ဒီဇင်ဘာ ၂၁ ရက် ထိပ်တန်းသတင်းများ - မန္တလေးနန်းတွင်းက စစ်ကောင်စီအဆောင်တွေတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
မန္တလေးနန်းတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အထူးရုံးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေထိုင်ရာ အဆောင်၊ တိုင်းမှူးနဲ့ ဒုတိယတိုင်းမှူးအဆောင်တွေကို ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်းမှာ မြို့ပြပြောက်ကျားအဖွဲ့တွေက ရှော့တိုက်ဒုံး (၅) လုံးနဲ့ ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်သလို ဒေသခံတွေကလည်း ပေါက်ကွဲသံတွေကြားခဲ့ရကြောင်း ဘီဘီစီကို ပြောပါတယ်။
"မနက်အစောကြီး အသံအကျယ်ကြီးကြားလိုက်ရတယ်။ ဒီမနက်တော့ အစစ်အဆေးပိုများတယ်။ နန်းတွင်းအဝင်အထွက်လည်း ပိုတင်းကျပ်သွားတယ်" လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့တဲ့ Brave Warriors For Myanmar (BMW)ကတော့ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးသူရှိသလို နန်းတွင်းက စစ်တပ်အရာရှိတွေ နေရာအပြောင်းအရွေ့လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘီဘီစီအနေနဲ့ကတော့ စစ်တပ်အရာရှိသေဆုံးမှုရှိ၊မရှိ သီးခြားအတည်မပြုနိုင်သေးဘဲ နန်းတွင်းထဲ လူနာတင်ယာဉ်တွေဝင်ရောက်ခဲ့ကြောင်းကိုသာ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
ဒီတိုက်ခိုက်မှုကို BMW အဖွဲ့အပါအဝင် Mandalay Security and Special Task Force၊ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ No More Dictatorship NMD-PDF တို့ ပူးပေါင်းလုပ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။
မနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့တုန်းကလည်း မန္တလေးမြို့ပေါ်က စစ်ကောင်စီရဲစခန်းနဲ့ နန်းတွင်းစစ်စခန်းတွေကို ရွှေပြည်စိုးစစ်ဆင်ရေးအဖြစ် ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ People's Defense Force - Mandalay က ထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်တွေ၊ တောကန်ရွာက အေအေနိုင်ငံရေးရုံးမီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
စစ်ကောင်စီနဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာက ရက္ခိုင့်တပ်တော်အေအေရဲ့ နိုင်ငံရေးရုံး(ULA) ကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ရွာသားတွေက အတည်ပြုပြောဆိုကြပါတယ်။
အင်အား ၇၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာ တောကန်ကျေးရွာကိုဝင်ရောက်လာခဲ့ကြပြီး ကျေးရွာရဲ့ မြောက်ဘက်ရွာ စပ်မှာတည်ရှိတဲ့ ULA ရုံးကို မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီရုံးနေရာမှာ အဆောင်လေးဆောင်ရှိပြီး အားလုံးမီးလောင်ကျွမ်းသွားခဲ့တယ်လို့သိရသလို စစ်ကောင်စီတပ်သားတွေ အခုလိုရွာထဲဝင်ရောက်မီးရှို့မှုတွေပြုလုပ်နေတဲ့အတွက် ရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ကြတာကြောင့် နောက်ထပ်နေအိမ်တွေကိုဆက်ပြီး မီးလောင်ကျွမ်းမှုရှိ၊ မရှိဆိုတာကိုတော့ မသိရသေးကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။
မနက်ပိုင်း ၈ နာရီလောက်မှာ ဒရုန်းတစ်စင်းဟာ တောကန်ကျေးရွာအပေါ်ကနေပျံဝဲနေတာတွေ့ရတဲ့အတွက် အဲ့ဒီဒရုန်းကိုစောင့်ကြည့်နေကြတဲ့အချိန်မှာ စစ်ကြောင်းတစ်ခုက ရွာထဲဝင်ရောက်လာတာကြောင့် ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း တောကန်ကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့လာရောက်ဗုံးချ ခဲ့တဲ့အတွက် ၁၀ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာနဲ့ ခမောင်းတောကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်လာပြီး နေအိမ်တွေနဲ့ ရိတ်သိမ်းထားတဲ့စပါးတွေကို မီးရှို့ဖျက်ဆီးတာ တွေရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးပစ်တာ မီးရှို့တာ၊ ဒရုန်းနဲ့ဗုံးချတာတွေကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေအများအပြားရှိနေပြီဖြစ်ပါတယ်။
စစ်တပ်ဘက်ကတော့ ရခိုင်ပြည်နယ်ထဲကသတင်းတွေနဲ့ ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန် တာမရှိသေးပါဘူး။
မတူပီ၊ ထယ်ဘွေးရွာတပ်စခန်း တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, CDF Matupi
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦးသေဆုံး
ချင်းပြည်နယ်၊ မတူပီနဲ့ ပလက်ဝ အစပ် ထယ်ဘွေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၁၉ရက်နေ့တုန်းက ချင်းတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၁၈ ရက်မနက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူပေးခဲ့တယ်လို့ CDF မတူပီကပြောပါတယ်။
''ထယ်ဘွေးမှာတိုက်ပွဲဖြစ်ပေမဲ့ လေစင်ရွာနဲ့ ဗန်ကိုင်းရွာတွေဘက်ကို ဗုံးဆက်တိုက်ကြဲခဲ့တာပါ။ လေစင်မှာက ကျောင်းဆောင်ပဲထိတာ၊ ဗန်ကိုင်းမှာတော့အရပ်သားလေးဦး ထိပြီးသေဆုံးခဲ့ပါတယ်'' လို့ CDF မတူပီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသေဆုံးသူတွေဟာ အသက် ၇၀ နဲ့ အသက် ၅၀ အရွယ်တွေ ဖြစ်ကြပြီး အမျိုးသမီးတစ်ဦးလည်းပါဝင်ပါတယ်။ ဗန်ကိုင်းရွာသားသုံးဦးထက်မနည်းလည်း ကျည်စထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။
ဒါအပြင် ထယ်ဘွေးစခန်းကနေ ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မနေ့ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းရော ဒီကနေ့ မနက်ပိုင်းမှာပါ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ CDF မတူပီကပြောပါတယ်။
မတူပီမြို့ပေါ်နဲ့ ၉ မိုင်အကွာမှာ ဖြစ်တာကြောင့် မြို့ပေါ် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပေးနေတယ်လို့ သိရပါတယ်။
မြန်မာမြောက်ပိုင်းမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တရုတ် ထပ်တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, The Kokang
မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေအားလုံးက အပစ်ရပ်သဘောတူညီချက်တွေအတိုင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့လိုတယ်လို့ တရုတ်အစိုးရက ထပ်ပြောလာပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောခွင့်ရသူ ဝမ်ဘင်းဘင်းက ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက် ဆက်တိုက်ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယအကြိမ်ထပ်ပြောတာဖြစ်ပါတယ်။
မြန်မာမြောက်ပိုင်းကတိုက်ပွဲတွေနဲ့ပတ်သက်လို့ အပစ်ရပ်သဘောတူချက်ရှိပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အပေါ် တကယ့်အပစ်ရပ်ရေးဖြစ်လားဆိုတဲ့ သတင်းထောက်ရဲ့မေးခွန်းကို ဝမ်ဘင်းဘင်းက တုံ့ပြန်ဖြေကြားတာပါ။
တရုတ်နိုင်ငံရဲ့ ကမကထကြားဝင်စေ့စပ်ပေးမှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့တို့ကြား ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာဆွေးနွေးခဲ့ကြပြီး ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဝမ်ဘင်းဘင်းကထည့်ပြောပါတယ်။
'' သဘောတူညီချက်တွေကို စိတ်အားထက်သန်မှုနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ကာ အမြင့်ဆုံးအဆင့်နဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီး မြေပြင်တင်းမာမှုတွေကို ဖြေလျှော့ပေးနိုင်ဖို့ မျှော်လင့်တယ်'' လို့ ဝမ်ဘင်းဘင်းကပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပဋိပက္ခတွေအဆုံးသတ်ပြီး မြန်မာမြောက်ပိုင်းမှာ ဆွေးနွေးပွဲပိုဖြစ်လာဖို့နဲ့ စစ်ရှိန်လျော့ကျရေး သက်ဆိုင်ရာအစုအဖွဲ့တွေအားလုံးနဲ့ ဆက်ပြီးပူးပေါင်းဆောင်ရွက်မယ်လို့ လည်း ဆိုပါတယ်။
ကိုးကန့်ဒေသရှိ တရုတ်- မြန်မာနယ်စပ် ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်လိုက်ပြီလို့ ပြောလိုက်တဲ့နောက်မှာလည်း တရုတ်ဘက်ကဒီလိုတိုက်တွန်းမှုထပ်ထွက်လာတာပါ။
အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆေးရေးအတွင်း ရန်လုံကျိုင်းနယ်စပ်ဂိတ်ဟာ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ပဉ္စမမြောက် သိမ်းယူခဲ့တဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်လာပါတယ်။
စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တွေ့ဆုံကြပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းက အနည်းဆုံး မြို ၅ မြို့ မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တအာင်းတပ် (TNLA) က မြို့ ၂ ခုကို သိမ်းယူထားသလို ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ MNDAA ကျောထောက်နောက်ခံပြု The Kokang မီဒီယာ က ဖော်ပြထားပါတယ်။








