ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၂၈ရက် ထိပ်တန်းသတင်းများ
နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့ ဆို
ဒီကနေ့ နိုဝင်ဘာ ၂၈ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က အလယ်တောကျေးရွာတဝိုက်ကို တိုက်လေယာဉ်နှစ်စီးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
"တိုက်ပွဲက နေ့လယ်မှာအသံတွေရပ်သွားတယ်။ အင်ကြင်းကုန်းကိုရှို့တယ်၊ ပြီးတော့ အလယ်တောကို ရှို့နေတာ အခုထိ မီးခိုးမြင်နေရတုန်းပဲ။ လေယာဉ်က ဘာအမျိုးအစားလည်း သေချာမသိဘူး။ ခေါင်းကအဖြူနဲ့ အတောင်ပံက စစ်ရောင်နဲ့ဗျ၊ တစ်ခါပစ် သုံးလုံးနှုန်းနဲ့ ဆယ်ချီကို ပစ်သွားတယ်" လို့ မြေပြင်မှာရှိနေသူ ထီးချိုင့်ဒေသခံတစ်ဦးက ဆိုပါတယ်။
မနေ့ နိုဝင်ဘာ ၂၇ရက်ကစတဲ့ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုများနိုင်သ လို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေမှာပါ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ထီးချိုင့်မြို့နယ်အတွင်းက အခြေအနေနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။
အစာအဆိပ်သင့်လို့ မိသားစု ၆ယောက် ၃ရက်အတွင်း သေဆုံးခဲ့
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းအထက်ပိုင်း သက်ထင်ကျေးရွာက မိသားစု ၆ ယောက်ဟာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အတွင်းမှာ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီသေဆုံးသွားသူတွေဟာ မြိုလူမျိုးတွေဖြစ်ကြပြီး ရုတ်တရက်အသက်ရှုကြပ်တဲ့ဝေဒနာကိုခံစားလာရတဲ့အတွက် ဆေးရုံမှာဆေကုသမှုခံယူနေရင်း အခုလိုသေဆုံးသွားခဲ့ကြတာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၇၀ အရွယ် ဒေါ်အောင်မ၊ အသက် ၅၄ နှစ်အရွယ် ဦးသောကြာအောင်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်ခိုင်သန်းနုနဲ့ အသက် ၂၇ နှစ်အရွယ် မစန္ဒာဝင်း၊ အသက် ၂၃ နှစ်အရွယ် မစိုးသန်းနဲ့ အသက် ၁၃ နှစ်အရွယ် မောင်ကျော်ငြိမ်းထွန်းတို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းထမင်းစားပြီးချိန် ၈ နာရီကျော်လောက်မှာ မိသားစုငါးဦးလုံးအသက်ရှုကြပ်တဲ့အတွက် ကျောက်တော်ဆေးရုံကို သွားကြရာ အခြေအနေပြင်းထန်လာတာကြောင့် ဝဲကြီးထောင့် တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြစဉ် ည ၁၁ နာရီလောက်မှာ သမီးငယ်ဖြစ်သူ မစိုးသန်းသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကျန်တဲ့မိသားစု လေးဦးတို့ကို တိုက်နယ်ဆေးရုံကနေ ကျော်တော်ဆေးရုံကိုထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာ ၂၆ ရက်နေ့ညမှာပဲ သမီးကြီး မစန္ဒာဝင်း၊ မိခင်ဖြစ်သူ ဒေါ်ခိုင်သန်းနုနဲ့ သားငယ်ဖြစ်သူ မောင်ကျော်ငြိမ်းထွန်းတို့သုံးဦး သေဆုံးခဲ့တာပါ။
အဲ့ဒီအချိန် ရွာမှာကျန်ခဲ့တဲ့ ခွေးတစ်ကောင်လည်းသေဆုံးသွားပြီး အဘွားဖြစ်သူ ဒေါ်အောင်မပါ အသက်ရှုျပ်တဲ့ဝေဒနာခံစားလာရတဲ့အတွက် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရတယ်လို့ မိသားစုတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၈ ရက် ဒီကနေ့နံနက် ၁ နာရီဝန်းကျင်မှာ ဒေါ်အောင်မသေဆုံးပြီး မနက်ပိုင်း ၆ နာရီလောက်မှာတော့ ဦးသောကြာအောင်လည်းသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“လောလောဆယ်ကျွန်တော်တို့ပြောနိုင်တာက အစာအဆိပ်သင့်တယ်လို့ပဲ ပြောနိုင်ပါတယ်။ ဘယ်လိုအဆိပ်မျိုးလဲ ဘာကြောင့်ဖြစ်လဲဆိုတာတော့ ဓါတ်ခွဲစမ်းသပ်ပြီးမှ သိရမှာဖြစ်ပါတယ်”လို့ ကျောက်တော်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။
ဒေါ်အောင်မဟာ ကျောက်တော်မြို့နယ်၊ လမ္မတော်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး မကြာသေးခင်ကမှ သမီးအိမ်ကိုအလည်ရောက်ရှိနေတာဖြစ်ပါတယ်။
ဦးသောကြာအောင်တို့မိသားစုမှာ သမီးသုံးဦးနဲ့ သားတစ်ဦးရှိပြီး နေအိမ်မှာရှိနေတဲ့ မိသားစုအားလုံးသေဆုံးသွားခဲ့ကာ ကျောက်တော်မြို့ပေါ်မှာ ၁၀ တန်းတက်နေတဲ့ ကျောင်းသူလေးတစ်ဦးတည်းပဲ ကျန်ခဲ့တယ်လို့ သိရပါတယ်။
ဘာကြောင့် အခုလို မိသားစုတစ်ခုလုံးအစာအဆိပ်သင့်ရလဲဆိုတာ တိတိကျကျမပြောနိုင်ပေမယ့် အဲ့ဒီနေ့က သူတို့ထမင်းဝိုင်းက ငါးသို့မဟုတ် ဟင်းတစ်ခုခုကနေ အဆိပ်သင့်တာဖြစ်နိုင်တယ်လို့ မိသားစုဝင်တစ်ဦးက ယူဆပြောပြပါတယ်။
ရခိုင်မှာ အေအေအဖွဲ့ဝင်တွေနဲ့ အရပ်သား ၃၀၀ကျော် စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ အေအေပြော
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ရက္တပ်တော် အေအေတို့အကြား ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ အေအေအဖွဲ့ဝင်တွေနဲ့ အရပ်သားစုစုပေါင်း ၃၂၁ ဦးရှိခဲ့တယ်လို့ ULA/AA ရဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ မှာပြုလုပ်တဲ့ ၆ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အဲ့ဒီဖမ်းဆီးခံလိုက်ရသူတွေဟာ အေအေအဖွဲ့ဝင်တွေအပြင် အေအေနဲ့ဆက်စပ်ပတ်သက်သူတွေ၊ အကူညီပေးနေသူတွေ ဆိုကာ ဖမ်းဆီးခံခဲ့ရတာလို့ ဦးခိုင်သုခက ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၃၂၁ ဦးအန ၈၅ ဦးသာပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ ၂၃၉ ဦးကတော့ အကျဉ်းထောင်တွေနဲ့ အချုပ်တွေထဲမှာ ထိန်းသိမ်းခံနေကြရသလို တရားစွဲဆိုခံနေကြရသူတွေလည်း ရှိနေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အေင်၊ အမ်းမြို့နယ်တွေမှာ အရပ်သားတွေကို စစ်ကောင်စီကနေ ပြင်းပြင်းထန်ထန်ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလတစ်လတည်းမှာပဲ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးမှု ၃ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေအတွင်း စက်တင်ဘာ ၂၀ ရက်နေ့ကနေ နိုဝင်ဘာ ၂၇ ရက်နေ့အထိကာလအတွင်း အရပ်သားသေဆုံးသူ ၂၆ ဦးရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူပေါင်း ၁၁၁ ရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
“စက္ကူဖြူတော်လှန်ရေး” အပြင် ပုံစံမျိုးစုံနဲ့ တရုတ်ပြည်သူတွေ ဆန္ဒဆက်ပြနေ
တရုတ်နိုင်ငံ၊ ပေကျင်း၊ ရှန့်ဟိုင်း အပါအဝင် နိုင်ငံအတွင်းမှာ အမျိုးမျိုးအဖုံဖုံသော ဆန္ဒပြပွဲတွေကို တရုတ်ပြည်သူတွေ ဆင်နွှဲနေရာမှာ စာရွတ်ဖြူ အလွတ်တွေကိုပါ ကိုင်ဆောင်ဆန္ဒပြတာတွေရှိလာပါတယ်။
အဲဒီလို ဆန္ဒပြကြတာကို လူအများက “စက္ကူဖြူတော်လှန်ရေး”၊ “စာရွက်လွတ်တော်လှန်ရေး” သို့မဟုတ် “A4 တော်လှန်ရေး” လို့ ရည်ညွှန်းပြောဆိုလာကြပါတယ်။
အခုလိုစာရွတ်အလွတ်တွေကို ကိုင်ဆောင်ဆန္ဒပြရတာကလည်း တရုတ်ရဲ့ ဆင်ဆာဖြတ်ခြင်းကို ရှောင်ရှားဖို့ နည်းလမ်းတစ်ခုလို့ လည်း ပြောဆိုကြပါတယ်။
စနေနေ့က ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ Nanjing ဆက်သွယ်ရေးတက္ကသိုလ်က အမျိုးသမီးတစ်ဦးဟာ အမည်မသိအမျိုးသားတစ်ဦးဆန္ဒပြပွဲကိုလာရောက်မတားမြစ်ခင်အထိ စာရွက်အလွတ်တစ်ခုကို ကိုင်ဆောင်ထားခဲ့ပါတယ်။
ထိုညနောက်ပိုင်း နောက်ထပ်ဗီဒီယိုတစ်ခုမှာလည်း စက္ကူဖြူအပိုင်းအစများကိုင်ဆောင်ကာ ကျောင်းဝင်းအတွင်း ငြိမ်သက်စွာရပ်နေတဲ့ ကျောင်းသား ဒါဇင်ပေါင်းများစွာကို မြင်တွေ့ခဲ့ရပါတယ်။ အလားတူ မြင်ကွင်းတွေကို အခြားမြို့ကြီးတွေမှာ ဒီသီတင်းပတ်အကုန်က ဖြစ်ပွားခဲ့တာကို မြင်ခဲ့ရပါတယ်။
“စာရွက်ပေါ်မှာ ဘာမှသေချာပေါက်မရှိဘူး၊ ဒါပေမယ့်အဲဒီမှာဘာတွေရှိနေလဲဆိုတာငါတို့သိတယ်” လို့ ရှန်ဟိုင်းမှာ စနေနေ့ညကဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။
အိမ်ထဲက အိမ်ပြင် မထွက်ရ လော့ခ်ဒေါင်းချထားတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသထဲက Urumqi ဝူးလူမုချီ ဆိုတဲ့ မြို့မှာ ၊ ပြီးခဲ့တဲ့ ကြာသာပတေး ညက အထပ်မြင့်အဆောက်အအုံ တစ်လုံး မီးလောင်ရာကနေ လူ ၁၀ ယောက် အထိ သေဆုံးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကိုဗစ်စည်းမျဉ်းတွေ ဖြေလျှော့ရေး အခုလိုဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံ မြို့ကြီးတွေအထိ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဘေဂျင်းနဲ့ နန်ကျင်းမြို့က တက္ကသိုလ်ကျောင်းသားတွေလည်း ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
ရှန်ဟိုင်းမြို့က နိုင်ငံခြား သတင်းထောက်တွေရဲ့ ဆိုရှယ်မီဒီယာမှာ တင်တဲ့ ဗီဒီယိုတွေမှာ သမ္မတ ရှီကျင့်ဖျင်ကို ရာထူးကနေ ဆင်းပေးဖို့ လူရာနဲ့ချီ တောင်းဆိုနေတာကို တွေ့ရပါတယ်။
မြောင်းမြလွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို ထောင်ဒဏ် ၂၆နှစ်ချမှတ်
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြောင်းမြမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို မြဝတီခရိုင်တရားရုံးကနေ ထောင်ဒဏ် ၂၆နှစ် ဒီကနေ့ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေကနေ သိရပါတယ်။
"အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) အတွက်က ၄နှစ်၊ ၅၀ (က) အတွက်က ၁၁ နှစ် ၊ ၅၀ (ည) အတွက်က ၁၁နှစ်နဲ့ နိုင်ငံတော်သစ္စာဖောက်မှု ရာဇတ်သတ်ကြီး ဥပဒေ ပုဒ်မ ၁၂၂ နဲ့က အနှစ် ၂၀ချတယ် အဲဒီဟာစုစုပေါင်းကို ၂၆နှစ် တပေါင်းတည်းကျခံရမှာပါ" လို့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဝေလင်းအောင်ကို လက်ရှိမှာ မြဝတီရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားဆဲဖြစ်ပြီး ထပ်တိုးတရားစွဲဆိုမှာကို မိသားစုနဲ့ နီးစပ်သူတွေက စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် လေးကေ့ကော်မြို့သစ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက်က ဦးဝေလင်းအောင်အပါအဝင် အယောက် ၂၀နီးပါးကို စစ်ကောင်စီက ဖမ်းဆီးပြီးတဲ့နောက် အဲ့ဒီဒေသတဝိုက်မှာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံဆိပ်ကမ်းမှာ စစ်တပ်ပိုင်ကုန်တင်သင်္ဘောတွေကို ဆိုက်ကပ်ခွင့်မပေးဖို့ Burma Campaign UK အဖွဲ့တောင်းဆို
မြန်မာစစ်တပ်ကပိုင်ဆိုင်တဲ့ ကုန်တင်သင်္ဘောတွေကို ကာတာနိုင်ငံရဲ့ ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်ပြုတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ဖို့ ကူညီပေးသလို ဖြစ်နေတယ်လို့ Burma Campaign UK က ထုတ်ပြန်ပါတယ်။
ကာတာနိုင်ငံအနေနဲ့ မြန်မာပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချတာမျိုးရှိပေမယ့် တပြိုင်နက်တည်းမှာပဲ စစ်တပ်နဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေနဲ့အတူ စီးပွားရေးလုပ်ဆောင်နေတာတွေကိုပါ ရပ်တံ့တာမျိုးဖြစ်တဲ့ ဆိပ်ကမ်းအသုံးပြုနေမှုကိုပါ တားမြစ်ဖို့ လုပ်သင့်တယ်လို့ Burma Campaign UK တာဝန်ရှိသူက ပြောပါတယ်။
ဒါကြောင့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ကာတာနိုင်ငံအစိုးရကို တောင်းဆိုတယ်လို့ ဖော်ပြပါတယ်။
မြန်မာစီးပွားရေးဦးပိုင်လိမီတက်က ပိုင်ဆိုင်တဲ့ ကြယ်ငါးပွင့်လိုင်းဖြစ်တဲ့ ကုန်တင်ရေယာဉ် "ဦးသာ"ဟာ လက်ရှိမှာ ကာတာနိုင်ငံပိုင် Hamad ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရေယာဥ်ကို ဆိုက်ကပ်ခွင့်ပြုတာဟာ စစ်ကောင်စီကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရံပုံငွေ ကူညီပံ့ပိုးပေးရာ ရောက်နေလို့ Burma Campaign UK က ဖော်ပြပါတယ်။
ဒီဦးပိုင်လီမိတက်ကို ယူကေ၊ အမေရိကန်၊ ကနေဒါနဲ့ အီးယူအဖွဲ့တို့က ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုလိုတောင်းဆိုမှုအပေါ် တစုံတရာတုံ့ပြန်ပြောတာမရှိသေးပါဘူး။
လိင်အကြမ်းဖက်မှု၊ သတ်ဖြတ်ခံရမှုတို့ကြောင့် အမျိုးသမီး ၃၀၈ဦး သေဆုံးခဲ့တယ်လို့ NUCC ထုတ်ပြန်
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီး ၃၀၈ ဦး သတ်ဖြတ်ခံထားရသလို အမျိုးသမီး ၃၄၃၄ ဦးလည်း မတရားဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီNUCC က နိုဝင်ဘာ ၂၇ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကနေ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေကို လိင်အကြမ်းဖက်ကာ သတ်ဖြတ်တဲ့အမှု ၁၂မှုလည်းပါဝင်တယ်လို့ NUCC ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အမျိုးသမီးတွေအပေါ် အုပ်စုလိုက် အဓမ္မကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တစ်ခုအဖြစ်ကျင့်သုံးနေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့လည်း NUCC က ဖော်ပြပါတယ်။
အမျိုးသမီးတွေခွဲခြားဆက်ဆံခံနေရတာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် ကျူးလွန်ခံရသူတွေရဲ့ တရားမျှတမှုကို ရှေးရှု့ပြီး တာဝန်ယူမှုရှိစေဖို့ ကျူးလွန်သူတွေကို ချက်ချင်းချွင်းချက်မရှိ နိုင်ငံတကာအပြစ်ပေးအရေးယူမှုဆိုင်ရာ ယန္တရားတွေမှာ အရေးယူပေးဖို့ တောင်းဆိုထားကြပါတယ်။
ဒါ့အပြင် ပြည်တွင်းစစ်ပဋိပက္ခတွေကြောင့် အကူအညီလိုအပ်နေတဲ့ ပြည်သူလူထုတွေကို ထိရောက်စွာအကူအညီပေးဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းတယ်လို့ ဖော်ပြပါတယ်။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ NUCC ကရရှိတဲ့အမှုတွေကို ကိုးကားပြီး ဂျန်ဒါအခြေပြု အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုဆိုင်ရာ ထုတ်ပြန်ချက်မှာ အခုလိုအကြောင်းအရာကို ထည့်သွင်း ဖော်ပြလာတာဖြစ်ပါတယ်။
NUCC ဘက်ကထုတ်ပြန်ပြောဆိုလာတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ထားတာမရှိသေးသလို၊ ဘီဘီစီအနေနဲ့ ဖြစ်စဥ်တွေအပေါ် သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဖြစ်စဥ်တွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီကို မေးမြန်းနိုင်ရေး ကြိုးစားနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား အပစ်ရပ်လိုက်ပြီးနောက်ပိုင်းမှာ အငူမော် - မောင်တော လမ်းမကိုလည်း ပြန်လည်ဖွင့်ပေးဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။
အဲ့ဒီလမ်းကို ပိတ်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်-မောင်တော နယ်စကုန်သွယ်ရေးလုပ်ငန်းတစ်ခုလုံးကို ရပ်နားထားကြရတာ အခုဆိုရင် သုံလကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ချိန်ခါလီ တိုက်ပွဲအပြီးမှာ စစ်ကောင်စီက မောင်တော-အငူမော်လမ်းမ အသွားအလာတွေကို ပိတ်ဆို့ထားခဲ့သလို လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း တစ်ရွာနဲ့တစ်ရွာ အသွားအလာတွေ တားမြစ်ခံနေကြရတာပါ။
"ကုန်သွယ်ရေးမရှိရင် စားရေးသောက်ရေးအကုန်ထိခိုက်သွားတယ်။ နယ်စပ်ကုန်သွယ်ရေးထက် ပြည်တွင်းမှာ ကုန်စည်စီးဆင်းရေးအဆင်ပြေသွားရင် စျေးကျတာတို့ရှိလာရင် တစ်ပူပေါ်နှစ်ပူမဆင့်တော့ဘူးပေါ့။ အကုန်လုံးအဆင်ပြေသွားမှာ" လို့ ကုန်သည်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အခုလိုပိတ်ဆို့မှုတွေပြုလုပ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြည်မဘက်ကရော ပြည်နယ်အတွင်းကတင်ပို့မယ့် ကုန်စည်တွေပါ သယ်ယူလို့မရတော့တာကြောင့် ကုန်သွယ်မှုလုပ်ငန်းတွေရပ်နားနေခဲ့ကြရတဲ့အဲ့အတွက် ကုန်သည်တွေအနေနဲ့ ဆုံးရှုံးနစ်နာခဲ့ကြရသလို ကုန်သွယ်ရေးစခန်းကို မှီခိုနေကြတဲ့ ရာနဲ့ချီတဲ့အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်ပြီးစားဝတ်နေရေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ အဲ့ဒီလမ်းကို ပြန်လည်ဖွင့်ပေးမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တရားဝင်အကြောင်းကြားတာမျိုးတော့ မရှိသေးဘူးလို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သည်တစ်ဦးက ပြောပါတယ်။
ထီးချိုင့်၊ အလယ်တောရွာတဝိုက်မှာ နှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်နေ
အင်ကြင်းကုန်းရွာလည်း မီးရှို့ခံနေရတယ်လို့ ဒေသခံတွေပြော
ဒီကနေ့ နိုဝင်ဘာ ၂၈ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောရွာအနီးမှာ စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲ ဆက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနက် ၉နာရီလောက်မှာတော့ အင်ကြင်းကုန်းရွာကို မီးရှို့နေတယ်လို့ ဆိုပါတယ်။
"မီးလောင်နေတာက တစ်နာရီလောက်ရှိနေပြီ အခုထိကို မီးခိုးတွေမြင်နေရတုန်းပဲ၊ မီးများတယ်ဗျ။ တိုက်ပွဲကတော့ အခုမှပဲ အသံရပ်သွားတာ။ မနက်ထဲကတောက်လျှောက်ဖြစ်နေတာပဲ" လို့ ထီးချိုင့်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မနေ့နိုဝင်ဘာ ၂၇ရက်တုန်းကလည်း အဲ့ဒီအလယ်တောရွာတဝိုက်မှာ တိုက်ပွဲတနေကုန်နီးပါးဖြစ်နေခဲ့ပြီး ညနေ ငါးနာရီဝန်းကျင်မှာတော့ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ပါ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ရွာပေါင်း ငါးရွာထပ်မနည်းက ဒေသခံတွေထွက်ပြေးနေကြရပါတယ်။
အခုစစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ရက်တည်းက ကသာမြို့နယ်ကနေ ထီးချိုင့်မြို့နယ်ထဲကို ဝင်ရောက်လာကြတာဖြစ်ပြီး နိုဝင်ဘာ ၂၅ရက်မှာ ဆူးပုတ်ချောင်ရွာကို မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။