနွေးပွဲကို NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် တို့တက်ရောက်ခဲ့တာတွေ့ရပါတယ်။
နိုင်ငံရေးပါတီများအစုအဖွဲ့ ဘက်ကတော့ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်သိန်းနဲ့ အလုပ်အဖွဲ့ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲ ပထမရက်သတင်းထုတ်ပြန်ချက်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ဖို့သင့်တဲ့ အချက်တွေ၊ ၂၀၂၅ ရွေးကောက်ပွဲကျင်းပရေး အကြံပြုချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွေကို ဆွေးနွေးတယ်လို့ဆိုပါတယ်။








