အမေရိကန်သံအမတ် သောမတ်စ်ဗိုက်ဒါ  တာဝန်ထမ်းဆောင်ပြီး နှစ်နှစ်ခန့်အကြာ မြန်မာနိုင်ငံကနေ ထွက်ခွာ

US ambassador

ဓာတ်ပုံ ရင်းမြစ်, Myanmar President office

ဓာတ်ပုံ ပုံစာ, သောမတ်စ်ဗိုက်ဒါ သံအမတ် ခန့်အပ်လွှာကို သမ္မတ ဦးဝင်းမြင့်ထံ​ပေးအပ်ခဲ့
ရေးသားခဲ့သည်။

သံရုံးဒုတိယအကြီးအကဲက ယာယီသံရုံးတာဝန်ခံအဖြစ် ထမ်းဆောင်ဖို့ရှိ  

 

မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီးအဖြစ် နှစ်နှစ်နီးပါးအကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ သောမတ်စ်ဗိုက်ဒါဟာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး သူ့နေရာမှာ လက်ရှိ သံရုံးဒုတိယအကြီးအကဲ Deborah Lynn က သံရုံးယာယီတာဝန်ခံအဖြစ် တာဝန် ထမ်းဆောင်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံက သိရှိရပါတယ်။

US ambassador

ဓာတ်ပုံ ရင်းမြစ်, Myanmar President office

သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် နှစ်နှစ်နီးပါးအကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ ဒီဇင်ဘာလအတွင်း ရာထူးတာဝန် ကနေ ပြန်လည်ထွက်ခွာမှုဟာ ပုံမှန် ဝန်ထမ်းအပြောင်းအလဲတစ်ခုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဘီဘီစီကို ပြန်လည်ဖြေကြားပါတယ်။

ရန်ကုန်မှာ ရှိတဲ့အမေရိကန်သံရုံးအနေနဲ့ မြန်မာပြည်တွင်းက အမေရိကန်ရဲ့အကျိုးစီးပွားကို ဆက်လက်မြှင့်တင်ပြီး အားလုံးပါဝင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းတစ်ခုပေါ်  မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။ 

သံအမတ်ကြီး ဗိုက်ဒါထွက်ခွာသွားတဲ့နောက် သံရုံးရဲ့ လက်ရှိဒုတိယအကြီးအကဲ Deborah Lynn က သံရုံးယာယီတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး သံအမတ်ကြီး ဗိုက်ဒါနေရာကို ဆက်ခံမယ့်သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အချိန်ကျတဲ့အခါ ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။

 အမေရိကန်က အခုလို သံတမန်အဆင့်လျှော့ချတာဟာ  အထူးအဆန်း ကိစ္စမဟုတ်ဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

“တပ်မတော်အစိုးရလက်ထက်မှာလည်း ဆယ်စုနှစ်နှစ်စုသုံးစုလောက် ဒီလိုမျိုးလုပ်ခဲ့တာပဲ။ ဒါကတော့ သူ့နိုင်ငံရဲ့သဘောထားပဲ​ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း သံတမန်မှာတော့ အပြန်အလှန်ဆောင်ရွက်ရတဲ့အနေအထားတော့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း အလားတူပဲဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်လွန်နောက်ပိုင်းကစလို့  အမေရိကန်အစိုးရက မြန်မာနိုင်ငံကိုသံအမတ် စေလွှတ်ခဲ့ခြင်းမရှိတော့ဘဲ ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး မြန်မာမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်ခဲ့တဲ့နောက် ၂၀၁၂ ခုနှစ်မှာ မြန်မာ နိုင်ငံဆိုင်ရာသံအမတ်ကြီးအဆင့် ပြန်လည်ခန့်အပ်ပြီး သံတမန်ဆက်ဆံရေးကို ပြန်လည် တိုးမြှင့်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ  မြန်မာကို စီးပွားရေးပိတ်ဆို့မှုတချို့ ပြန်လည်ဖယ်ရှားခဲ့သလို သမ္မတ အိုဘားမားလည်း လာရောက်ခဲ့ပါတယ်။

သံအမတ်ကြီး ဒဲရက်မစ်ချယ်ဟာ ၁၉၉၀ နောက်ပိုင်း မြန်မာမှာ ပြန်လည်တာဝန်ထမ်းဆောင်ရတဲ့ အမေရိကန်သံအမတ်ကြီး ဖြစ်လာခဲ့ပြီး အဲဒီနောက် စကော့မာစီရယ်၊ သူ့နောက်မှာ အခု ပြန်လည်ထွက်ခွာသွားတဲ့ သံအမတ်ကြီး သောမတ်ဗိုက်ဒါတို့ကို ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အခု ပြန်လည်ထွက်ခွာမယ့် သံအမတ်ကြီးဗိုက်ဒါဟာ မြန်မာမှာ စစ်တပ်က အာဏာမသိမ်းခင်  ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ ရောက်ရှိခဲ့တာဖြစ်ပြီး သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်ခဲ့ပါတယ်။

သူ့ရှေ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သံအမတ်ကြီး ၂ ဦးလုံးဟာ လေးနှစ်စီ တာဝန်ထမ်းဆောင်ခဲ့ကြပေမဲ့ သောမတ်ဗိုက်ဒါကတော့ နှစ်နှစ်မပြည့်ခင်မှာပဲ ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။  

သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီထံ ပေးအပ်တာမျိုးလုပ်ဖို့မလိုဘဲ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ပံ့ကူညီတဲ့ ဗြိိတိန်ရဲ့အခန်း ကဏ္ဍဆက်ရှိနေစေဖို့ သံအမတ်အဆင့်ကနေ သံရုံးယာယီတာဝန်ခံအဖြစ်သာ လျှော့ချစေလွှတ်ဖို့  ဗြိတိန်နိုင်ငံကလည်းဆုံးဖြတ်ခဲ့သလို သြစတြေးလျနိုင်ငံကလည်းအလားတူဆုံးဖြတ်ကာ သံရုံးယာယီတာဝန်ခံတွေသာ ထားရှိခဲ့ပါတယ်။

ဒါပေမဲ့တစ်ဖက်မှာလည်း စစ်ကောင်စီကို သံအမတ်ခန့်အပ်လွှာပေးအပ်ပြီး သံအမတ်ကြီးအဆင့် စေလွှတ်တဲ့ အာရှဒေသတွင်းနိုင်ငံတချို့လည်း ရှိနေပြီး အဲဒီထဲမှာ ထိုင်း၊ အိန္ဒိယတို့လည်း ပါဝင်ပါတယ်။