ချစ်သူကို သတ်ဖြတ်မှုနဲ့ ထောင်ကျနေတဲ့ အော်စကာ ပစ်စ်တိုးရီယပ်စ် ပြန်လွတ်မြောက် - ဇန်နဝါရီလ ၅ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ချစ်သူအမျိုးသမီးကို သတ်ဖြတ်မှုနဲ့ ထောင်ကျနေတဲ့ ပါရာလံပစ် ချန်ပီယံဟောင်း တောင်အာဖရိကနိုင်ငံသား အော်စကာ ပစ်စ်တိုးရီယပ်စ်ဟာ ထောင်ထဲမှာ ၈ နှစ်ခွဲ ကျခံပြီးတဲ့နောက် ခံဝန်ချုပ်နဲ့ လွတ်မြောက်လာပါတယ်။
ခြေနှစ်ဖက်လုံးပြတ်နေတဲ့ အားကစားသမားဟာ ၂၀၁၃ ခုနှစ်တုန်းက သူ့အိမ်မှာ မစ္စရီဗာ စတင်းကမ့်ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး တဲ့နောက် ဒီအမှုဟာ တကမ္ဘာလုံးက စိတ်ဝင်တစားရှိကြတဲ့အမှု ဖြစ်သွားခဲ့ပါတယ်။
သူက အိမ်ထဲကို ဖောက်ထွင်း ခိုးဝင်တဲ့သူလို့ ထင်မှတ်မှားပြီး မှားယွင်းပစ်ခတ်ခဲ့တာ လို့ ဆိုခဲ့ပါတယ်။
ပစ်စ်တိုးရီယပ်စ်ဟာ နောက်ထပ် ၅ နှစ်တာကာလကို တင်းကျပ်တဲ့ ခံဝန်ချုပ် စည်းမျဉ်းတွေအောက်မှာ နေရင်း ဖြတ်သန်းရမှာ ဖြစ်ပြီး ဖောက်ဖျက်ရင် ပြန် အဖမ်းခံရမှာပါ။
တောင်အာဖရိကမှာ အမျိုးသမီးတွေအပေါ်ပစ်မှတ်ထား အကြမ်းဖက်မှုတွေကို အသေအချာတင်းကြပ်တယ်ဆိုတာကို ဒီအဖြစ်က ပြနေတာလို့ သေဆုံးသွားသူရဲ့ မိခင်ဖြစ်သူ ဂျွန်း စတင်းကမ့်က ဆိုပါတယ်။
အစ္စရေးက စွပ်စွဲတာကို ကုလသမဂ္ဂက ပြန်တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လုံခြုံရေးဆိုင်ရာ ဘေးမကင်းတာတွေ၊ လမ်းတွေက ပျက်နေတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ ကြန့်ကြာနေတာတွေ အပါအဝင် အမျိုးစုံသော အကြောင်းရင်းတွေကြောင့် ဂါဇာကို အကူအညီတွေပို့ဆောင်ဖို့အတွက် အခက်အခဲတွေ အများအပြားကြုံနေရတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေက ပြောပါတယ်။
ကုလသမဂ္ဂက အကူအညီပေးရေးတွေ ဂါဇာမှာ နှောင့်နှေးနေတယ်လို့ အစ္စရေးက ဝေဖန်တာကို သူတို့က ပြန်တုံ့ပြန်လိုက်တာပါ။
တိုက်ပွဲတွေ ဖြစ်နေတာ၊ သွားလာဖို့ ငြင်းပယ်ခံရတာစတဲ့ အကြောင်းတွေကြောင့် ဂါဇာမြောက်ပိုင်းကို ပြီးခဲ့တဲ့ ၄ ရက်အတွင်း အစားအစာတွေ၊ ဆေးဝါးတွေ မပို့နိုင်ခဲ့ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။
တောင်နဲ့မြောက်ကိုရီးယား ရေပိုင်နက် အစပ်နားကပင်လယ်ထဲကို မြောက်ကိုရီးယားက အမြောက်ကျည်တွေပစ်

ဓာတ်ပုံ ရင်းမြစ်, SOUTH KOREA MINISTRY OF DEFENCE
တောင်နဲ့မြောက်ကိုရီးယား ရေပိုင်နက် ၂ ခု အစပ်နားမှာရှိတဲ့ တောင်ကိုရီးယားပိုင် ယွတ်ပြောင်း ကျွန်းနားက ပင်လယ်ပြင်ထဲကို မြောက်ကိုရီးယားက အမြောက်ကျည်တွေ ၂၀၀ ကျော်ပစ်ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား မရိမ်းတပ်ဖွဲ့ဝင်တွေဟာ ကျည်အစစ်တွေသုံးပြီး အဲဒီကျွန်းပေါ်မှာ စစ်ရေးလေ့ကျင့်နေကြပါတယ်။
မြောက်ကိုရီးယားက အမြောက်တွေ ပစ်ခဲ့ပြီး နာရီပေါင်းအတော်ကြာမှ ယွတ်ပြောင်းကျွန်းနဲ့ အဲဒီကျွန်းအနားက တခြားကျွန်းငယ်တွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အကာအကွယ်ရှိတဲ့ ခိုလှုံရာနေရာတွေဆီကို ပြောင်းဖို့ အမိန့် ထုတ်ပါတယ်။
၂၀၁၀ ခုနှစ်တုန်းက ယွတ်ပြောင်းကျွန်းကို မြောက်ကိုရီးယားက အမြောက်တွေနဲ့ ပစ်တာကြောင့် လူ ၄ ယောက် သေဆုံးသွားပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာအတွင်း တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေး က ဆိုးဆိုးဝါးဝါးကို ကျဆင်းနေပါတယ်။








