အစိုးရအဖွဲ့အသစ်လက်ထက်မှာ တရုတ်စီးပွားရေး ဘာတွေဆက်ဖြစ်မလဲ

တရုတ်နိုင်ငံ အစိုးရအဖွဲ့အသစ်မှာ လီကျင်းလို သစ္စာရှိသူ အများစုကိုသာ ခန့်အပ်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံ အစိုးရအဖွဲ့အသစ်မှာ လီကျင်းလို သစ္စာရှိသူ အများစုကိုသာ ခန့်အပ်ထား
ရေးသားခဲ့သည်။

အန်နာဘယ်လာ လီယန်၊စီးပွားရေးသတင်းထောက်

တရုတ်ကွန်မြူနစ်ပါတီ  ညီလာခံ  တနင်္ဂနွေနေ့ကပြီးဆုံးသွားပြီဖြစ်ပြီးတော့ သမ္မတ ရှီကျင့်ဖျင်ကို သမိုင်းဝင် တတိယ ငါးနှစ် သက်တမ်း ဆက်ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။

သူ့ကို ရာထူးဆက်ခန့်အပ်လိုက်မှုနဲ့အတူ သူ့ ရဲ့ လက်ထောက် တရုတ်အစိုးရ ဒုတိယခေါင်းဆောင်ဖြစ်လာတဲ့  လီကျင်းနဲ့နာမည်ကိုလည်း လူတွေက ပိုသတိထားမိလာကြပါတယ်။

 ရှီကျင့်ဖျင်ကို သစ္စာခံသူ လီကျင်းဟာ ဝန်ကြီးချုပ်တာဝန်အပြင်  ကမ္ဘာ့ဒုတိယ အကြီးဆုံး တရုတ် စီးပွားရေးကို စီမံခန့်ခွဲဖို့  တာဝန်အပ်နှင်း ခံထားရပါတယ်။

 အလားတူ  အရင်အပတ်က မထုတ်ပြန်ဘဲ ရွှေ့ဆိုင်းထားတဲ့  စီးပွားရေးဆိုင်ရာ အချက်အလက် ကိန်းဂဏန်းတွေကိုလည်း  တရုတ်အစိုးရက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

 တရုတ်နိုင်ငံရဲ့  စီးပွားရေးဟာ တရုတ်အစိုးရရဲ့ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒတွေနဲ့  အမေရိကန်နဲ့ ကုန်သွယ်ရေးပဋိပက္ခတွေ အပါအဝင် ပြည်တွင်းပြည်ပ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 တိုးတက်မှု နှေးကွေး

စီးပွားရေးတိုးတက်မှုကို ထိခိုက်နိုင်တဲ့ အတွေးအခေါ်ဦးစားပေး မူဝါဒတွေ ရှီကျင့်ဖျင်က ဆက်လုပ်ဖို့ရှိနေတာကြောင့် ဟောင်ကောင် စတော့ ရှယ်ယာစျေးကွက်မှာ တနင်္လာနေ့က စတော့ရှယ်ယာစျေးနှုန်းတွေ ကျဆင်းသွားပြီး  တရုတ် ငွေကြေး ယွမ်တန်ဖိုးက အမေရိကန် ဒေါ်လာထက် စျေးကျသွားတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်နည်းပညာကုမ္ပဏီကြီး အလီဘာဘာနဲ့ တန်းဆန့်တို့ရဲ့  ဟောင်ကောင် စတော့ရှယ်ယာစျေးတွေ ထိုးကျသွားတာကြောင့် ဟန်ဆန်းစတော့စျေးကွက် အညွှန်းကိန်း  ၆ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။

 တရုတ်ပြည်မကြီးက Shanghai Composite အညွှန်းကိန်းကလည်း   ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

 တစ်ချိန်တည်းမှာပဲ  တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ မနှစ်ကလိုပဲ  ဇူလိုင်လကနေ  စက်တင်ဘာလ သုံးလ ပတ်အတွင်းမှာ  ၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခန့်မှန်းချက်တွေ ကျော်လွန်ခဲ့တယ်လို့ သိရပါတယ်။

 ကိုဗစ်ကြောင့် ရှန်ဟိုင်းမြို့ကို လော့ဒေါင်းချထားတဲ့အချိန် အရင် သုံးလအတွင်းက တိုးတက်မှုနှုန်းထက်  0.4% ပြန်လည်အားကောင်းလာပါတယ်။  

 တရုတ်ပါတီ ကွန်မြူနစ်ပါတီကွန်ဂရက် ကျင်းပတဲ့အချိန်မှာ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေ ထုတ်ပြန်ရမှာကို အကြောင်းပြချက်မရှိဘဲ ရွှေ့ဆိုင်းခဲ့ပါတယ်။

အဲ့ဒါကြောင့် တရုတ်နိုင်ငံရဲ့အခြေအနေကို စောင့်ကြည့်နေတဲ့သူ အချို့က တရုတ်စီးပွားရေးရဲ့ အားနည်းမှုတွေရှိနေတာကို ထောက်ပြကြပါတယ်။

"အကြိမ် ၂၀မြောက် ပါတီကွန်ဂရက်မှာ စီးပွားရေးမူဝါဒနဲ့ပတ်သက်တဲ့  လမ်းညွှန်ချက်အသစ်တွေ မထုတ်ပြန်ခဲ့ပါဘူး ။သူတို့ရဲ့  စီးပွားရေး ချဉ်းကပ်မှုဟာ တရုတ်နိုင်ငံရဲ့ လိုလားတောင့်တတဲ့ တိုးတက်မှု အမျိုးအစားကို ပေးစွမ်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ" လို့ စင်ကာပူနိုင်ငံ အရှေ့အာရှ တက္ကသိုလ်က ဘာ့တ်ဟော့မန်က ဘီဘီစီကို ပြောပါတယ်။  

 ဒါပေမဲ့ တရုတ်နိုင်ငံက နောက်ဆုံးထွက်လာတဲ့ စီးပွားရေးတိုးတက်မှုကိန်းဂဏန်းတွဟာ အနောက်နိုင်ငံအများစုနဲ့  နှိုင်းယှဉ်လိုက်ရင်  မြင့်မားတယ်လို့ ထင်ရပေမဲ့ အဲ့ဒီတိုးတက်မှုတွေက  ဆယ်စုနှစ်များစွာကြာ တရုတ်နိုင်ငံမှာတွေ့ရတဲ့ တိုးတက်မှုနှုန်းထက် များစွာနိမ့်ကျနေပြီး၊  ၂၀၂၂ခုနှစ် မတ်လက ချမှတ်ထားတဲ့ ၅.၅ % ရည်မှန်းချက်ထက် နည်းနေပါသေးတယ်။

 အဓိကမြို့ကြီးတွေမှာ  လုံး၀ သို့မဟုတ် တစ်စိတ်တစ်ပိုင်း လော့ဒေါင်းလုပ်တာတွေ ပြုလုပ်ပြီးနောက် စီးပွားရေးတိုးတက်မှုအတွက် သတ်မှတ်ထားတဲ့ လျာထားချက်ရောက်ဖို့ လွဲချော်မှုတွေ ရှိနိုင်တယ်လို့  အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့  ထိပ်တန်းမူ ဝါဒချမှတ်ရေးအဖွဲ့ ပေါ်လစ်ဗျူရိုက သတိပေးပြောခဲ့တာရှိပါတယ်။

တရုတ်နိုင်ငံရဲ့ ဒုတိယခေါင်းဆောင်သစ်

တရုတ်အစိုးရ ရာထူးခန့်အပ်မှုနဲ့အတူ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီခန့်အပ်မှုတွေမှာ ရှီကျင့်ဖျင်ရဲ့ ရွေးချယ်မှုက ကျွမ်းကျင်မှု၊ အတွေ့အကြုံရှိမှုတွေအပြင် သစ္စာစောင့်သိမှုဆိုတဲ့အချက်ကို အဓိကထားရွေးချယ်ခဲ့တာလို့  လေ့လာသူအချို့က ထောက်ပြကြပါတယ်။  

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဒုတိယခေါင်းဆောင်အဖြစ် ရှီကျင့်ဖျင်က လီကျင်းကို ရွေးချယ် ခန့်အပ်ခဲ့ပါတယ်။

သူဟာ လာမယ့်နှစ်မှာ တရုတ်ဝန်ကြီးချုပ်ရာထူး တရားဝင် ထမ်းဆောင်မယ်လို့ ခန့်မှန်းရပြီး တရုတ် ဗဟိုအစိုးရမှာ ဝာာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ သူ့မှာ မရှိပေမယ့် တရုတ်နိုင်ငံ စီးပွားရေးကို စီမံခန့်ခွဲမယ့်ရာထူးကို ရရှိသွားပြီဖြစ်ပါတယ်။

 ဒါပေမဲ့ လီကျင်းရဲ့အသက်က  တရုတ်ထိပ်တန်းခေါင်းဆောင်တွေ ထုံးစံအရ အငြိမ်းစားယူရမယ့် အသက် ငါးနှစ်ပဲလိုပါတော့တယ်။  

 သူက  Zhejiang ပြည်နယ်နဲ့ ရှန်ဟိုင်း  ဒေသတွင်းက  စီးပွားရေးကိစ္စတွေ  စီမံခန့်ခွဲရာမှာ  အနီးကပ်ပါဝင်ခဲ့ပြီး ရှန်ဟိုင်းက တက်စလာကား စက်ရုံကြီးကို တည်ထောင်ရာမှာလည်း အဓိကအခန်းကဏ္ဍက  ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။

"အဲ့ဒီအချက်အလက်ရဆို လီကျင်းက ဒီရာထူးနဲ့ အသင့်တော်ဆုံးလူတစ်ယောက်ပါ။ သူက သမ္မတရှီကို ထောက်ခံသူ ဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေက အရင်ကထက် ပိုထိရောက်လွယ်ကူချောမွေ့သွားမယ်လို့ ပြောချင်ပါတယ်” လို့ Hang Seng Bank China ရဲ့ စီးပွားရေးပညာရှင် ဒန်ဝမ်က ပြောပါတယ်။

"ရှီကျင့်ဖျင်ရဲ့ တတိယသက်တမ်းမှာ ဝန်ကြီးချုပ်နဲ့ သမ္မတကြားက ဆက်ဆံရေးက အရင်ကထက် ပိုကောင်း ပိုပြေပြစ်လာမှာပါ။ ဒါပေမဲ့ အတွင်းပိုင်းက အပြန်အလှန်အာဏာထိန်း​ကျောင်းမှုတွေမှာ ပိုဆိုး ပိုအန္တရာယ်ရှိလာပြီး၊ မူဝါဒပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကလည်း တဖြည်းဖြည်းနဲ့ ရှိလာမှာ လို့  Economist Intelligence Unit (EIU) စီးပွားရေးသုတေသနအဖွဲ့က နစ်ခ်မာရိုးက ပြောပါတယ်။  

 တရုတ်ဝန်ကြီးချုပ်က အာဏာရတရုတ်ကွန်မြူနစ်ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်ပါတယ်။ ပြီးတော့ တရုတ်ဝန်ကြီးချုပ်က အစိုးရဝန်ကြီးဌာနတွေနဲ့  ဗဟိုဘဏ်တို့ ပူးပေါင်းညှိနှိုင်းတာမှာ အဓိကနေရာကပါဝင်ပြီး တရုတ်စီးပွားရေး စီမံခန့်ခွဲတာမှာ  အဓိကနေရာက ပါဝင်ပါတယ်။

 လီကျင်း ရှေ့က ဝန်ကြီးချုပ်တာဝန်ကို ဆယ်စုနှစ်တစ်ခုနီးပါး တာဝန်ယူခဲ့တဲ့  Li Keqiangက လာမယ့်နှစ် မတ်လ သူ့ ရာထူး သက်တမ်းကုန်ဆုံးရင် တာဝန်က အနားယူမယ်လို့ မျှော်လင့်ရပါတယ်။

 ကိုဗစ်လုံးဝကင်းစင်ရေးမှုဝါဒကို ဆက်ထားဖို့ရှိ

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ မတိုင်မီမှာ တရုတ်နိုင်ငံရဲ့  စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်နေတဲ့ တင်းကျပ်တဲ့ ကိုဗစ်လုံး ဝကင်းစင်ရေးမူဝါဒကို ဖြေလျှော့လိမ့်မယ်လို့ အများစုက မျှော်လင့်ထားကြပါတယ်။

 ညီလာခံမစခင် တစ်ရက်အလိုမှာ ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ Sun Yeli က ကိုဗစ် မူဝါဒကို ထောက်ခံကြောင်း ဖော်ပြခဲ့သလို  "ရှေ့မှာ အောင်မြင်မှုက စောင့်ကြိုနေပြီး၊ ဇွဲလုံ့လက အောင်ပွဲဆိုတာ အခိုင်အမာ ယုံကြည်ကြောင်း "ပြောခဲ့ပါတယ်။  

 သူပြောသလို သဘောထားမျိုး ရှီကျင့်ဖျင်ရဲ့  အဖွင့်မိန့်ခွန်းမှာပါ တွေ့ရပါတယ် ။  “ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ရပ်တန့်သွားအောင် ပြည်သူတွေက ဝိုင်းဝန်းကြိုးပမ်း ဆင်နွှဲခဲ့ပြီး ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်း ရေးကို အတတ်နိုင်ဆုံး ကာကွယ်ခဲ့တယ်”လို့ ရှီကျင့်ဖျင်က ပြောခဲ့ပါတယ်။

 ဝါရှင်တန်ဒီစီအခြေစိုက်  Stimson Centerရဲ့  အကြီးတန်းအဖွဲ့ဝင် ယွန်ဆန်ကလည်း တရုတ်နိုင်ငံဟာ  မကြာမီအချိန်တွင်းမှာ  ကိုဗစ်လုံးဝကင်းစင်ရေး စီမံကိန်း အောင်မြင်ဖို့အတွက် လုပ်ငန်းစဥ်တွေကို တိုးမြှင်လုပ်ဆောင်မှုတွေ စတင်လုပ်တော့မယ်လို့ ထင်တဲ့အကြောင်း ပြောပါတယ်။

 "တရုတ်က ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့  ကောင်းကောင်းသိထားကြပြီး ကုန်သွယ်ရေးတိုးတက်မှုအတွက် ဦးစားပေးဆောင်ရွက်မှုတွေ လုပ်သွားမှာပါ။ တရုတ်က ထိန်းချုပ်မှုနဲ့ စီးပွားရေး တိုးတက်မှုကြား အလယ်အလတ်လမ်းကို  ဖြတ်ဖို့ ကြိုးစားနေပါတယ်။ ဒါလည်း မဟုတ်သေးဘူး" လို့ သူက ဘီဘီစီကို ပြောပါတယ်။  

 အလားတူ မူဝါဒရေရှည်တည်တံ့နိုင်မယ့်  ယေဘုယျ သဘောတူညီချက်တစ်ခုရှိမယ်လို့ Hang Seng Bank က ဒန်ဝန်ကလည်း ယုံကြည်နေပါတယ်။  

 ကိုဗစ် သုည ပေါ်လစီချမှတ်ထားတဲ့ တရုတ်အစိုးရဟာ ကိုဗစ်ကြောင့် သေဆုံးမှုတွေထပ်တိုးလာမှာကို တော့လက်ခံမှာ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

 တစ်နိုင်ငံတည်း မသွားဘူး

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကနေ တရုတ်နိုင်ငံက သူ့ကိုယ်သူ ပိတ်ဖို့ လုပ်ရှားမှုတွေ လုပ်နေတယ် ဆိုတဲ့ စိုးရိမ်မှုတွေကလည်း တိုးလာနေပါတယ်။

 တရုတ်နိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အတားအဆီးတွေထဲက တစ်ခုက  အမေရိကန်နဲ့ သူတို့ကြားက ဆက်ဆံရေးပျက်ပြားနေမှု ဖြစ်ကြောင်း  EIUအဖွဲ့က မစ္စတာမာရိုးက ပြောပါတယ်။  

"မကြာခင်ကပြုလုပ်တဲ့  အမေရိကန်ရဲ့  ပို့ကုန်ထိန်းချုပ်မှုတွေက တရုတ်နိုင်ငံရဲ့ နည်းပညာရည်မှန်းချက်ကိုသာ ထိခိုက်တာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ ပြည်တွင်းနည်းပညာကဏ္ဍ အစိတ်အပိုင်းတွေကိုပါ အခက်အခဲ ဖြစ်စေပါတယ်။ အခြေခံကျတဲ့ လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေ ကွဲပြားမှုတွေက တရုတ်နိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့  ခက်ခဲမယ်လို့ သူက ဆက်ပြောပါတယ်။

“ရှေ့မှာကြုံရမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့  ရှင်းရှင်းလင်းလင်းပြောရရင် ရှီရဲ့နောက် သက်တမ်းမှာတာဝန်ယူမယ့် စီးပွားရေးစီမံခန့်ခွဲမှုအဖွဲ့ဟာ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ စွမ်းဆောင်ရည်မြင့်မားပြီး အတွေ့အကြုံရှိဖို့ လိုအပ်ပါတယ်” လို့ မစ္စတာ ဟော့မန်က ပြောပါတယ်။  

ဒါပေမဲ့  တရုတ်နိုင်ငံဟာ  နိုင်ငံတကာကုန်သွယ်မှုကို ဆက်ဖွင့်ထားဖို့ ကတိပြုစီစဥ်ထားတယ်လို့  တနင်္ဂနွေနေ့တုန်းက ရှီကျင့်ဖျင်က ပြောထားပါတယ်။

 "ကမ္ဘာကြီးမရှိဘဲ တရုတ်နိုင်ငံက မဖွံ့ဖြိုးနိုင်သလို ကမ္ဘာကြီးကလည်း တရုတ်ကို လိုအပ်ပါတယ်"

 “ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမြင်သာမှုဆီကိုသွားနေတဲ့ နှစ် ၄၀ ကျော် ကြိုးပမ်းအားထုတ်မှု ခရီးလမ်းတစ်လျှောက်မှာ  လျင်မြန်တဲ့  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ရေရှည်လူမှုရေး တည်ငြိမ်မှု အံ့ဖွယ်ကိစ္စနှစ်ခုကို ဖန်တီးလုပ်ဆောင်နိုင်ခဲ့ကြောင်း” ရှီကျင့်ဖျင်က ပြောပါတယ်။