သီလရှင်တဖြစ်လဲ 'ပါဝါရိမ်းဂျားအညိုကောင်' အိမ်ပြန်နိုင်တော့မလား

ဓာတ်ပုံ ရင်းမြစ်, Nan Wint War
တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့ အတူ အိမ်ပြန်ခွင့် ရသူတွေ ပေါ်ထွက်လာကြတဲ့နောက် နောင်ချိုမြို့က အိမ်လေးတစ်လုံးကလည်း အိမ်ရှင်ကို မျှော်နေပါတယ်။
ခြုံတွေ၊ မြက်တွေပြည့်နေပြီး ခြံတံခါးပွင့်ရက်နဲ့ အဲဒီအိမ်မှာ ဇာတ်လမ်းတစ်ပုဒ်ရှိနေပါတယ်။ အိမ်ရှင်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးမှာပါဝင်ခဲ့လို့ အိမ်ကို သုံးနှစ်ကျော် ချိပ်ပိတ်ခံထားရတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မဟာမိတ်ညီနောင်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နောင်ချိုမြို့ကို သိမ်းပိုက်ပြီးချိန်မှာတော့ အိမ်ပြန်လို့ရပြီဆိုတဲ့အသိကြောင့် မနန်းဝင့်ဝါ မျက်ရည်ကျခဲ့ပါတယ်။
ဒါပေမဲ့ လူနာမည် မနန်းဝင့်ဝါ၊ သီလရှင် ဘွဲ့အမည် ဒေါ်ဝရဉာဏီ၊ တော်လှန်ရေးနာမည် “ပါဝါရိမ်းဂျားအညိုကောင်” ရဲ့ အိမ်အပြန်ခရီးကတော့ ထင်သလောက်လွယ်ကူမနေပါဘူး။
အိမ်ချိတ်ပိတ်ခံရမှုနောက်ကြောင်း

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်
အသက် ၃၅ နှစ်အရွယ် မနန်းဝင့်ဝါဟာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ တစ်ပါးထိုင်ကျောင်းတစ်ကျောင်းမှာ ၂၀၁၉ ခုနှစ်ကစပြီး သီလရှင် ဒေါ်ဝရဉာဏီအဖြစ် သီတင်းသုံးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက သူ့ဘဝကို တဆစ်ချိုးပြောင်းစေခဲ့ပြီး ဆန့်ကျင်တော်လှန်နေတဲ့ လူငယ်တွေကို ထောက်ပံ့တာတွေ သီလရှင်တစ်ပါးအနေနဲ့ လုပ်ခဲ့ပါတယ်။
သူ့သတင်းပေါက်ကြားသွားတဲ့ ၂၀၂၁ ခုနှစ် ဇွန် မှာ သူသီတင်းသုံးနေတဲ့ ကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် လူငါးယောက် ရောက်လာခဲ့ပါတယ်။
စစချင်းကိုပဲ သူ့ကို ရိုက်နှက်ပြီး ကျောင်းထဲကို ရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ မနန်းဝင့်ဝါ က ပြန်ပြောပြပါတယ်။
သူ့ကျောင်းထဲမှာရှိနေတဲ့ ငွေသိန်း ၂၀ ကျော်ကိုတွေ့ပြီး အာရုံပြောင်းသွားချိန်မှာ သူ့ကိုသေနတ်နဲ့ချိန်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို တွန်းလှဲခဲ့ပြီး ကျောင်းဘေးနားက လျှိုထဲ ခုန်ချ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့အကြောင်း သူက ပြန်ပြောပြပါတယ်။
“ဝတ်ရုံတွေလည်းပြဲ၊ နှုတ်ခမ်းမှာလည်း သွေးတွေစီးကျပြီး မျက်နှာမှာ ဖူးယောင်နေတာ”လို့ သူကြုံခဲ့ရတာကို ပြောပြပါတယ်။
အဲဒီကနေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီး တော်လှန်ရေးနယ်မြေထဲကို ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nan Wint War
သာသနာ့ဘောင်ကို စွန့်လွှတ်ခဲ့ပေမယ့်လည်း သူဝတ်ခဲ့တဲ့ သီလရှင်ဝတ်စုံ အညိုရောင်ကို အစွဲပြုပြီး “ပါဝါရိမ်းဂျား အညိုကောင်”ရယ်လို့ နာမည်တွင်ခဲ့ပါတယ်။
သာသနာ့အနွယ်ဝင် သီလရှင်တစ်ပါးဖြစ်တဲ့သူ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို သတင်းမီဒီယာတွေမှာ သူထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် သူ့မွေးရပ်မြေ နောင်ချိုမြို့မှာရှိတဲ့ နေအိမ်ရဲ့ လိပ်စာတွေကို စစ်ကောင်စီဝါဒဖြန့်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ထုတ်ပြန်ပြီး ဖမ်းဆီးဖို့ လှုံ့ဆော်ခဲ့ပါတယ်။
သူ့မိသားစုရဲ့ လိပ်စာတွေပြန့်နှံ့လာပြီးနောက်မှာတော့ နေ့တွင်းချင်းပဲ အုပ်ချုပ်ရေးအဖွဲ့တွေ၊ စစ်သားတွေရောက်ရှိလာပြီး နေအိမ်ကို ချိတ်ပိတ်သလို မိသားစုဝင်တွေကိုလည်း ဖမ်းဆီး စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ မနန်းဝင့်ဝါက ပြောပါတယ်။
“သုံးနာရီလောက် ဖမ်းပြီးစစ်ဆေးခံလိုက်ကြရတယ်။ အိမ်လည်းချိပ်ပိတ်ခံရပြီးနောက်ပိုင်း အဲဒီမှာလည်း မနေရဲကြတော့တာနဲ့ တခြားနေရာကို ပြောင်းနေကြရတယ်။ ကျွန်မကတော့ တောထဲမှာပဲ ရှိနေခဲ့တယ်”လို့ သူက ပြောပါတယ်။
တော်လှန်ရေးအတွက် ထောက်ပို့ တပ်သား ပါဝါရိန်းဂျား အညိုကောင်

ဓာတ်ပုံ ရင်းမြစ်, Nan Wint War
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေါ်ဝရဉာဏီဘဝကို စွန့်ခွာပြီးတဲ့နောက် ကရင်ပြည်နယ်ထဲက စစ်သင်တန်းတစ်ခုကို တက်ခဲ့ပြီး ထောက်ပို့အနေနဲ့ တာဝန်ယူလိုက်ပါတယ်။
အရင်ဆုံး အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ရောင်းချတဲ့ နှစ်နှစ် သက်တမ်းရှိ အထူးငွေတိုက်စာချုပ်တွေကို ကိုယ်တိုင်ဝယ်ယူသလို ဝယ်ချင်တဲ့သူတွေကိုလည်း ကူညီပေးခဲ့ပါတယ်။
“တစ်စောင်ကို တစ်ရာနဲ့ ဒေါ်လာ ငါးသောင်းဖိုးလောက် NUG က တဆင့်ရောင်းပေးနိုင်ခဲ့တယ်”လို့ သူက ပြောပါတယ်။
မနန်းဝင့်ဝါဟာ အညာဒေသက တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တချို့အတွက် စားနပ်ရိက္ခာ၊ စစ်သုံးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ အလှူငွေ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
“အညာဘက်နဲ့ တခြားနာမည်မထွက်တဲ့ အဖွဲ့တွေအတွက် ထောက်ပို့ပေးတာများတယ်။ သူများလို အများကြီးတော့ လုပ်တာမဟုတ်ဘူးပေါ့နော်၊ တော်လှန်ရေး တောက်တိုမယ်ရလိုဖြစ်နေတာပေါ့”လို့ မနန်းဝင့်ဝါက ပြောပါတယ်။
ထောက်ပို့ပစ္စည်းတွေ အဖမ်းခံရတာ၊ ပစ္စည်းမရောက်တာတွေကြောင့် အထင်မြင်လွဲခံရတာတွေ၊ ဖြေရှင်းရတာတွေလည်း ရှိပါတယ်။
“ကိုယ်ပို့လိုက်တဲ့ပစ္စည်းတွေက လမ်းမှာ အခက်အခဲဖြစ်ပြီး မရောက်တာမျိုးဆို ကိုယ့်ဘက်တော်သားက ကိုယ့်ကို မယုံသင်္ကာဖြစ်ပြီး လျော်ခိုင်းတာတို့၊ အလွဲသုံးစားလုပ်တယ်တို့၊ လူလိမ်လို့ အပြောခံရရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် စိတ်ဓာတ်ကျတယ်”လို့ သူရင်ဆိုင်ရတဲ့ အခက်ခဲတွေကို ပြောပြပါတယ်။
မနန်းဝင့်ဝါဟာ တော်လှန်ရေးအတွက် ပြည်သူတွေလှူထားတဲ့ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တာကို သည်းမခံနိုင်တတ်သူလို့ လူသိများပါတယ်။
ဒါအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်းပင်ဖြစ်လင့်ကစား အမျိုးသမီးတစ်ဦး ဖြစ်တဲ့ သူ့အပေါ် စကားလုံးနဲ့ ထိကပါးရိကပါး ပြောဆိုမှုတွေ ရှိတဲ့အခါ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တယ်လို့ မနန်းဝင့်ဝါ က ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကို လုံးဝသည်းမခံတတ်သူတစ်ယောက်ဖြစ်တယ်လို့ သူ့ရဲ့ အသိမိတ်ဆွေ တော်လှန်ရေးလှုပ်ရှားသူတစ်ယောက်ကလည်း သူ့ရဲ့ မဟုတ်မခံ စိတ်ဓာတ်အကြောင်း ပြောပါတယ်။
“သူက ဘယ်လိုပြောမလဲ စွာတယ်၊ စိတ်ဆတ်တယ်၊ မကြောက်တတ်ဘူးပေါ့နော်။ ပြောစရာရှိရင်၊ သူ့စိတ်ထဲမှာ အဆင်မပြေဘူးထင်ရင် ဘယ်သူဖြစ်နေနေ ပြောလိုက်တာပဲ။ အဲဒါကြောင့် သူ့ကို မကျေနပ်သူတွေလည်း များတယ်။ ကူညီစရာရှိရင်လည်း စိတ်ပါလက်ပါ လုပ်ပေးတယ်”လို့ သူ့ရဲ့ စိတ်နေစိတ်ထားကို ပြောပြပါတယ်။
တော်လှန်ရေးမှာ လူသိများသူထဲက တစ်ယောက်ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ အန္တရာယ်အပြင် သူ့ကို မလိုလားသူတွေထဲမှာ လက်နက်ကိုင်ဆောင်ထားသူတွေလည်း ရှိနေနိုင်တာကြောင့် သတိထားစေချင်တယ်လို့လည်း သူ့မိတ်ဆွေက ပြောဆိုပါတယ်။
သုံးနှစ်ကျော်ကြာလူမရှိတဲ့ အထီးကျန်အိမ်ကလေး

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်
နောင်ချိုမြို့က ဒီအိမ်လေးဟာ သူဆယ်ကျော်သက်ဘဝအထိ နေထိုင်ခဲ့သလို မိခင်ဖြစ်သူ ခေါင်းချခဲ့တဲ့ နေအိမ်လည်း ဖြစ်ပါတယ်။
အိမ်ရဲ့ခေါင်းရင်းမှာ စစ်မှုထမ်းဟောင်းရုံး၊ အိမ်အနောက်မှာ စာသင်ကျောင်း၊ တဖက်မှာတော့ လူမနေတဲ့ နေအိမ်ရှိပြီး စစ်အာဏာမသိမ်းခင်က အေးချမ်း တိတ်ဆိတ်တဲ့ နေရာလေးလည်း ဖြစ်ခဲ့ပါတယ်။
နောင်ချိုမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ပြီးချိန်မှာတော့ သူ့နေအိမ်ပုံလေးကို တပ်ဖွဲ့ဝင်တွေက ဓာတ်ပုံနဲ့ ရုပ်သံတွေ ပို့ပေးလာပါတယ်။
ချိပ်ပိတ်ခံထားရလို့ လူနေခွင့်မရတာ နှစ်ချီကြာတဲ့ ဒီအိမ်ထဲမှာ ဖျက်ဆီးခံထားရတာတွေ မနည်းဘူးလို့ မနန်းဝင့်ဝါက ပြောပါတယ်။
“အဝတ်အစားတွေကလွဲပြီး ပစ္စည်းတွေ ဘာတစ်ခုမှ မရှိတော့ဘူး။ အိမ်ရဲ့ အုတ်တံတိုင်းကိုလည်း ကားနဲ့ဝင်တိုက်ထားလို့ ပြိုနေတယ်။ မီးဖိုချောင်ခန်းလည်း ပျက်စီးနေတယ်။ မွှေနှောက်ခံထားရလို့ တစ်အိမ်လုံးလည်း မွစာကြဲနေတယ်”လို့ သူရထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုကြည့်ပြီး ပြောပြပါတယ်။
သူတို့မိသားစုဝယ်စုထားတဲ့ သံဃာအပါး သုံးရာစာ ချက်ပြုတ်၊ ဆွမ်းလောင်းနိုင်တဲ့ အိုး၊ ခွက်၊ ပန်းကန် အသုံးအဆောင်တွေလည်း လုံးဝမရှိတော့ဘူးလို့ ဆိုပါတယ်။
အခုလို တိုက်ပွဲတွေအောင်နိုင်ပြီး ကိုယ့်နေအိမ်ကို ပြန်တွေ့ရတဲ့အခါ ပီတိစိတ်၊ ဝမ်းသာစိတ်တွေကတော့ ခဏတာလောက်ပဲ ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“ကျွန်မတို့ပဲ အိမ်ကိုပြန်ပြီးရတာလေ။ ချိပ်ပိတ်ခံရလို့ အိမ်ပြန်မရကြသေးတဲ့သူတွေ၊ မိတကွဲ ဖတကွဲ ဖြစ်သွားတဲ့သူတွေရှိသေးတယ်လေ။ ဒီတော့ ပျော်တယ်ဆိုတာက ရင်ဘတ်ထဲ ကန့်လန်ခံထားသလိုပဲ အပြည့်အဝ ပျော်တာ မရှိဘူး”လို့ ပြောရင်း ဝဲလာတဲ့ မျက်ရည်တွေကို ကျမလာအောင် ခေါင်းမော့ပြီး မျက်တောင်တွေကို ပုတ်ခတ်လိုက်ပါတယ်။
ထောက်ပို့ ပါဝါရိန်းဂျား အညိုကောင်ရဲ့ အိမ်ပြန်ဖို့ မျှော်လင့်ချက်

ဓာတ်ပုံ ရင်းမြစ်, Nan Wint War
သုံးနှစ်ကျော်ကြာ လူမနေဖြစ်ခဲ့သလို မွှေနှောက်ဖျက်ဆီးခံထားရတဲ့ အိမ်ဖြစ်တာကြောင့် ယိုယွင်းပျက်စီးနေတဲ့အတွက် ပြင်ဆင်ရမှာတွေလည်း မနည်းဘူးလို့ သူက ပြောပါတယ်။
“ပြန်ရလိုက်တာက ခြံနဲ့ အိမ်အလွတ်ချည်းပဲလေ။ အိမ်ကလည်း တစ်လုံးလုံးမဟုတ်တောင် တော်တော်ပြန်ပြင်ရမယ်။ ပြန်ပြင်ဖို့အတွက်ကလည်း ကိုယ်တွေဆီမှာ ဘာမှမရှိတော့ဘူးလေ”လို့ အိမ်ကို ပြန်တည်ဆောက်ဖို့အရေး ဝေးနေတဲ့ အခြေအနေကို မနန်းဝင့်ဝါက ပြောပါတယ်။
သူတို့ နေအိမ်ခေါင်းရင်းက စစ်ကောင်စီတွေ တပ်စွဲခဲ့တဲ့ စစ်မှုထမ်းဟောင်းရုံးကလည်း ပျက်စီးနေပါတယ်။
“ခေါင်းရင်းမှာ အလောင်းတွေ စုပုံ မီးရှို့ထားတာ ဘာနံ့ကြီးမှန်းမသိဘူးတဲ့။ ပြာတွေ မီးသွေးခဲတွေပြန့်နေရောတဲ့။ သူတို့ အထိုင်ချခဲ့တဲ့ နေရာကိုး”လို့ သူ့အိမ်နားဝန်းကျင်မှာ နေပျော်စရာ မကောင်းတဲ့ အခြေအနေကို သူက ပြောပြပါတယ်။
စစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် (၃၇၃) ယောက်အပါအဝင် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူ ၆၈၈ ယောက်ရဲ့ ပိုင်ဆိုင်မှုနဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တယ်လို့ NLD က ၂၀၂၃ ခုနှစ် စက်တင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအခြေအနေတွေအရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းထားတဲ့နောင်ချိုမြို့ မှာ အိမ်ပြန်ခွင့်ရသူတွေရှိလာပေမဲ့ ပါဝါရိန်းဂျား အညိုကောင် ခေါ် မနန်းဝင့်ဝါအတွက်တော့ တော်လှန်ရေး တစ်ခုလုံးအောင်မြင်မှသာ ပြန်မယ်လို့ ရည်ရွယ်ထားပါတယ်။
ကရင်ပြည်နယ်တွင်းက တော်လှန်ရေးနယ်မြေထဲမှာ ရောက်နေတဲ့ သူ့အတွက် ရှမ်းမြောက်၊ နောင်ချိုက အိမ်ကိုပြန်ဖို့ အတွက် သူယူထားတဲ့ တာဝန်တွေကြောင့် အိမ်ပြန်ခရီးက ဝေးနေပါသေးတယ်။
“တစ်ယောက်ချင်း အိမ်ပြန်ရတာကနေ တစ်ဖွဲ့လုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး အိမ်ပြန်ခွင့်ရတဲ့ အခြေအနေထိ ကြိုးစားရဦးမယ်”လို့ မနန်းဝင့်ဝါက ပြောပါတယ်။










