မတ်လ ၂၉ရက် ထိပ်တန်းသတင်းများ
ပင်လောင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်၊ တစ်လအတွင်း စစ်ရှောင် ၆၀၀၀ အထိ ရှိလာ

ဓာတ်ပုံ ရင်းမြစ်, KNDF
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်အနီးတဝိုက် ကျေးရွာတွေဖြစ်တဲ့ တောင်စလုံး ၊ မြောက်စလုံး ကျေးရွာ တွေမှာ ဒီကနေ့ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ စစ်ကောင်စီ တပ်တွေက လေကြောင်းတိုက်ခိုက် တာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
" မနက်ပိုင်းက လေကြောင်းလာပစ်တာရှိတယ်။ စောစောလေးက တစ်ခါ ပစ်တယ်၊ တောင်စလုံး မြောက်စလုံးဘက်တွေပေါ့။ တိုက်ပွဲကတော့ အမြဲရှိနေတာပဲ။ မနေ့ကလည်း ရှိတယ်။ စစ်ရှောင်နေကြပြီ အားလုံးကဆိုတော့ ပြည်သူတော့ ထိခိုက်တာ မရှိနိုင်တော့ဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ KNDF အကြား တိုက်ပွဲတွေစတင် ဖြစ်ပွားခဲ့ပြီးတဲ့နောက် လက်ရှိအချိန်အထိ တိုက်ပွဲက ရက်ဆက်ဆိုသလို ရှိနေတာပါ။
အဲဒါကြောင့် ပင်လောင်းမြို့နယ်နဲ့ အနီးတဝိုက်က ကျေးရွာတွေဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရပြီး တစ်လကျော်အတွင်း တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ လူ ၆၀၀၀ နီးပါး ရှိလာပြီလို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။
ဘုန်းကြီးကျောင်းတွေ၊ ပရဟိတလုပ်သူတွေ၊ ကျေးရွာတွေ ၊ လူမှုရေးအသင်းအဖွဲ့တွေထံမှာ ခိုလှုံနေကြရတာကြောင့် စားရေးသောက်ရေးအပါအဝင် ရေ အခက်အခဲ ဆေးဝါးအခက်အခဲတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းဆန်စျေးကွက်မှာ ပြည်ပကို တင်ပို့ရလေ့ရှိတဲ့ ရက် ၉၀၊ ရက် ၁၂၀၊ စင်းသွယ်လတ်၊ ကရင်မ စတဲ့ ပဲခူးတိုင်းထွက်ဆန်အမျိုးအစားတွေဟာ တရုတ်မြန်မာနယ်စပ်က တင်ပို့တဲ့ ဆန်နဲ့ ဆန်ကွဲအမျိုးအစားတွေဖြစ်ပါတယ်။
အဲဒီအပေါ် ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် နိုင်ငံခြားငွေလဲစျေး ၂၁၀၀ နဲ့ ရောင်းချရမယ်လို့သတ်မှတ်ပြီး နောက် စျေးမကိုက်ကြလို့ ဆန်တင်ပို့မှုလျော့နည်းလာပေမယ့် ဆန်စျေးနှုန်းကတော့ အမြင့်မှာ ဆက်ရှိနေတယ်လို့ ဆန်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
“ ၆၅၊ ၃၅ သတ်မှတ်လိုက်တော့ စျေးကမကိုက်ကြတော့ဘူး။ မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေက ဆန် တင်ပို့တာတွေ နည်းသွားတယ်။ စျေးကတော့ ကျလာမယ် မှန်းကြပေမယ့် မကျသွားဘဲ အမြင့်စျေးမှာ ဆက်ရှိ နေတယ်။ စျေးလည်း အမြင့်မှာ တန့် နေတာပေါ့။ လောလောဆယ် ဆန်တင်ပို့တာကတော့ ရန်ကုန်ကနေပို့တဲ့ အိတ်စ်စပို့သမားလောက်ပဲ ရှိတယ် “ လို့ သူက ဆိုပါတယ်။
မတ်လ ၁ ရက်ကစပြီး နယ်စပ်က ဆန်နဲ့ ဆန်ကွဲတင်ပို့တာကနေရရှိတဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေး အမေရိကန်ဒေါ်လာ ၂၁၀၀ နဲ့ ရောင်းချရပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ကုန်သည်က ပြင်ပပေါက်စျေးနဲ့ ရောင်းချလုပ်ကိုင်ခွင့် (၆၅၊ ၃၅ ရာခိုင်နှုန်း) သတ်မှတ်ချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပြည်ပကို တင်ပို့ရတဲ့ ဆန်အမျိုးအစားတွေ စျေးမကိုက်လို့ အရောင်းအဝယ်တန့် နေချိန်မှာ ပြည်တွင်း ဆန်စျေးကွက်မှာလည်း အရောင်းအဝယ်အေးပြီး စျေးကတော့ ဆက်မြင့်နေတယ်လို့ သိရပါတယ်။
ဆန်ကုန်သည်တစ်ဦးက တော့ “ ပြည်တွင်းမှာစားတဲ့ဆန်တွေကလည်း စျေးကမကျဘူး။ ဒါပေမယ့် ဝယ်လိုအား နည်းတယ်။ အရင်ကဆို ဝယ်ထားသိုလှောင်ထားကြတယ်။ အခုကျ မသိုလှောင်ကြဘူး။ ဝယ်နိုင်စွမ်းနည်းတယ် “ လို့ ဆိုပါတယ်။
ပြည်တွင်းစားသုံးမှုများတဲ့ ဧရာမင်း၊ မဂျမ်းတော၊ ရွှေဘိုဘေးကြား၊ ပေါ်ဆန်း၊ သုခ စတဲ့ ဆန်အမျိုးအစားတွေဖြစ်ပြီး ၁၂ လပိုင်းလောက်က ဆန်သစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်တွေပဲရှိတဲ့ ဒေါရောက်ခူကျေးရွာတဝိုက် လေကြောင်းပစ်ခတ်မှုဖြစ်ပွား သေဆုံး ဒဏ်ရာရရှိသူတွေရှိ

ဓာတ်ပုံ ရင်းမြစ်, KnMIC
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကရင်နီဒေသ ဒီမော့ဆို အနောက်ခြမ်းမှာ ရှိတဲ့ ဒေါရောက်ခူ ကျေးရွာကို စစ်ကောင်စီက မနေ့က မတ်လ ၂၈ ရက်နေ့ ည နေ ပိုင်းမှာ လေကြောင်းကနေ လာရောက်ပစ်ခတ်တာကြောင့် အရပ်သားသေဆုံးတာအပြင် ထိခိုက်ဒဏ်ရာရတာရှိခဲ့တယ်လို့ မြေပြင် သတင်းသိရှိသူ ဒေသခံတွေက ပြောကြပါတယ်။
တိုက်ပွဲမရှိ၊ နှစ်ဘက် ထိတွေ့မှုမရှိတဲ့ နေရာဖြစ်ပြီး စစ်ရှောင်ပြည်သူတွေပဲရှိတဲ့နေရာကို လာရောက် ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး က တာဝန်ရှိ သူကတော့ " လေယာဉ်နဲ့ လာပစ်တယ်ဆိုတာ ဟုတ်တယ်။ ဒဏ်ရာရသူတွေရှိတာလည်း ဟုတ်တယ်။ စစ်ရှောင်တွေပဲ ရှိတဲ့နေရာမှာ လာပစ်သွားတာပါ " လို့ ပြောပါတယ်။
မြေပြင်နီးစပ်သူတွေကတော့ လေကြောင်းနဲ့ လာရောက်ပစ်ခတ်တာကြောင့် တစ်ဦးသေဆုံးခဲ့ပြီး အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိထားရပေမယ့် သေဆုံးတဲ့အရေအတွက်နဲ့ အရပ်သားတွေသာနေထိုင်တဲ့ နေရာကိုပစ်ခတ်တဲ့အပေါ်ဘီဘီစီအနေနဲ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း ဘော်လခဲမြို့နယ်ထဲမှာ အရပ်သားတွေပဲရှိတဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေတဲ့နေရာတစ်ခုကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
ဒီလို အရပ်သား သေဆုံး ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဒီကနေ့ မတ်လ ၂၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို ဆားလင်းကြီးမြို့နယ်အနီးတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဆားလင်းကြီး မြို့နယ်အတွင်း ကျေးရွာတွေက လူဦးရေ ထောင်နဲ့ချီ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက်အစောပိုင်းကတည်းက စပြီး ထန်းပုကျေးရွာနဲ့ ဆားထုံးကျေးရွာတွေကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေပြီး လက်ရှိမှာတော့ လက်ပံတောင်းကျေးရွာကို စစ်ကြောင်းရောက်ရှိနေပြီလို့ သိရပါတယ်။
ဆားလင်းကြီးရဲ့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက " မနေ့က ကျွန်တ်ောတို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီနဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်ထားတာရှိတယ်။ မင်းတော ကျေးရွာအနားမှာဖြစ်ခဲ့တာ။ ဒီကနေ့တော့ သူတို့ရွာတွေပတ်ပြီး စစ်ကြောင်းထိုးတော့တာပဲ။ မနေ့ကတိုက်ပွဲက တော် တော် ပြင်းထန်ခဲ့ပါတယ်။ ကျွန်တ်ောတို့ ဘက်က ဒရုန်းတွေ အဝေးပစ်တွေနဲ့ ပစ်ခတ်တာရှိသလို သူတို့ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တာကြောင့် လူနေအိမ်တွေပေါ် ကျတာရှိတယ်။ " လို့ ပြောပါတယ်။
ဆားလင်းကြီး ဒေသခံတစ်ဦးကတော့ " သူတို့ စစ်ကြောင်းအလုံးအရင်းနဲ့ ဝင်လာတာတွေ့တော့ ပြေးကြတာပဲ။ ကျွန်တ်ော တို့လည်း ပြေးတယ်။ ရွာ ၅ ရွာ ၆ ရွာ လောက်က လူ လေးငါးထောင်လောက်တော့ ရှိမယ်။ ခုလည်း ချင်းတွင်းမြစ်ကမ်းဘေးက လက်ပံတောင်းရွာရောက်နေပြီလည်း ပြောတယ်။ ဝဲကြီးဝဲကွင်းဘုန်းကြီးကျောင်းထဲဝင်နေတယ်လည်း ကြားတယ်။ ဒေသခံတွေကို ဓားစားခံခေါ်သွားတာ တွေလည်း ရှိနေတဲ့အခြေအနေပါ" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရွာတွေကို လှည့်လည် စစ်ကြောင်းထိုးတာသာရှိပြီး နှစ်ဘက် ထိတွေ့တိုက်ပွဲလည်း မရှိသလို၊ ကျေးရွာတွေကိူ မီးရှို့တာမျိုးတော့ မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မြ၀တီကုန်သွယ်ရေး လုံခြုံရေးစိုးရိမ်ချက်ကြောင့် ရပ်တံ့နေ

ဓာတ်ပုံ ရင်းမြစ်, CJ
တိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာ ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုန်ရှိရာ မြဝတီမှာ ကုန်သွယ်ရေးက ရပ်တံ့တဲ့ အထိဖြစ်နေတယ်လို့ မြဝတီမှာရှိတဲ့ ကုန်သည်တွေက ဘီဘီစီကိုပြောပါတယ်။
ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို ဝင်ဖို့ရှိတဲ့ ထိုင်းကုန်ကားတွေက လုံခြုံရေးအခြေအနေစိုးရိမ်မှု ကြောင့် မြဝတီမြို့အတွင်းကို ဝင်ရောက် ကုန်စည်ပို့ဆောင်တာမျိုးတွေ မလုပ်ကြတာ ၃ရက်ခန့်ကြာမြင့်လာ ပြီလို့ မြဝတီက ကုန်သည်တွေက ဘီဘီစီကိုပြောပါတယ်။
ကုန်သွယ်ရေးခွင့်ပြုကာလ ကုန်ဆုံးဖို့ရှိတဲ့ ကားအစီးရေအနည်းအကျဥ်းသာ လုံခြုံရေး စိတ်ချရတဲ့နေရာတွေ ကို လာရောက်တာမျိုးရှိပြီး အခြားကုန်ကားတွေကတော့ ဝင်ရောက်တာမရှိဘူးလို့သိရပါတယ်။
အဲဒါအပြင် မြဝတီမြို့ကနေ ရန်ကုန်အပါအဝင် မြို့နယ်အများအပြားကို ပို့ဆောင်ဖို့ ပြင်ဆင်ထားတဲ့ ကုန် တွေကလည်း ထိုင်းကားတွေဝင်ရောက်တာမရှိလို့ ပို့ဆောင်လို့ မရသလို၊ ပို့ဆောင်ဖို့ ပြင်ဆင်ပြီးတဲ့ ကားတွေကလည်း ကော့ကရိတ်အထွက် တံတားကျိုးစစ်ဆေးရေးဂိတ်မှာ လမ်းပိတ်ထားတာကြောင့် ပို့ဆောင်နိုင်တာမျိုးမရှိဘူးလို့ ကုန်သည်တွေထံကသိရပါတယ်။
အလားတူ မြဝတီဘက်ကို ရန်ကုန်နဲ့ အခြားမြို့နယ်တွေက တင်ပို့တဲ့ ပစ္စည်းတွေကလည်း ရောက်ရာလမ်း လမ်းပိုင်းတွေမှာ ရပ်တံ့ထားရတာကြောင့် ကုန်သွယ်စီးဆင်းမှု မရှိဘူးလို့ ပြောင်းတင်ပို့သူလုပ်ငန်းရှင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“ကျိုက်ထို၊ ကျိုက်ကော်၊ ဘီးလင်းတို့မှာ ကျွန်တော်တို့ကားတွေတော်တော်များများကျန်နေသေးတယ်။ ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုစဥ်းစားလို့မရသေးဘူး။ မြဝတီဘက်မှာလည်း ကျန်နေတာရှိတယ်။ ကျွန်တော်တို့အထင်တော့ ကြာဦးမယ်ထင်တယ်” လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးကနေ ပြောင်းတင်ပို့နေတဲ့ ကုန်သည်က ဘီဘီစီကိုပြောပါတယ်။
မြဝတီမြို့တွင်းမှာလည်း ဒီရက်ပိုင်းအတွင်း ညပိုင်းတွေမှာ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရသလို မြို့အ ခြေအနေကလည်း မြို့အနီး မှတ် ၂၇၅ တပ်ရင်းအကျော်ကစလို့ ပစ်ခတ်မှုတွေမကြာခဏဆိုလို ဖြစ်နေတဲ့ အခြေအနေလို့ မြဝတီက ကုန်သည်တွေက ပြောကြပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဌာနကတော့ တိုက်ပွဲတွေမဖြစ်ခင် ဝင်ထားတဲ့ ကုန်ကားတွေကို ထွက်နိုင်ဖို့အရေး လုပ်ဆောင်ပေးနေပေမယ့် အဆင်မပြေမှုတွေရှိနေတယ်လို့ လည်းပြောပြကြပါတယ်။
မတ်လ ၂၅ ရက်နေ့ မနက် အစောပိုင်းကတည်းက မြဝတီမြို့ပေါ်က နယ်စပ်ကုန်သွယ်ရေးဇုန် အနီးတဝိုက်၊ သင်္ဃန်းညီနောင် ရဲစခန်း အနီးတဝိုက်၊ မြဝတီ အာရှလမ်းမကြီး နဲ့ ကျုံဒိုးမြို့ တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLAနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ရင်းမြစ်, NUG
ပြီးခဲ့တဲ့ မတ်လ (၂၇)ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ အခမ်းအနားကို မကွေးတိုင်းတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြိုက သတင်းတချို့
စစ်ကိုင်းအတိုင်း ၊ ဒီပဲယင်း မြို့နယ်၊ စိုင်ပြင် မြို့ ကို မတ်လ ၂၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နှစ်ရက် အတွင်း ဒေသခံ ၄ ဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိသူ ၁၀ ဦး ထက် မနည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ဘုတလင် ၊ ဒီပဲယင်း ၊ ရေဦး တစ်လျှောက် စစ်ကြောင်းထိုးလာခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှာတော့ ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကိုရောက်ရှိလာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်တာ၊ သေနတ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကြောင်းက ထွက်မသွားသေးဘဲ ဆက်ရှိနေသေးတဲ့အတွက် အတိအကျ သေဆုံးဒဏ်ရာရသူ မသိရဘဲ မြေပြင်မှာ အဲဒီထက် များနိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီပဲယင်းဒေသကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူကတော့ " လမ်းမှာတွေ့တဲ့ ပြည်သူကို ပစ်သတ်တာ နှစ်ဦး။မနက်ပိုင်း တစ်ဦး စစ်ကြောင်းနဲ့ တိုးတုန်း ပစ်သတ်တယ်။ ညနေပိုင်း တစ်ဦး စစ်ကြောင်းနဲ့ ထိုးလို့ ပစ်သတ်တယ်။ နောက် ၁၂ အရွယ်ကလေးရဲ့ အိမ်ကို လက်နက်ကြီးကျလို့ ၁၂ အရွယ်ကလေး သေတာ တစ်ဦးရှိတယ်။ အမျိုးသမီးတစ်ဦးလည်း သေတယ်။ ဒီကနေ့ မနက်ကလည်း ဂွေးပင်ကုန်း တစ်လျှောက်က ပြည်သူတွေသွားလာနေတဲ့လမ်းကို ဘက်ဟိုးတွေနဲ့ ဖျက်ဆီး တာတွေရှိပါတယ်။ ကားတွေ ဆိုင်ကယ်တွေ သွားလာမရအောင် ဖျက်ဆီးတာပေါ့။ စစ်ကြောင်းက ဒီပဲယင်းနယ်ထဲ စစ်ကြောင်းဆက်ထိုးမယ့် အနေအထားရှိတယ်။ " လို့ ပြောပါတယ်။
အဲဒီ ဒီပဲယင်းစိုင်ပြင်ကို ဝင်ရောက်နေတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဘုတလင်မြို့နယ်ထဲကို ဝင်ရောက်ပြီး ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို ၇ ဦးထက်မနည်း သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေး အဖွဲ့တွေထံက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ လူသုံးကုန်အပါအဝင် တင်သွင်းကုန်ပစ္စည်း တွေအပေါ် တံဆိပ်ကစလို့ ကွဲလွဲခွင့်မပြုတဲ့အထိ စိစစ်ကျပ်မတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ကုန်သည်တွေက ပြောလာကြ ပါတယ်။
တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် တင်းတင်း ကျပ်ကျပ် စိစစ်မှုတွေ မတ်လအတွင်းကစလို လုပ်ဆောင်လာတာကြောင့် ဒဏ်ကြေးငွေပေး ဆောင်ရတာ၊ ပစ္စည်းသိမ်း ဆည်းခံရတာမျိုးတွေများလာလို့ ကုန်သည်တွေအခက်တွေ့နေကြတာပါ။
တင်သွင်းခွင့်လိုင်စင်ရရှိသူဟာ တင်သွင်းမယ့် ကုန်ပစ္စည်းအတိအကျကို၊ တံဆိပ်၊ အလေးချိန်၊ ပုံစံ မကွဲပြား တဲ့တင်သွင်းမှုကိုသာ လက်ခံပြီး ပစ္စည်းအမျိုးအစားတူပြီး တံဆိပ်ကွဲပြားတာ၊ အလေးချိန် ကွဲတာမျိုးတွေကိုပါ ဒဏ်ရိုက်၊ ပစ္စည်းသိမ်းဆည်းတဲ့အထိ ပြုလုပ်လာတာလို့ ကုန်သည်တွေက ပြောကြပါတယ်။
အဲဒီလိုအခက်တွေ့နေတဲ့ ပစ္စည်းတွေထဲမှာ ထောင်နဲ့ချီနဲ့ လျှပ်စစ်ပစ္စည်း မီးသီးလုံးကအစ၊ လူသုံး ကုန်၊ စက်ပစ္စည်း တောင်ယာသုံး ထွန်စက်က စလိုပါဝင်ပါတယ်။ အဲဒီလိုပစ္စည်းတွေကို မူဆယ် ၁၀၅ မိုင်နဲ့ ရေပူစခန်းတွေမှာ စစ်ဆေးကာ တင်သွင်းခွင့်ပြုနေတာပါ။
အခုလို သွင်းကုန်ပစ္စည်းတွေ အသေးစိတ်ကအစ စစ်ဆေးတင်းကြပ်တာနဲ့ ပက်သက်လို့ မူဆယ် နယ်စပ် ကုန်သွယ်ရေး တာဝန်ရှိသူတဦးက “ဝန်ကြီးဌာနက ကြိုပြီးကြေညာတယ်။ သွင်းကုန်မှာလဲ လိုင်စင်လိုတဲ့ပစ္စည်း လိုင်စင် သတ်မှတ်တာ ရှိတယ်။ နိုင်ငံတော်မှုဝါဒအရ ပြောင်းလဲတာတွေ ရှိတာပေါ့။ အရင်က ပို့ကုန်မှာတောင် လိုင်စင်မလိုတာ အခုလိုင်စင်လုပ်ရတယ်။ ပြောင်းတဲ့အတိုင်း ကုန်သည်က လိုက်လုပ်ရမှာပဲ” လို့ ဘီဘီစီကို ဖြေကြားပါတယ်။
တရုတ်နယ်စပ်ကနေ ပြည်တွင်းကို တင်သွင်းတဲ့ ကုန်တွေက ပလက်စတစ်နဲ့ နို့ထွက်ပစ္စည်းတွေ၊ အလှကုန်နဲ့ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ သံနဲ့ အိမ်ဆောက်ပစ္စည်း၊ ချည်ထည်၊ ရေထွက်ပစ္စည်း၊ မော်တော်ယာဉ် စက်ပစ္စည်းတွေ ဖြစ်ပါတယ်။
ဒီလိုသွင်းကုန်ပစ္စည်း စစ်ဆေးမှုတင်းကြပ်လိုက်တာကြောင့်ကုန်ပို့ဆောင်မှု အချိန်ကြန့်ကြာတာရှိ သလို ငွေကြေးကောက်ခံတာနဲ့ ပစ္စည်းသိမ်းယူတာတွေကြောင့် တချို့သွင်းကုန် လုပ်ငန်းတွေ ရပ်နားရတဲ့အထိကို ရှိလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပို့ကုန်၊ သွင်းကုန်နဲ့ပက်သက်ပြီး ညွှန်ကြားချက် မူဝါဒ အမျိုးမျိုးကို ထုတ်ပြန်နေတာကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ ကုန်သည်တွေအဖို့ ခက်ခဲရှုပ်ထွေး တာတွေ ဖြစ်ပေါ်လာနေတာလို့ ကုန်သည်တွေက ပြောကြပါတယ်။
စစ်ကောင်စီဟာ ကုန်သွယ်ရေး ပိုငွေပြလိုတဲ့ အချက်နဲ့ ကုန်ပစ္စည်းတင်သွင်းရင် တင်သွင်းခွင့် လိုင်စင် လျှောက်ထားဖို့ လိုအပ်တဲ့ပစ္စည်း အရေအတွက်ကို ထပ်တိုးခဲ့တာကြောင့် ဆေးနဲ့ဆက်စပ် ပစ္စည်း၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေအပါအဝင် ပစ္စည်းအမျိုးစားပေါင်း တစ်သောင်း ဝန်းကျင်အထိ ခွင့်ပြုချက် လျှောက်ထားရတာမျိုးရှိပါတယ်။








