မတ်လ ၁၆ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ချောက်မြို့က ကမ္ဘာ့မှာ ဒုတိယအပူဆုံးမြို့ဖြစ်နေ

ချောက်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်တုန်းက မြင်တွေ့ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ရေနံ့သာဒင်းဂါး

ဓာတ်ပုံ ပုံစာ, ချောက်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်တုန်းက မြင်တွေ့ရတဲ့မြင်ကွင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ဒီနေ့ မတ်လ ၁၆ ရက်အတွက် ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲမှာ မကွေးတိုင်း၊ ချောက်မြို့က ကမ္ဘာမှာ ဒုတိယအပူဆုံးမြို့ ဖြစ်နေပြီလို့ ကမ္ဘာ့အပူချိန်နဲ့ မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်တဲ့ အယ်ဒိုရာဒို ရာသီဥတု အင်တာနက်စာမျက်နှာကနေ ဖော်ပြလာပါတယ်။

မတ် ၁၆ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲကနေ ညနေ ၄ နာရီခွဲအတွင်းတိုင်းချက်အရ ချောက်မြို့အပူချိန်က ၄၄ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မကွေးမြို့ကတော့ အပူချိန် ၄၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ရှိနေပေမဲ့ ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာတော့ မပါဝင်ပါဘူး။

ဒါပေမဲ့ မြောက်ကမ္ဘာခြမ်းက အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာတော့ မကွေးမြို့က အဆင့် ၈ ဖြစ်နေတယ်လို့ အယ်ဒိုရာဒိုမှာ တွေ့ရပါတယ်။

မကွေးတိုင်းရဲ့ အပူချိန်ဟာ မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်ပိုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဓဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မတ်လအတွင်း မကွေးတိုင်းရဲ့ ပျမ်းမျှအပူချိန်ဟာ ၄၁ ဒီဂရီဆဲလ်စီးယပ်ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အပူချိန် ၂၉ ဒီဂရီဆဲလ်စီးယပ်ကနေ ၃၈ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ အသီးသီးရှိနေပြီး ကချင်ပြည်နယ်တစ်ခုတည်းမှာပဲ မိုးရွာနိုင်မယ့်အခြေအနေရှိတယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောထားပါတယ်။

ချောက်မြို့က ရေပေးဝေးမှု (ပုံဟာင်း)

ဓာတ်ပုံ ရင်းမြစ်, ရေနံ့သာဒင်းဂါး

ဓာတ်ပုံ ပုံစာ, ချောက်မြို့က ရေပေးဝေးမှု (ပုံဟာင်း)

သမ္မတထရမ့် အမိန့်ကြောင့် VOA ဝန်ထမ်း ၁,၃၀၀ ကျော် ခွင့်ယူလိုက်ရ

VOA ဟာ သတင်းအချက်အလက်တွေကို  မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ဘာသာပေါင်း ၄၅ မျိးနဲ့ ရေဒီယို၊ တီဗီ၊ ဒစ်ဂျစ်တယ် မီဒီယာအနေနဲ့ ထုတ်လွှင့်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, VOA ဟာ သတင်းအချက်အလက်တွေကို မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ဘာသာပေါင်း ၄၅ မျိးနဲ့ ရေဒီယို၊ တီဗီ၊ ဒစ်ဂျစ်တယ် မီဒီယာအနေနဲ့ ထုတ်လွှင့်နေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးလိုက်တဲ့ အမိန့်တစ်ရပ်ကြောင့် အမေရိကန်အသံ(VOA) ရဲ့ သတင်းထောက်တွေနဲ့ ထုတ်လုပ်ရေးမှူးတွေအပါအဝင် ဝန်ထမ်းပေါင်း ၁,၃၀၀ ကျော်ဟာ လစာနဲ့ ခွင့် ယူလိုက်ရပါတယ်။

ဒီလိုခွင့်ယူလိုက်ရတဲ့အကြောင်း VOA ညွှန်ကြားရေးမှူးချုပ်ကလည်း လူမှုကွန်ရက်မှာ ထုတ်ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ(USGAM)လို့ ခေါ်တဲ့ အစိုးရအေဂျင်စီအပါအဝင် နောက်ထပ် အစိုးရဌာန ၆ ခုရဲ့ ဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင် ထားရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို မစ္စတာ ထရမ့် လက်မှတ်ထိုးပြီး နောက်တစ်နေ့မှာပဲ အခုအခြေအနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

USAGM ဟာ မြန်မာဘာသာအပါအဝင် ဘာသာစကားပေါင်း ၅၀ နီးပါးနဲ့ သတင်းတွေထုတ်လွှင့်နေတဲ့ အမေရိကန်အသံ(VOA) ရဲ့ မိခင်ဌာနဖြစ်ပါတယ်။ နောက်ပြီး လွတ်လပ်တဲ့အာရှအသံ(RFA) အပါအဝင် တခြားလွတ်လပ်တဲ့ ကမ္ဘာ့သတင်းမီဒီယာအဖွဲ့တွေကိုလည်း ရန်ပုံငွေပေးနေတာဖြစ်ပါတယ်။

USAGM အထူးအကြံပေး ကာရီ လိတ်ခ်ကနေ RFA ဥက္ကဋ္ဌ ဆီကို ပေးပို့တဲ့စာမှာ RFA ကို ရန်ပုံငွေကို ဖြတ်တောက်လိုက်ပြီဖြစ်ပြီး ''မသုံးရသေးတဲ့ရန်ပုံငွေတွေကိုလည်း အစိုးရထံ အချိန်မဆိုင်းဘဲ ပြန်လွှဲ ပေးဖို့'' လည်း ပြောထားတယ်လို့ RFA က သတင်းထုတ်ပြန်ပါတယ်။

ဒါကြောင့် သတင်းလုပ်ငန်းတွေ ဘယ်အချိန်၊ ဘယ်လိုရပ်ဆိုင်းမလဲဆိုတာကို လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း RFA က ပြောထားပါတယ်။

ဒီအကြောင်း အပြည့်အစုံကို ဘီဘီစီ မြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ သီးခြားအနေနဲ့ တင်ဆက်ထားပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဖွဲ့စည်းမယ်

မိုးကုတ်ကို သိမ်းပိုက်ပြီးနောက် မြို့ထဲမှာတွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, MAH

ဓာတ်ပုံ ပုံစာ, မိုးကုတ်ကို သိမ်းပိုက်ပြီးနောက် မြို့ထဲမှာတွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဒေသခံတချို့ တိမ်းရှောင်နေကြ

ရှမ်းပြည်နယ်(မြောက်ပိုင်း)က တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်အပါအဝင် မြို့ ၁၂ မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ တချို့မြို့တွေမှာ လူစာရင်းစကောက်နေပြီလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

"ကွတ်ခိုင် နဲ့ နမ်ခ့မ်း နှစ်မြို့မှာတော့ တပ်ဖွဲ့က ဖွဲ့စည်းပြီးပြီ။ ကျန်တဲ့မြို့တွေကတော့ စာရင်းကောက်နေတုန်းပဲ" လို့ TNLA နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။

ဒီလိုတပ်ဖွဲ့ ဖွဲ့စည်းဖို့ လူစာရင်းကောက်တာတွေကြောင့် မိုးကုတ်အပါအဝင် TNLA ထိန်းချုပ်ဒေသက လူထုကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပြီး ဒေသခံတချို့ကတော့ စစ်မှုထမ်းရမယ်ဆိုတဲ့ ထင်မြင်ချက်နဲ့ မိုးကုတ်ကနေ ပြောင်းရွှေ့နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

"မိုးကုတ်မြို့က ရပ်ကွက်အနည်းစုမှာ စာရင်းကောက်နေတာရှိတယ်၊ တချို့ရပ်ကွက်မှာတော့ အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်နေတုန်းပဲ" လို့ မိုးကုတ်မြို့ခံတစ်ဦးက ဆိုပါတယ်။

စာရင်းကောက်တဲ့အခါမှာလည်း ကျောက်မဲနဲ့ နမ့်ခမ်းမြို့တွေမှာတော့ တအာင်း(ပလောင်)လူမျိုးတွေကိုပဲ စာရင်းကောက်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မိုးကုတ်မှာတော့ တခြားလူမျိုးတွေကိုလည်း စာရင်းကောက်နေတယ်လို့ သူက ရှင်းပြပါတယ်။

မြို့ ၁၂ မြို့မှာ ဒေသခံ လူမျိုးပေါင်းစုံပါဝင်တဲ့ မြို့တွင်းလုံခြုံရေးတပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ ကြိုးပမ်းနေပြီး နမ့်ခမ်းမှာတော့ ဖွဲ့စည်းထားပြီးပြီလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက MFP သတင်းဌာနကို ဖြေဆိုထားပါတယ်။ ဒါ့အပြင် လူထုတွေရဲ့ လုံခြုံရေး၊ လူထုတွေရဲ့ ဘေးကင်းမှုကြောင့် ဆောင်ရွက်တာဖြစ်လို့ မြို့တွင်းလုံခြုံရေးအတွက် ဒေသခံတွေပါဝင်ဖို့ ကိုလည်း လွေးယေဦးက ပြောထားပါတယ်။

"မြို့ထဲက တံတား၊ ဂိတ်နဲ့ TNLA ရဲ့ ဌာနဆိုင်ရာရုံးအခြေစိုက်မယ့်နေရာတွေမှာ သတ်မှတ်ထားတဲ့အချိန်ကလအတိုင်း သွားစောင့်ကြပ်ပေးရမယ့်သဘော" လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ ဖွဲ့တာက မြို့လုံခြုံရေးအတွက်ဖြစ်ပြီး ရှေ့တန်းပို့တာတော့ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

"အမြဲတမ်းတာဝန်ထမ်းဆောင်ရမှာ မဟုတ်ဘဲ လအလိုက် အလှည်ကျတာဝန်ထမ်းဆောင်ရဖို့များတယ်" လို့ သူက ထပ်ပြောထားပါတယ်။

TNLA ရဲ့ လုံခြုံရေးတပ်ဖွဲ့ဖွဲ့စည်းနေတဲ့ အကြောင်းအရာအသေးစိတ်နဲ့ ပတ်သက်လို့ ဘီဘီစီက လွေးယေဦးကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ILO ပုဒ်မ ၃၃ နဲ့ စစ်ကောင်စီကို အရေးယူဖို့ စစ်ကိုင်းနဲ့ကချင်မှာ သပိတ်လှုပ်ရှားမှုတွေပြုလုပ်

ILO ပုဒ်မ ၃၃ နဲ့ စစ်ကောင်စီကိုအရေးယူဖို့ စစ်ကိုင်းနဲ့ကချင်မှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, သပိတ်အင်အားစု

ဓာတ်ပုံ ပုံစာ, ILO ပုဒ်မ ၃၃ နဲ့ စစ်ကောင်စီကိုအရေးယူဖို့ စစ်ကိုင်းနဲ့ကချင်မှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)ရဲ့ ဥပဒေပုဒ်မ ၃၃ နဲ့ စစ်ကောင်စီကို အ‌ရေးယူဖို့ နိုင်ငံအနှံ့က မြို့ကြီးတွေမှာ လျှပ်တပြတ်သပိတ်တွေထွက်ပေါ်နေချိန်မှာပဲ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာလည်း သပိတ်အင်အားစုတွေနဲ့ ဒေသခံတွေက မနေ့ မတ် ၁၅ ရက်မှာ အလားတူလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ILO အုပ်ချုပ်ရေးအဖွဲ့(Governing Body) ရဲ့ ၃၅၃ ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပနေချိန်မှာပဲ မြန်မာမှာလည်း အခုလှုပ်ရှားမှုတွေ ထွက်ပေါ်လာတာပါ။

ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအရေးနဲ့ အလုပ်ခန့်အပ်မှုဆိုင်ရာတွေနဲ့ဆက်စပ်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အစိုးရတွေ၊ လုပ်သားတွေနဲ့အလုပ်ရှင်ကိုယ်စားလှယ်တွေ တွေ့ဆုံကြတာလည်းဖြစ်ပါတယ်။

သပိတ်အင်အားစုတွေကတော့ ၂၀၂၅ ခုနှစ် ILO ရဲ့ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးကို ကျင်းပနေချိန်မှာ ဒီလှုပ်ရှားမှုတွေကို အချိန်ကိုက်လုပ်ဆောင်နေတာလို့ ဘီဘီစီကို ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ‌ရွှေဘို၊ ဆားလင်းကြီး၊ ဘုတလင်နဲ့ ကချင်၊ ဖားကန့်မြို့တို့မှာ သပိတ်အင်အားစုတွေ မနေ့တစ်ရက်တည်းမှာပဲ ဆန္ဒပြလှုပ်ရှားခဲ့ကြတယ်လို့ ဓာတ်ပုံတွေနဲ့အတူ သပိတ်အင်အားစုတွေက ထုတ်ပြန်ကြပါတယ်။

ပုဒ်မ ၃၃ ကတော့ မြန်မာဟာ ILO အဖွဲ့ဝင်နိုင်ငံ ဖြစ်တာကြောင့် ILO ရဲ့ အကြုံပြုချက်တွေကို လိုက်နာဆောင်ရွက်ရမယ်ဆိုတာနဲ့ အစိုးရတစ်ရပ်အနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြားက စည်းမျဉ်းစည်းကမ်းတွေကို ကြားဝင်ပံ့ပိုးကူညီမှုတွေ‌ ပေးရမယ်လို့ ဆိုလိုပါတယ်။

မြန်မာစစ်တပ်ရဲ့ အဓိက ထောက်တိုင်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့အခွင့်အရေးတွေကို ‌ဆုံးရှုံးစေဖို့ဆိုတဲ့ ရည်ရွယ်ချက် အထမြောက်အောင် သပိတ်လှုပ်ရှားတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြုလုပ်နေတာလို့ သပိတ်လှုပ်ရှားမှုတွေလုပ်တဲ့ ရန်ကုန်တော်လှန်ညီနောင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မတ်လ ဒုတိယအပတ်တုန်းကလည်း ပုဒ်မ ၃၃ နဲ့ပတ်သက်လို့ ရန်ကုန်မြို့က စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထားတဲ့ မြို့လယ်ခေါင်က နေရာတချို့နဲ့ စက်မှုဇုန်တွေမှာလည်း ဆန္ဒပြလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

ပဲခူး၊ ဖြူး-အုတ်ဖြတ်လမ်းပိုင်းမှာ စစ်တပ်လုံခြုံရေးတွေ တိုးမြှင့်

ဖြူးအခြေစိုက် အာဠာဝကစစ်ကြောင်း၊ တပ်ရင်း ၃ တပ်ဖွဲ့ဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, ဖြူးအခြေစိုက် အာဠာဝကစစ်ကြောင်း၊ တပ်ရင်း ၃ တပ်ဖွဲ့ဝင်တချို့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်း ဖြူး-အုတ်ဖြတ်လမ်းပိုင်းပေါ်က ကျေးရွာတချို့မှာ စစ်တပ်က လုံခြုံရေးတွေတိုးမြှင့်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို‌ပြောပါတယ်။

မတ်လ ၁၀ ရက်က အဲဒီလမ်းပိုင်းပေါ်က တာကျိုးလမ်းဆုံမှာ ဖြူးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF)ရဲ့ အာဠာဝကစစ်ကြောင်း နဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က လမ်းပိုင်းကို လုံခြုရေးတင်းကျပ်နေတာလို့ ဆိုပါတယ်။

"ဝဲကြီးရွာထိပ်က စစ်တပ်ဂိတ်စခန်းမှာလည်း လူအင်အားတွေတိုးထားတယ်" လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

ဝဲကြီးရွာနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ တာကျိုးလမ်းဆုံဟာ ၂ မိုင်ဝန်းကျင်ပဲကွာပါတယ်။

အာဠာဝကစစ်ကြောင်းကတော့ မတ်လ ဒုတိယအပတ်မှာပဲ တာကျိုးလမ်းဆုံမှာ ထိတွေ့တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့သလို ၃ ဦးဒဏ်ရာအပြင်းအထန်ရတယ်လို့ မတ် ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

"ဖြူး-အုတ်ဖြတ်လမ်းပိုင်းကိုတော့ ၂ ရက်တာထိန်းချုပ်နိုင်ခဲ့တယ်" လို့ အာဠာဝကစစ်ကြောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ဖြူးမြို့နယ်၊ ညောင်ပင်သာအခြေစိုက် စစ်တပ်ဂိတ်စခန်း ၃ ခုကို တော်လှန်ရေးပူး‌ပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီကတော့ ဖြူးမြို့က အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရွှေစာရံဘုရားဖူးကား တိမ်းမှောက်လို့ လူ ၆ ဦးသေဆုံး

ကားမှောက်ပြီးနောက် ကူညီကယ်ဆယ်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, စေတနာမွန်လူမှုကူညီရေးအသင်း

ဓာတ်ပုံ ပုံစာ, ကားမှောက်ပြီးနောက် ကူညီကယ်ဆယ်နေတဲ့မြင်ကွင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က ‌ရွှေစာရံလမ်းပိုင်းမှာ အိမ်စီးကား တစ်စီး မှောက်ပြီး လူ ၆ ဦးသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ခဲ့တဲ့ လူမှုကူညီ‌ရေးအဖွဲ့က ပြောပါတယ်။

"အများစုကတော့ ဦးခေါင်း ဒဏ်ရာပြင်းထန်ရပြီး ဆုံးသွားတာ" လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

လူငယ် ၂ ဦးနဲ့ လူကြီး ၁ ဦးကတော့ နေရာမှာတင်ဆုံးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုပြီး "သေဆုံးတဲ့ ၆ ဦးထဲမှာ ၃ ဦးက လူငယ်တွေဖြစ်တယ်" လို့ ထပ်ပြောပါတယ်။

"နောက်ထပ် ၃ ဦးကတော့ဆေးရုံရောက်ပြီးမှ ဆုံးတာ၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်"လို့ သူက ရှင်းပြပါတယ်။

တိမ်းမှောက်ခဲ့တဲ့ကားဟာ ပြင်ဦးလွင်မြို့ကနေ ထွက်လာတဲ့ကားဖြစ်ပြီး မနေ့ မတ် ၁၅ ရက်မှာ ရွှေစာရံဘုရားပွဲကအပြန်မှာ အရှိန်လွန်မောင်းပြီး ကွေ့တာကြောင့် ကားက မှောက်ပြီး မြောင်းဘေးကို ထိုးကျခဲ့တာလို့ သူက ဆက်ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ကားအမျိုးအစားက ဒက်ဗယ်ကပ် 4WD ပစ်ကပ်အမျိုးအစားဖြစ်ပါတယ်။

ကားပေါ်မှာ ပြင်ဦးလွင်မြို့က မိုးကြိုးရွာဒေသခံ ၁၃ ဦးလိုက်ပါလာပြီး ဒဏ်ရာရတဲ့သူတွေကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကူညီ‌ရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတော့ ပြင်ဦးလွင်အခြေစိုက် သန္တိသုခ လူမှုကူညီရေးအဖွဲ့က ပြင်ဉီးလွင်မြို့ကို ပြန်သယ်လာပေးနေပြီလို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ပြန်သယ်လာတဲ့လမ်းမှာပဲရှိသေးတယ်။ ပြင်ဦးလွင်မရောက်သေးဘူး" လို့ သူကဆိုပါတယ်။

ရွှေစာရံဘုရားပွဲကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးခရီးသွားတွေနဲ့ နှစ်တိုင်း မတ်လ တပေါင်းလပြည့်နေမှာ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပလေ့ရှိပါတယ်။

မိုးဗြဲမြို့မှာ စစ်တပ်ထိုးစစ်တွေ ဆက်ရှိနေ

မိုးဗြဲတိုက်ပွဲက ရရှိခဲ့တဲ့ စစ်တပ်လက်နက်ခဲယမ်းတွေလို့ PKPF ထုတ်ပြန်ထားတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, PKPF

ဓာတ်ပုံ ပုံစာ, မိုးဗြဲတိုက်ပွဲက ရရှိခဲ့တဲ့ စစ်တပ်လက်နက်ခဲယမ်းတွေလို့ PKPF ထုတ်ပြန်ထားတဲ့ပုံ

ရှမ်းပြည်နယ်(‌တောင်ပိုင်း)-ကယား(ကရင်နီ)အစပ်က မိုးဗြဲမြို့ကို စစ်တပ်က အလုံးစုံထိန်းချုပ်နိုင်ဖို့ လူအင်အား၊ ဒရုန်းနဲ့ လက်နက်အင်အားပိုသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

စစ်တပ်ရဲ့ထိုးစစ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နဲ့ အခြားပူးပေါင်းတပ်တွေက ခုခံတွန်းလှန်နေကြတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ကလည်း ဒီရက်ပိုင်းထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့မှာ မတ်လ ဒုတိယအပတ်ထဲမှာပဲ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မတ် ၁၃ ရက်တုန်းကလည်း စစ်တပ်က ဒရုန်းတွေ၊ လက်နက်ကြီးတွေ အများအပြားသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တော်လှန်‌ရေးတပ်ဖွဲ့တွေ ခြေကုပ်ယူထားတဲ့ ရှေ့တန်းနေရာတချို့ကို ဆုတ်ခွာခဲ့ရတယ်လို့ PKPF ကသတင်းထုတ်ပါတယ်။

စစ်တပ်သိမ်းယူလိုက်တဲ့နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက မတ် ၁၄ ရက်မှာ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PKPF ကပြောပါတယ်။

အဲဒီနောက် စစ်တပ်က မိုးဗြဲမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်နေတာကြောင့် မြို့ပေါ်ရပ်ကွက်က ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးတာတွေရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

"မီးလောင်ဗုံးတွေကြဲတယ်။ မနေ့ (မတ် ၁၆ ရက်)ညအထိ မီးလောင်နေတဲ့ အိမ်တွေရှိနေသေးတယ်။"လို့ သူကဆိုပါတယ်။

မိုးဗြဲမြို့ အရှေ့မြောက်ဘက်က စစ်တောင်စီတပ်ရဲ့ အမှတ် ၄၂၂ ခြေမြန်တပ်ရင်း(ခမရ)ကနေ မိုးဗြဲမြို့အရှေ့နဲ့အနောက်ကိုဆက်ထားတဲ့ မိုးဗြဲလမ်းမပေါ်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာတွေကြောင့် ဒီအသုံးပြုသူတွေအတွက် အသက်အန္တရာယ်ရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မိုးဗြဲမြို့က ခမရ ၄၂၂ မှာ စစ်တပ်က တပ်စွဲထားပြီး မြို့ပတ်ပတ်လည်က ကျေးရွာတချို့ကိုတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောထားပါတယ်။

စစ်ကောင်စီကတော့ မိုးဗြဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။