အပစ်ရပ်မစသေးခင် ဂါဇာက ပစ်မှတ် ၃၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးပြော

အစ္စရေးစစ်တပ်က ဂါဇာမှာ တိုက်ခိုက်မှုတွေ ဆက်လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, reuters

ဓာတ်ပုံ ပုံစာ, အစ္စရေးစစ်တပ်က ဂါဇာမှာ တိုက်ခိုက်မှုတွေ ဆက်လုပ်နေ
ရေးသားခဲ့သည်။

ဂါဇာကမ်းမြောင်မှာ ယာယီ အပစ်ရပ်ဖို့ ရှိနေပေမဲ့ အပစ်ရပ် မစနိုင်သေးခင်မှာ ဂါဇာဘက်က ဟားမတ်စ် ပစ်မှတ် ၃၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ဒီနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

မနေ့က တိုက်ခိုက်မှုတွေကို လေကြောင်းက ပြုလုပ်ခဲ့ပြီး ဟားမတ်စ် ဌာနချုပ်စခန်းတွေ၊ မြေအောက်လိုဏ်ခေါင်းတွေ၊ ဖောက်ခွဲရေးပစ္စည်း ဂိုဒေါင်တွေ၊ ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်တဲ့နေရာတွေနဲ့ တင့်ဖျက်ဒုံးနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာ မြောက်ပိုင်းက ဂျာဘလာယာ နေရာတစ်ဝိုက်နဲ့ ဘိတ်ဟန်နွန်းမှာတွေ့ခဲ့တဲ့ လိုဏ်ခေါင်း တစ်ခုကို ဖျက်ဆီးခဲ့တယ်လို့လည်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့က ဆိုပါတယ်။

ယာယီအပစ်ရပ်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲဒီလေးရက်အပစ်ရပ်ရေး နှောင့်နှေးနေချိန်မှာ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အပစ်ရပ်ရေး ကြားဝင်ညှိနှိုင်းနေတဲ့ ကာတာရဲ့ အဆိုအရတော့ အပစ်ရပ်စမယ့် အချိန်ကို နာရီပိုင်းတွေအတွင်း ကြေညာနိုင်မယ်လို့ ဆိုပါတယ်။

အခုလို နှောင့်နှေးနေတာကလည်း သဘောမတူညီမှုတွေ ဆိုတာထက် နှစ်ဖက်လုပ်ဆောင်ရမယ့် စာရွက်စာတမ်းတွေ မပြည့်စုံသေးတာကြောင့်လို့ ဆိုပါတယ်။

အစ္စရေး စစ်တပ်က ထုတ်ပြန်တဲ့ အယ်လ်ရှီဖာဆေးရုံအောက်က ဟားမတ်စ်တို့ရဲ့ လိုဏ်ခေါင်းအဝ တစ်ခုပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေး စစ်တပ်က ထုတ်ပြန်တဲ့ အယ်လ်ရှီဖာဆေးရုံအောက်က ဟားမတ်စ်တို့ရဲ့ လိုဏ်ခေါင်းအဝ တစ်ခုပုံ

အပစ်ရပ် ပထမအဆင့်မှာ ဂါဇာထဲက ဓားစာခံ ၅၀ ကို ဟားမတ်စ်က လွှတ်ပေးမှာ ဖြစ်ပြီး အစ္စရေးဘက်ကတော့ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း ၁၅၀ ကို လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာပဲ ယူကေ နိုင်ငံခြားရေး ဝန်ကြီး လော့ဒ် ကင်မရွန်း အစ္စရေးကို ရောက်နေပြီး အောက်တိုဘာ ၇ ရက် မှာ ဟားမတ်စ်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလုပ်ခဲ့တဲ့ စုပေါင်း အိမ်ရာ ကီဘွတ်စ် ဘယ်ရီကို သွားရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဟားမတ်စ်က အစ္စရေးဘက်ခြမ်းကို ဝင်တိုက်ခဲ့ပြီးကတည်းက အစ္စရေးက ဂါဇာဘက်ကို တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဟားမတ်စ်တို့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၁,၂၀၀ သေဆုံးခဲ့ပြီး လူ ၂၄၀ ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံရပါတယ်။

ဂါဇာဘက်မှာတော့ အစ္စရေးဘက်က တုံ့ပြန် တိုက်ခိုက်မှုတွေကြောင့် လူ ၁၄,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမတ်စ်တို့ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။