လုံခြုံရေးကောင်စီ မြန်မာ့အရေး ကြားနာပွဲ - ကုလအထူးသံနဲ့ အင်ဒို နိုင်ငံခြားရေး ဝန်ကြီး အစီရင်ခံစာတွေ တင်သွင်းမယ်

မြန်မာ့အရေး ဆုံးဖြတ်ချက် ထွက်လာခဲ့တဲ့ ဒီဇင်ဘာ အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာ့အရေး ဆုံးဖြတ်ချက် ထွက်လာခဲ့တဲ့ ဒီဇင်ဘာ အစည်းအဝေး
ရေးသားခဲ့သည်။

ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်း မြန်မာ့အရေး ကြားနာပွဲတစ်ရပ် ကျင်းပဖို့ စီစဥ်ထားပါတယ်။

ဒီကြားနာပွဲမှာ မြန်မာ့အရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး သံတမန် နော်လင်းဟေဇာရော၊ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ရက်တနို မာဆူဒီပါ အစီရင်ခံစာတွေ တင်သွင်းကြမှာ ဖြစ်ပါတယ်။

မြန်မာပြည် တကျော့ပြန် စစ်အာဏာသိမ်း ခံရပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက မြန်မာ့ အကျပ်အတည်း အဖြေရှာနိုင်ရေးမှာ တက်တက်ကြွကြွ လှုပ်ရှားနေခဲ့တဲ့ မစ္စ မာဆူဒီဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ရုံးအဖွဲ့ကို ဦးဆောင်မှု ပေးနေသူလည်း ဖြစ်ပါတယ်။

မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီထံကနေ ဆုံးဖြတ်ချက်တစ်ရပ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ထဲမှာ ထွက်ထားပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် လျစ်လျူရှု ခံနေရ

လုံခြုံရေးကောင်စီ

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, လူနေရပ်ရွာတွေ ဆက်ပြီး တိုက်ခိုက်ခံနေရ

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မကြုံစဖူး နှစ်ပေါင်း ၇၀ ကျော် အတွင်း ပထမဆုံး အကြိမ် ထွက်ခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက်ထဲမှာ အာဏာသိမ်း စစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ အပေါ် ပြစ်တင် ရှုံ့ချ ထားပြီး ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဆုံးဖြတ်ချက်ထဲ ထည့်သွင်းထားပေးမယ့် မြန်မာ စစ်အာဏာပိုင်တွေ မလုပ်ဆောင်ခဲ့ပါဘူး။

လိုက်နာဖို့ ပျက်ကွက်ရင် ဘယ်လို ဘယ်ပုံ ကိုင်တွယ် အရေးယူမယ် ဆိုတာမျိုးတွေ ရှိလက်စ ဆုံးဖြတ်ချက်ထဲ မပါဝင်ပဲ လစ်ဟာ နေတယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေ၊ မြန်မာ့အရေး လှုပ်ရှားကြသူတွေက ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း တရုတ်နဲ့ ရုရှားတို့က ဗီတို အာဏာသုံး ပယ်ချတာမျိုး မလုပ်ပဲ ဆုံးဖြတ်ချက် အသွင် ထွက်လာနိုင်ခဲ့တဲ့ အတွက်၊ ဆုံးဖြတ်ချက်ပါ အချက်တွေဟာ အားပျော့သည် ဆိုဦး မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ အပြစ်ပေး အရေးယူတာတွေ နောက်ဆက်တွဲ လုပ်လာနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ အားကောင်းတဲ့ ကနဦး ဆောင်ရွက်ချက် အဖြစ်နဲ့ အကောင်းသဘောကနေလည်း အကဲခတ်တချို့က သုံးသပ်ခဲ့ကြပါတယ်။

အခု ကြားနာပွဲရဲ့ နောက်ဆက်တွဲ အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ရှိထားပြီး ဆုံးဖြတ်ချက် အပေါ် မြန်မာ စစ်တပ် လိုက်နာဖို့ ပျက်ကွက် နေတာကို လက်တွေ့ ဘယ်လို အရေးယူ ကိုင်တွယ်မလဲ ဆိုတဲ့ အချက်မျိုးတွေ ထပ်လောင်း ချမှတ် သင့်တယ် ဆိုပြီး ဆော်ဩ တိုက်တွန်းသံတွေ ထွက်ပေါ် နေပါတယ်။

ထပ်လောင်းဆုံးဖြတ်ချက်တွေ ချမှတ်ဖို့လို

လုံခြုံရေးကောင်စီ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၃ လတာ အတွင်း လူနေရပ်ရွာတွေ တိုက်ခိုက်ခံရမှု ပိုဆိုးရွားလာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“မြန်မာအာဏာသိမ်းစစ်တပ်ဟာ ထွက်ပေါ်နှင့်ပြီးတဲ့ စိုးရိမ်ကြောင်း ဖော်ပြချက်တွေ၊ ရှုတ်ချမှုတွေ အပေါ် အလေးမူ အရေးမထားကြောင်း ထင်ရှားနေပြီး ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီ အနေနဲ့ ထပ်လောင်း ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး၊ လက်နက်တင်ပို့မှု ပိတ်ဆို့ရေးနဲ့ မြန်မာ စစ်ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေ၊ တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ အပေါ် ပစ်မှတ်ထားတဲ့ ပြစ်ဒဏ်ချ ပိတ်ဆို့ အရေးယူတာတွေ ပြုလုပ်ဖို့ လိုပါတယ်” ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အကြီးအကဲ လူဝစ် ရှာဘိုနိုက ပြောပါတယ်။

HRW တိုက်တွန်းနေတဲ့ အချက်တွေထဲ မြန်မာ့ လက်ရှိ အခြေအနေကို နိုင်ငံတကာ တရားရုံး ICC ကနေ စုံစမ်း စစ်ဆေး ကြားနာ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ရာ လွှဲပေးဖို့ ဆိုတာလည်း ပါဝင်ပါတယ်။

HRW ရဲ့ ထောက်ပြချက်ထဲ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ထွက်ခဲ့တဲ့ ဒီဇင်ဘာလ ကစလို့ တွက်ကြည့်မယ် ဆိုရင် မြန်မာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ရပ်ရွာတွေ အပေါ် မီးရှို့မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၂၆၃ ယောက် ရှိနေပြီ ဆိုတာ ပါဝင်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးပြီး နှိပ်စက် သတ်ဖြတ်ပစ်တာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန် တိုက်ခိုက်တာတွေလည်း ဆက်ပြီး ရှိနေခဲ့တယ်လို့ HRW က ဆိုပါတယ်။

မြန်မာ့အရေး ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့ကြတဲ့ ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး အထူး အကြံပေး ကောင်စီအဖွဲ့ SAC-M ကလည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ထွက်ခဲ့အပြီး မြန်မာ စစ်တပ်ရဲ့ ရက်စက်မှုတွေ ပိုလို့တောင် ဆိုးရွားလာတယ် ဆိုတဲ့ အချက်အပေါ် ထပ်လောင်း ထောက်ပြပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ရော၊ အာဆီယံ ဘုံသဘောတူမှု ၅ ချက် အပေါ် မှာရော မလိုက်နာပဲ အာခံနေတဲ့ မြန်မာ စစ်တပ်အပေါ် စကားလုံးတွေ သက်သက် အရတော့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလို့ SAC-M အဖွဲ့က ဆိုပါတယ်။

“ အရပ်သားပြည်သူတွေ အပေါ် ပစ်မှတ်ထားပြီး အဆုံးစွန် အကြမ်းဖက် ရက်စက်မှုတွေ ပြုလုပ်နေတဲ့ စစ်တပ်ရဲ့ အပြုအမူတွေကို လုံးဝ ရပ်တန့် ဟန့်တားနိုင်ဖို့ လိုအပ်လှပါတယ်။ အဲဒီ အကြမ်းဖက် ကျူးလွန်မှုတွေ ရပ်တန့်ရမယ် ဆိုတဲ့ အခြေခံ လိုအပ်ချက် မပြည့်မြောက်ပဲနဲ့တော့ ကုလသမဂ္ဂ ကနေ ဖြစ်စေ၊ အာဆီယံကနေ ဖြစ်စေ မြန်မာ့အရေး အဖြေရှာရေး ဆိုတာ ဘယ်လိုမှ ရှေ့ဆက်လို့ ရနိုင်မှာ မဟုတ်ပါဘူး” ဆိုပြီး SAC-M အဖွဲ့ကို ထူထောင်သူ တစ်ဦး ဖြစ်တဲ့ မာဇူကီ ဒါရွတ်စမန်က ပြောပါတယ်။

“မြန်မာ အာဏာသိမ်း စစ်တပ်က ရက်စက်မှုတွေကို အရှိန်တိုးပြီး လုပ်နေသရွေ့ အာဆီယံ ဘုံ သဘောထား ၅ ချက် ဆက်လက် ကျရှုံး နေဦးမယ် ဆိုတာ အင်မတန် ရိုးရှင်းလှတဲ့ အခြေခံ အမှန်တရားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင် အနေနဲ့ ရက်စက်မှုတွေကို ထိန်းချုပ်မယ့် အရိပ်အယောင် တစွန်းတစမှ ပြသမနေဘူး” လို့လည်း မာဇူကီ ဒါရွတ်စမန်က ဆိုပါတယ်။

အစီရင်ခံစာတွေထဲ ဘာတွေ ပါဝင်မလဲ

နော်လင်းဟေဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိတွေ့ဆက်ဆံရေးကို ဦးစားပေးမယ့်ခြေလှမ်း ပြသရာက ကိုယ်ရှိန်သတ်ခဲ့သူ နော်လင်းဟေဇာ
ရက်တနို မာဆုဒီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးမူ အပေါ် အဓိက တာဝန်ယူနေသူ ရက်တနို မာဆုဒီ

ကုလ အထူးသံ နော်လင်းဟေဇာနဲ့၊ မြန်မာ့အရေး အာဆီယံ မူဝါဒပိုင်းမှာ အဓိက လုပ်ဆောင်နေသူ အင်ဒိုနိုင်ငံခြားရေး ဝန်ကြီး မစ္စ မာဆူဒီတို့ရဲ့ အစီရင်ခံစာတွေထဲ ဘယ်အချက်တွေ ပါဝင်မလဲ ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။

နေပြည်တော်ထိ သွားခဲ့တဲ့ မစ္စ ဟေဇာဟာ တာဝန်ယူစ ကနဦး ကာလတွေမှာ မြန်မာ စစ်ခေါင်းဆောင်ပိုင်းနဲ့ကြား ထိတွေ့ ဆက်ဆံရေး အပေါ် အလေးသာတဲ့ ခြေလှမ်းမျိုးတွေ ပြသခဲ့ပေမယ့်၊ အပြင်းအထန် ကန့်ကွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီနောက်မှာတော့ မြန်မာပြည် ခရီးစဥ်တွေ မပြုလုပ်တော့ပဲ၊ သူ့ရဲ့ အစီရင်ခံစာတွေထဲ မြန်မာ စစ်တပ်နဲ့ကြား ဆက်ဆံရေးမှာ တိုးတက်မှု မရှိတဲ့ အခြေအနေတွေ အပါအဝင် နိုင်ငံတကာ တောင်းဆိုမှုတွေ အပေါ် မြန်မာ စစ်တပ်က အလေးမစိုက်တဲ့ အချက်တွေ ထင်ဟပ်နေပါတယ်။

လုံခြုံရေးကောင်စီ ရှေ့မှောက် မစ္စ ဟေဇာ တင်သွင်းမယ့် အခု တစ်ခေါက် အစီရင်ခံစာထဲမှာ မြန်မာပြည်ထဲ လက်ရှိ ဆိုးရွားနေတဲ့ အခြေအနေတွေကို စုစည်း ထားတာထက် ကျော်လွန်ပြီး ကုလ ယန္တယား တစ်ခုလုံးအနေနဲ့ ရှေ့ဆက် ဘယ်လို ကိုင်တွယ် ဆောင်ရွက် သင့်သလဲ ဆိုတဲ့ အတိတကျ အကြံပြုချက်တွေ ပါဝင် လာမလားဆိုတာ စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။

တခါ၊ မစ္စ မာဆူဒီ ထံကလည်း အာဆီယံ ဘုံ သဘောထား ၅ ချက် ကို လက်တွေ့ ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတဲ့ ချည်းကပ်မှု အသစ်တွေနဲ့၊ နိုင်ငံတကာ ထံက ဘယ်လို အကူအညီမျိုး အာဆီယံ အနေနဲ့ လိုအပ်သလဲ ဆိုတာကို ပြောဆိုမှုတွေ လုံခြုံရေးကောင်စီ ရှေ့မှောက် ပြောလာနိုင်တယ်ဆိုပြီး အကဲခတ်တချို့က သုံးသပ် နေကြပါတယ်။