စက်တင်ဘာ ၁၃ ရက်ထိပ်တန်းသတင်းများ - မြဝတီထွေအုပ်ရုံးတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတွေ ဆေးကုနေရဆဲ

ရေးသားခဲ့သည်။

စစ်ကောင်စီတပ် အခြေချတပ်စွဲနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အခုလအစောပိုင်းတုန်းက ဗုံးပစ်ချ တိုက်ခိုက်ခံရမှုက ဒဏ်ရာရသူ ၁၀ ဦးဟာ ဆေးကုသနေရဆဲလို့ ဘီဘီစီရဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

အစောပိုင်း ဒဏ်ရာရသူ ၁၁ ဦးရှိပြီး အဲဒီထဲက တစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် ဒဏ်ရာရသူ ၁၀ ဦးဟာ အခုအထိ ကုသမှုခံယူနေရဆဲဖြစ်ပါတယ်။

အဲဒီထဲက ခရိုင်ရဲမှူးနဲ့ ဒုရဲအုပ်တစ်ဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ ဆေးကုနေရဆဲဖြစ်ပြီး ကျန်တဲ့ ၇ ဦးကတော့ မြဝတီနဲ့ သင်္ဃန်းညီနောင်ဆေးရုံတွေမှာ ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

''ဒဏ်ရာပြင်းလို့ မဲ‌ဆောက်မှာ လာကုရတဲ့သူ‌ ၅ ဦးထဲက ခရိုင်ရဲမှူးနဲ့ ဒုရဲအုပ်ကတော့ မဲဆောက်မှာပဲ။ ကျန်တဲ့ ၃ ဦးကတော့ မြန်မာဘက်ကို ပြန်ရောက်သွားပြီ'' လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်အခြေစိုက် Federal Wings ဒရုန်းတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်ညမှာ စစ်ကောင်စီထွေအုပ်ဝန်ထမ်းတွေ အစည်းအဝေးကျင်းပနေချိန် ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဥ်ကို လာစုံစမ်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ချိန် နောက်ထပ်ဗုံးတစ်လုံးကြဲချခဲ့တာပါ။

ဗုံးစထိမှန်ပြီး စစ်ကောင်စီ ခရိုင်အုပ်ချုပ်ရေးမှူး၊ ထွေအုပ်ဦးစီးအရာရှိ၊ ခလရ ၂၇၅ ယာယီတပ်ရင်းမှူးနဲ့ ထွေအုပ်ဝန်ထမ်း ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦး အဲဒီညမှာတင် သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ထွေအုပ်ရုံးဗုံးပစ်ချတိုက်ခိုက်ခံရတာမှန်ကန်ပြီး ဒဏ်ရာရသူတွေရှိတယ်လို့သာ သတင်းထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးသူ ရှိ၊ မရှိကိုတော့ အဲဒီအချိန်က အတည်မပြုပေးခဲ့ပါဘူး။

မုံရွာထောင် က နိုင်ကျဥ်းတွေရဲ့ တောင်းဆိုချက်တွေကိုလိုက်လျော

အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တဲ့ မုံရွာအကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထောင်အာဏာပိုင်တွေက လိုက်လျောပေးလိုက်ပြီလို့ ဒီကနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း ထောင်တွင်း က ရတဲ့သတင်းကိုကိုးကားပြီးမုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

စစ်အာဏာသိမ်းဆန့်ကျင်တော်လှန်သူတွေနဲ့ ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားအများစုကို ထိန်းသိမ်းထားတဲ့ မုံရွာအကျဉ်းထောင်ထဲမှာ အထူးရှာဖွေရေးအဖွဲ့ဆိုပြီးဝင်ရောက်စစ်ဆေးတာနဲ့ အကျဥ်းသားတွေရဲ့ ပစ္စည်းတွေကိုသိမ်းဆည်းတာတွေကြောင့် အစာငတ်ခံဆန္ဒပြတောင်းဆိုမှု ဖြစ်ခဲ့တာပါ။

စက်တင်ဘာ ၈ ရက်နေ့ကစလို့ အမျိုးသားအဆောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက ဆန္ဒပြမှုကို စတင်ခဲ့ပြီး သူတို့ရဲ့ အကျဉ်းသားအခွင့်အရေးတွေရဖို့ တောင်းဆိုခဲ့ရာကနေ စက်တင်ဘာ ၁၂ရက်အထိ ဆန္ဒပြသူ အယောက် ၅၀ အထိ ရှိခဲ့တာပါ။ တောင်းဆိုနေသူအားလုံးဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြပြီး မုံရွာသပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင်လည်း စက်တင်ဘာ ၁၁ ရက်မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဆန္ဒပြနိုင်ငံရေးအကျဥ်းသားတွေ တောင်းဆိုခဲ့တဲ့အဲ့အချက်တွေထဲရှာဖွေရေးအဖွဲ့က သိမ်းဆည်းသွားတဲ့ပစ္စည်းတွေကို ပြန်ပေးဖို့ နဲ့ ထောင်ဝင်စာတင်းကျပ်မှုတွေကိုပါဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

မြန်မာစစ်သားတွေထိုင်းဘက်ဝင်ရောက်မှု စုံစမ်းဖို့ထိုင်းအမတ်တောင်းဆို

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းဆီကို မြန်မာစစ်သား အယောက် ၁၀၀ နီးပါး ဝင်ရောက်နေထိုင်ခဲ့ကြမှုကို စုံစမ်းစစ်ဆေးဖို့ Fair Party လွှတ်တော်အမတ်က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကရင်ပြည်နယ်နဲ့နယ်စပ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို မြန်မာစစ်သားတွေ ဝင်‌ရောက်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဥ်အမှန်သာဆိုရင် လူထုကို အမှန်အတိုင်းသတင်းထုတ်ပြန်ဖို့ လွှတ်တော်အမတ် ခန်နဝီ ဆုဆန် က တောင်းဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ နှစ်နိုင်ငံနယ်စပ်အနီးက စစ်ကောင်စီတပ်ရဲ့ ထီးကလယ်ပယ် စစ်တပ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KTLA)က တိုက်ခိုက်ချိန် စခန်းကနေ ဆုတ်ခွာတဲ့စစ်သားတွေနဲ့ စစ်ရဟတ်ယာဥ်နဲ့လာချသွားတဲ့စစ်သားတွေ ထိုင်းဘက်ကို ဝင်ရောက်ခဲ့ကြတာလို့ ဘီဘီစီက သိရှိရပါတယ်။

အခုတော့ ထိုင်းလွှတ်တော် အမတ်က ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းလိုက်တာပါ။

နယ်စပ်က တက်ကြွလှုပ်ရှားသူတွေပြောကြားချက်၊ မြန်မာနဲ့ ကရင်ဘာသာ သတင်းဖော်ပြချက်တွေအရ ထိုင်းနိုင်ငံထဲက ကျေးရွာနှစ်ရွာကို စက်တင်ဘာလ ၃ ရက်မှာ မြန်မာစစ်သားတွေ ဝင်ရောက်ခဲ့တယ်ဆိုတာကို သိရှိရတယ်လို့သူက ကိုးကားပြောဆိုပါတယ်။

မြန်မာစစ်သားတွေ ထိုင်းဘက်ဝင်လာတဲ့ဖြစ်ရပ်ကို ဒေသခံတွေက ထိုင်းစစ်သားတွေကို အကြောင်းကြားခဲ့ပေမဲ့ စက်တင်ဘာလ ၅ ရက်နေ့ ကျမှ ထိုင်းစစ်တပ်က မြန်မာစစ်သားတွေနဲ့ သူတို့ကို ဝိုင်းထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ကြား ညှိနှိုင်းပေးခဲ့တယ်လို့ သိရတယ်ဆိုပြီးသူကပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်ဟာ မြန်မာစစ်တပ်ဘက်က ရပ်တည်နေတယ်လို့ KTLA ဘက်က ယူဆသွားနိုင်ဆိုပြီး သူက ထောက်ပြပြောဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဒီဖြစ်စဥ်ကို စုံစမ်းစစ်ဆေးသင့်သလို နိုင်ငံတကာဆက်ဆံရေးပြဿနာတစ်ခုကို ရှုမြင်ဖြေရှင်းသင့်တယ်လို့ သူကပြောပါတယ်။