အမေရိကန် နိုင်ငံခြားရေး၀န်ကြီးရဲ့ ၅နှစ်အတွင်းပထမဆုံး တရုတ်ခရီး - ဇွန်လ ၁၈ရက်ညနေခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ သူ့ရဲ့ ၂ ရက်ခရီးအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ ၅ နှစ် နီးပါးအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတယောက် တရုတ်နိုင်ငံကို ပထမဆုံး ရောက်သွားတာပါ။
ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဘေဂျင်းက တရုတ်နဲ့ တကမ္ဘာလုံးဆိုင်ရာ သုတေသန စင်တာ တည်ထောင်သူလည်းဖြစ် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဟွီယိုဝမ် ကတော့ တရုတ်နဲ့ အမေရိကန် ကမ္ဘာစီးပွားရေးအင်အားကြီး နှစ်နိုင်ငံပေါင်းပြီး ဘာတွေ လုပ်မလဲဆိုတာ တကမ္ဘာလုံးက စောင့်ကြည်နေတာကြောင့် ဘုံရည်မှန်းချက်တွေချမှတ်ကာ ကပ်ရောဂါ တိုက်ဖျက်ရေး ၊ ရာသီဥတုပြောင်းလဲမှုပြဿနာ ကိုင်တွယ် ဖြေရှင်းရေး စသဖြင့် အတူပူးပေါင်း ဖြေရှင်းသင့်ပါတယ်လို့ ဆိုပါတယ်။
ဘီဘီစီ သတင်းထောက်ကတော့ တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှစ်ယောက် တွေ့ဆုံမှုဟာ အလုပ်သဘောဆန်လွန်းတယ်လို့ ဆိုပါတယ်။
အင်အားကြီး နှစ်နိုင်ငံကြား အကြီးအကျယ် တင်းမာနေချိန်မှာ အခုလို မစ္စတာ ဘလင်ကန်ရဲ့ ခရီးစဉ် ထွက်ပေါ်လာတာပါ။
အမေရိကန် အရာရှိတွေကတော့ သူတို့ရည်ရွယ်ချက်က ဆက်ဆံရေး တည်ငြိမ်စေဖို့ ဖြစ်ပြီး သဘောကွဲမှုတွေ ရှောင်ရှားနိုင်အောင် ဆက်ဆံရေး လမ်းကြောင်းဖွင့်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်ခေါင်းဆောင်တွေနဲ့ မစ္စတာ ဘလင်ကန် တွေ့ဆုံပွဲမှာ ယူကရိန်းအရေး၊ ကုန်သွယ်ရေး အငြင်းပွားမှုနဲ့ လူ့အခွင့်အရေး ကိစ္စတွေ ဆွေးနွေးကြဖွယ် ရှိတယ်လို့ ဆိုပါတယ်။
ဂရိကမ်းရိုးတမ်းမှာ လှေစီးဝင်ရောက်သူတွေပါလှေမှောက်မှုနဲ့ ပတ်သက်လို့ ပါကစ္စတန်မှာ လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရသူတွေရှိလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂရိကမ်းရိုးတမ်းမှာ ရွေ့ပြောင်းဝင်ရောက်သူအများအပြားပါတဲ့လှေတိမ်းမှောက်လူသေဆုံးမှု ဖြစ်ခဲ့ပြီးနောက် လူကုန်ကူးမှု သံသယနဲ့ လူ ၁၀ ယောက်ကို ဖမ်းထားတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လှေစီးဝင်ရောက်သူတွေပါ သင်္ဘောတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ၇၈ ယောက် သေဆုံးခဲ့ပြီး အဲဒီလှေပေါ်မှာ ပါကစ္စတန်နိုင်ငံက လူရာနဲ့ချီ ပါလာတယ်လို့ ဆိုပါတယ်။
အဖမ်းခံရသူ အများစုဟာ ပါကစ္စတန် အုပ်ချုပ်တဲ့ ကတ်ရှ်မီးယား က ဖြစ်ပြီး သေဆုံးသူ အများစုဟာလဲ အဲဒီဒေသက ဖြစ်ပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်စ် ရှရစ်ဖ် ကတော့ လူကုန်ကူးမှုကို ချက်ချင်း အရေးယူဖို့ အာဏာပိုင်တွေကို အမိန့်ထုတ်ထားပါတယ်။
နှစ်စဉ်နှစ်တိုင်း ထောင်နဲ့ချီတဲ့ ပါကစ္စတန် လူငယ်တွေဟာ အန္တရယ်ကြီးမားလှတဲ့ ရေကြောင်းခရီးကနေ ဥရောပကို ဝင်ရောက်ဖို့ ကြိုးစားလေ့ရှိတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာ မီးလောင် သင်္ဘောပေါ်က လူတွေ အကုန်လုံးကို ကယ်ထုတ်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖိလစ်ပိုင် နိုင်ငံအလယ်ပိုင်းမှာ ဘိုဟိုပြည်နယ်ကို သွားတဲ့ Esperanza Star သင်္ဘော မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
သင်္ဘောပေါ်ပါ လူအယောက် ၁၂ဝ လုံး ကို ကယ်တင်နိုင်ခဲ့တယ်လို့ ကမ်းစောင့်တပ်က ပြောပါတယ်။
သင်္ဘောထိပ် တစ်ဖက်ပိုင်းမှာ မီးလောင်ပြီး မီးခိုးတွေ ထွက်နေတဲ့ပုံတွေလည်း တွေ့ရပါတယ်။
ကမ်းစောင့်တပ်ဖွဲ့တွေကတော့ မီးသတ်ပိုက်တွေသုံးပြီး ငြိမ်းသတ်ခဲ့သလို အနားက လှေတွေက အခင်းဖြစ်ရာ သင်္ဘောပေါ်က လူတွေကို ဘေးလွတ်ရာကယ်ထုတ်ဖို့ ကူညီပေးခဲ့ကြပါတယ်။
ဖိလစ်ပိုင် နိုင်ငံဟာ ရေကြောင်း သွားလာမှုဆိုင်ရာ ဘေးကင်း လုံခြုံစိတ်ချရမှု နည်းပြီး ခေတ်နဲ့ မညီတော့တဲ့ သင်္ဘောဟောင်းတွေကို ဆက်လက် အသုံးပြုလျက် ရှိသလို တခါတရံမှာ အဲဒီလို အိုဟောင်းနေတဲ့ ရေယာဉ်တွေပေါ်မှာ ခံနိုင်တဲ့ဝန်ထက် လူတွေပိုတင်ဆောင်လေ့ ရှိတာ ဖြစ်ပါတယ်။
လူမျိုးရေး အဓိကရုဏ်း ဖြစ်ခဲ့တဲ့ အင်ဖာမြို့တ၀ိုက် ကာဖျူးအချိန် လျော့ပေးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်းမှာ လူမျိုးရေး အဓိကရုဏ်း ကြောင့် ချမှတ်ထားတဲ့ ညမထွက်ရအမိန့်ကို အာဏာပိုင်တွေက စတင်ဖြေလျော့ပေးလိုက်ပါပြီ။
မြို့တော် အင်ဖာနားတဝိုက်မှာ ဒေသခံတွေ စားစရာ ဆေးနဲ့ တခြား မရှိမဖြစ် လိုအပ်တာတွေ ထွက်ဝယ်နိုင်ဖို့ မနက် ၅နာရီကစလို့ တနေ့ ၁၂နာရီလောက် ခွင့်ပြုလိုက်တာပါ။
ပြီးခဲ့တဲ့ လတုန်းက စပြီး မဏိပူပြည်နယ် တလွှားမှာ လူမျိုးရေး ပဋိပက္ခ ပေါ်ပေါက်ကာ လူတရာကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဒေသ တဝိုက်မှာ ကသည်းလူမျိုးတွေ ကြီးစိုးလာကာ သူတို့ကို အခွင့်အရေးပိုပေးတယ်ဆိုပြီး ဌာနေတိုင်းရင်းသားတွေက ဆန့်ကျင်လျက် ရှိတာပါ။
ကသည်းတွေကို မြေယာခွဲတမ်း ပိုမို ချပေးတာ ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပေးတယ်ဆိုကာ တခြား လူမျိုးစုတွေက စွပ်စွဲ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
အိန္ဒိယ အပူလှိုင်း လူတရာသေပြီး ၄၀၀ ကျော်ဆေးရုံတင်ထားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ နိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်တွေ အတွင်း ဆိုးရွားတဲ့ အပူလှိုင်းဒဏ်ကြောင့် လူတရာနီးပါး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အူတာပရာတက်ရှ် နဲ့ ဘီဟာ ပြည်နယ်တို့မှာ အပူချိန်ဟာ ၄၀ ဒီကရီ ဆဲလ်စီးယက်စ် ကို ကျော်လွန်သွားခဲ့တာပါ။
သေဆုံးသူ အများစုဟာ တခြား ဖျားနာမှုတွေကြောင့် ဖြစ်ပေမယ့် အပူချိန် မြင့်တက်နေတာက အဓိက အကြောင်း ဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
ဆိုးရွားတဲ့ အပူလှိုင်းဒဏ်ကြောင့် နောက်ထပ် လူ၄၀၀ ကျော်လည်း ဆေးရုံတင်ထားရပါတယ်။
သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး ချို့တဲ့သူတွေ အနေနဲ့ အပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။
အိန္ဒိယမှာ ရာသီဥတု ပြင်းထန်မှုကြောင့် လျှပ်စစ်မီး ပြတ်တောက်ကာ ပန်ကာနဲ့ လေအေးပေးစက်တွေလည်း ဖွင့်မရတဲ့ အခြေအနေနဲ့ ကြုံနေကြရတာ ဖြစ်ပါတယ်။








