ပါကစ္စတန် အသေခံဗုံးခွဲမှု လူ ၅၀ ကျော် သေ၊ ၅၀ ကျော် ဒဏ်ရာရ

လူနာတင်ယာဥ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ မထုတ်ပြန်သေး
ရေးသားခဲ့သည်။

ပါကစ္စတန်နိုင်ငံက အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုအတွင်း အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ခရိုင်က ဗလီတစ်ခုအနီးမှာ စက်တင်ဘာ ၂၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

တမန်တော်မိုဟာမက် မွေးနေ့အတွက် လူတွေစုဝေးနေချိန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဘာလိုချီစတန်အာဏာပိုင်တွေက အရေးပေါ်အခြေအနေထုတ်ပြန်ထားပြီး ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ မထုတ်ပြန်သေးပါဘူး။

အလားတူပဲ ခိုင်ဘာပထန်ခွာခရိုင် ပက်ရှ်ဝါမြို့အနီးက ဗလီတစ်ခုမှာလည်း အလားတူပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

တမန်တော်မိုဟာမက် မွေးနေ့အတွက် လူတွေစုဝေးနေချိန်မှာ ပေါက်ကွဲခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တမန်တော်မိုဟာမက် မွေးနေ့အတွက် လူတွေစုဝေးနေချိန်မှာ ပေါက်ကွဲခဲ့

ပက်ရှ်ဝါအနီး ဟန်ဂူးက တိုက်ခိုက်မှုမှာ သေဆုံးသူ ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။

ဒါပေမဲ့ ဗလီ ခေါင်မိုးပြိုကျမှုကြောင့် အပျက်အစီးတွေအောက်မှာ လူတွေအများကြီးပိတ်မိနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဗလီက လူ ၄၀ ကနေ ၅၀ လောက်အထိ ၀င်ဆန့်တယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

ဘာလိုချီစတန်ခရိုင် မတ်စတန်းမြို့မှာ ဒဏ်ရာရရှိသူတွေကို ရှာဖွေကယ်ဆယ်နေတာကို အခင်းဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ရုပ်သံတွေမှာ မြင်တွေ့ရပါတယ်။

အသေခံဗုံးခွဲမှုဖြစ်တယ်လို့ ခရိုင်ရဲချုပ်အက်ဘ်ဒူ ခါလစ် ရှိတ်က အတည်ပြုထားပါတယ်။

ပါကစ္စတန်ပြည်ထဲရေး၀န်ကြီး ဆာဖရက် ဘက်တီက အင်မတန်စက်ဆုတ်စရာ တိုက်ခိုက်မှုဖြစ်ပြီး ဘာလိုချီစတန်နဲ့ ဟန်ဂူးတိုက်ခိုက်မှုတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေလို့ ပြောပါတယ်။

မြေပုံ

အာဖဂန်နစ္စတန် - အီရန် နယ်စပ်က ဘာလိုချီစတန်ဟာ ပါကစ္စတန်မှာ အကြီးဆုံး ခရိုင်ဖြစ်ပြီး ပါကစ္စတန်က တာလီဘန် လို့သိကြတဲ့ တာရက် အီ တာလီဘန် ပါကစ္စတန်(TTP) နဲ့ အိုင်အက်စ်အပါအ၀င် လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်တာ ခံရလေ့ရှိပါတယ်။

စက်တင်ဘာ ၂၉ ရက်တိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ TTP က ထုတ်ပြန်ထားပါတယ်။

အဲဒီခရိုင်ထဲမှာပဲ အခုလအစောပိုင်းမှာ ပေါက်ကွဲမှုတစ်ခုကြောင့် နာမည်ကျော်မွတ်စလင်ခေါင်းဆောင်တစ်ဦးအပါအ၀င် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ကလည်း အနောက်မြောက်ပိုင်း ခိုင်ဘာပထန်ခွာခရိုင်မှာ ပြုလုပ်တဲ့ ဘာသာရေးအခြေခံနိုင်ငံရေးပါတီ အခမ်းအနားတစ်ခုမှာ ပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။