ရခိုင်ပြည်နယ် မြို့နယ်အများစုမှာ ရေရှားတဲ့ ပြဿနာကြုံနေ

ရခိုင်ပြည်နယ်မှာ နွေရာသီကိုရောက်လာခဲ့လို့ရှိရင် နှစ်စဉ်နှစ်တိုင်း ရေရှားပါးတဲ့ပြဿနာတွေ  ဖြစ်ပွားလေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နှစ်စဉ်နှစ်တိုင်း ရေရှားပါးတဲ့ပြဿနာတွေ ဖြစ်ပွားလေ့ရှိပါတယ်။
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မှာ နွေရာသီကိုရောက်လာခဲ့လို့ရှိရင် နှစ်စဉ်နှစ်တိုင်း ရေရှားပါးတဲ့ပြဿနာတွေ ဖြစ်ပွားလေ့ရှိပါတယ်။

ဒေသခံတွေ မှီခိုနေကြတဲ့ ရေတွင်းရေကန်တွေမှာ ရေခန်းခြောက်လာတဲ့အချိန်ဆိုရင် အခုလိုမျိုး သောက်သုံးရေပြတ်လပ်တာတွေ မလုံလောက်တာတွေနဲ့ ကြုံနေကြရတာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ အဲဒီ အခက်အခဲတွေကို ဆိုးဆိုးဝါးဝါးနဲ့ ဖြတ်သန်းနေကြရပါတယ်။ ဒါဟာ အစိုးရအဆက်ဆက်တွေရဲ့ ချမှတ်ခဲ့တဲ့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းခဲ့တဲ့အတွက်ကြောင့်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ် မိုးတွင်းကာလက ရခိုင်ပြည်နယ်တစ်ဝန်းမှာ မိုးခေါင်ခဲ့တဲ့အတွက် ရေတွင်းရေကန်တွေမှာ ရေလုံလုံလောက်လောက် သိုလှောင်နိုင်ခဲ့ခြင်း မရှိတဲ့အတွက် အခုနှစ်နွေရာသီမှာ အရင်နှစ်တွေထက် စောပြီး ရေပြတ်လပ်ခဲ့ရတယ်လို့ ထောက်ပြမှုတွေလည်း ရှိကြပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းရော တောင်ပိုင်းမြို့နယ်တချို့တို့မှာပါ ရေရှားပါးမှုတွေနဲ့ရင်ဆိုင်နေကြရတာပါ။ ရေရှားပါးတဲ့ပြဿနာ အဆိုးဆုံးကတော့ မြောက်ဦးမြို့ ဖြစ်တယ်လို့ ဆိုပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, KHINE MYO AUNG

မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအများစုတို့မှာ အခုလိုနွေရာသီ ရောက်လာခဲ့လို့ရှိရင် ရေကန်တွေနဲ့ ရေတွင်းတွေမှာ ရေကုန်ခန်းသွားတဲ့အတွက် ရေရှားပါးမှုတွေ ဖြစ်ပွားလေ့ရှိပေမယ့် မြို့ပေါ်မှာတော့ ဒါမျိုး ပြဿနာတွေ ဖြစ်ပွားခြင်းမရှိသလောက်လို့ ဆိုကြပါတယ်။ နေရာတချို့ပဲ အခက်အခဲတွေရှိပြီးတော့ အများစုက ရေဖူလုံကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါပေမဲ့ အခုနှစ်မှာတော့ မတ်လလောက်ကစလို့ ရေ လုံးဝပြတ်လပ်သွားတဲ့ အခြေအနေနဲ့ ကြုံတွေ့ကြရပါတယ်။ မြို့ပေါ်ကို ရေဖြန့်ဝေပေးနေတဲ့ လက်ဆည်ကန်မှာ ရေ လုံးဝ ခန်းခြောက်သွားပြီး ကန်ရဲ့ကြမ်းပြင်ထိလူတွေ လမ်းလျှေက်သွားလာလို့ရတဲ့ အခြေအနေမျိုးဖြစ်ခဲ့တာပါ။ အဲဒီကန်ဟာ ယခင်က အခုလိုမျိုးရေ ခန်းခြောက်မှု မရှိဖူးတဲ့ ရေကန်ကြီးတစ်ခုလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီကန်ထဲမှာ ရေလုံးဝမရှိတော့သလောက် ခန်းခြောက်သွားတဲ့အတွက် မြို့နယ်စည်ပင်ဌာနက ရေပေးဝေရေးလုပ်ငန်းစဉ်တွေလည်း လုံးဝ ရပ်တန့်သွားခဲ့ရပါတယ်။

အဲ့ဒီကန်ရေကို မှီခိုနေကြတဲ့ မြို့ခံလူထုဟာ ရေပြတ်လပ်သွားတဲ့အတွက် ဈေးကြီးပေးပြီး ဝယ်ယူအသုံးပြုခဲ့ကြရတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

“ရက်ပေါင်း ၄၀ လောက် လုံးဝပြတ်သွားခဲ့တယ်။ သင်္ကြန်မတိုင်ခင်ရက်ပိုင်းကမှ ရေပြန်ရတာ။ သုံးလေးရက် တစ်ကြိမ်စီတော့ ရေလာပါတယ်။ ရေပြတ်နေတဲ့အချိန်မှာ သုံးရေအတွက် ၁၀၀၀ လီတာကို ၁၈၀၀၀ ကျပ်ထိ ပေးဝယ်ခဲ့ရတယ်။ သောက်ရေကတော့ ရေသန့်ဝယ်သောက်လို့ရတာပေါ့။”လို့ မြောက်ဦးမြို့က ကျူရှင်ဆရာ ဦးမောင်ကျော်ဇောက ပြောပါတယ်။

 မြောက်ဦးမှာ စည်ပင်ရေပိုက်က လေးရက်တစ်ကြိမ်စီသာ ရေဝေတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, KHINE MYO AUNG

ဓာတ်ပုံ ပုံစာ, မြောက်ဦးမှာ စည်ပင်ရေပိုက်က လေးရက်တစ်ကြိမ်စီသာ ရေဝေတယ်လို့ဆို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်ဆည်ကန်ဟာ မြောက်ဦးခေတ်ကတည်းက ရခိုင်ဘုရင်တွေ စီမံတည်ဆောက်ခဲ့ကြတဲ့ ကျုံးကြီးတစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သလို ကန်နဲ့ပတ်သက်လို့ ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေကို အချိန်မီ မလုပ်ဆောင်ကြတဲ့အတွက် အခုလိုပြဿနာနဲ့ ကြီးကြီးမားမားကြုံကြရတာ ဖြစ်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အများစုကတော့ မိုးခေါင်လို့ ရေရှားရတာလို့ ယူဆမှုတွေရှိကြပေမယ့် လက်တွေ့မှာတော့ ကန်ရဲ့ကြမ်းပြင် မြင့်တက်လာမှုကြောင့် ရေလိုအပ်ချက်ကိုအပြည်အဝ မသိုလှောင်နိုင်တော့တဲ့ အတွက်ဖြစ်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။

တောင်တန်းတွေကြားတည်ရှိတဲ့ လက်ဆည်ကန်ဟာ မိုးတွင်းကာလမှာ မိုးရေတွေနဲ့အတူ စီးမျောကျလာတဲ့ နှုန်းတွေ၊ ကန်ရေမျက်နှာပြင်မှာ ပေါက်နေတဲ့ ဒိုက်တွေ၊ ဗေဒါတွေက နှစ်ကာလများစွာ စုစည်း အနည်ထိုင်လာတဲ့အတွက်ကြောင့် ကန်ကြီးတစ်ခုလုံး ကောလာခဲ့တဲ့ပြဿနာ ဖြစ်တယ်လို့ မြောက်ဦးမြို့မြင်းစိုင်းပြင်ရပ်ကွက်က ဦးစံရွှေမောင်က ထောက်ပြပါတယ်။

နောက်တစ်ခုက မြောက်ဦးမြို့ပေါ်က ကန်လှကန်ဖြစ်ပါတယ်။ အဲ့ဒီကန်လည်း အခုနှစ်မှာ ရေလုံးဝမရှိတော့တဲ့အထိ ခန်းခြောက်သွားပါတယ်။ ကန်လှကန်ဟာ မြောက်ဦးမြို့အတွက် လက်ဆည်ကန်ကိုကူနေတဲ့ ရေအကူကန်လို့ ပြောနိုင်ပါတယ်။

အဲ့ဒီရေကန်ဟာ လွန်ခဲ့တဲ့ ၁၉၉၃-၉၄ ခုနှစ်လောက်က တစ်ခါ အခုလို ခန်းခြောက်ခဲ့ပါတယ်။ အခုတစ်ကြိမ်ထပ်မံ ခန်းခြောက်တာကို ကြည့်လို့ရှိရင် နှစ်သုံးဆယ်အတွင်း ကြုံရတဲ့ ရေခန်းခြောက်မှု ပြဿနာလို့ပြောနိုင်ပါတယ်။

လက်ရှိမှာတော့ လက်ဆည်ကန်မှာရေမရှိတော့တာကြောင့် ပြည်နယ်ကောင်စီရဲ့ညွှန်ကြားချက်အရ မြို့ကိုရေပေးဝေနိုင်ဖို့အတွက် အဲ့ဒီကန်ရဲ့တောင်တန်းတစ်ဘက်မှာရှိတဲ့ အနူမကျုံးက ရေတွေကို ပေးဝေနိုင်အောင်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

အနူမကျုံးမှာတော့ ရေတွေအများအပြားရှိနေပေမယ့် အဲ့ဒီကရေကို လက်ဆည်ကန်ကိုပို့ပြီးမှ တစ်ဆင့်ခံပေးဝေနေရတဲ့အတွက် နေ့တိုင်းပေးဝေနိုင်ခြင်းမရှိဘဲ လေးရက်တစ်ကြိမ်စီသာ ပေးဝေနေရတာဖြစ်တယ်လို့ သိရပါတယ်။

no tag

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာတော့ သောက်သုံးရေ ပြတ်လပ်မှုမရှိကြပါဘူး။ အဲ့ဒီမြို့တွေမှာက အသစ်တည်ဆောက်ထားတဲ့ ဆည်တွေလည်းရှိသလို မြေအောက်ရေတွေလည်းတူးဖော်ရရှိတဲ့အတွက် အခုလိုပြဿနာတွေနဲ့ကြုံရတာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရေရှားပါးပြတ်လပ်မှုတွေကို ရသေ့တောင်မြို့နယ်ကနေ စတင်ကြုံတွေ့ကြရပါတယ်။ လက်ရှိမှာတော့ ရသေ့တောင်မြို့ပေါ်မှာလည်း လေးရက်တစ်ကြိမ်စီသာ စည်ပင်ပိုက်လိုင်းက ရေကိုရရှိကြသလို မြို့တွင်းမှာရှိတဲ့ကန်ရေတွေပါ မျှတပြီးအသုံးပြုနေကြရတယ်လို့ မြို့ခံဦးဦးသာဇံကပြောပါတယ်။

“ရေက လုံးဝပြတ်လပ်တဲ့အခြေအနေမျိုးတော့မဟုတ်ဘူး။ လေးရက်တစ်ကြိမ်စီပိုက်လိုင်းကလာတယ်။ ဖူလုံမှုတော့မရှိဘူးပေါ့နော်။ ကန်တွေမှာတော့ရေတွေနည်းနည်းပါးပါးရှိတယ်။ အဲ့ဒီရေတွေကိုဝယ်ပြီးသုံးကြတယ်။ ကိုယ်တိုင်သွားခပ်ပြီးသုံးကြရတယ်။”လို့ ဦးဦးသာဇံကဆိုပါတယ်။

မြို့တွင်းမှာရှိတဲ့ကန်တွေမှာလည်း ရေမခန်းခြောက်တဲ့အခြေအနေ မရောက်သေးပေမယ့် ရှိတဲ့ရေတွေကတော့ နောက်ကျိနေပြီဖြစ်တယ်လို့သိရပါတယ်။ ရသေ့တောင်မြို့ပေါ်ဟာ ဒုက္ခသည်စခန်းတွေအများအပြားရှိနေပါတယ်။ ပြီးတော့ နယ်ဘက်ကျေးရွာတွေမှာလည်း ရေခန်းခြောက်မှုတွေနဲ့ ကြုံနေရတဲ့နေရာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

no tag

ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ လွန်ခဲ့တဲ့နှစ်တွေက အခုလို ပြဿနာတွေနဲ့ကြုံခဲ့ကြရပေမယ့် အခုနှစ်မှာတော့ ရေရှားပါးတဲ့ဖြစ်စဉ်တွေ မဖြစ်တော့ဘူးလို့ မြို့ခံတွေကပြောပါတယ်။ မိုးခေါင်ခဲ့တဲ့အတွက် ရေရှားပါးမှုတွေဖြစ်လာမှာကိုစိုးရိမ်ပြီးတော့ မြို့နယ်စည်ပင်ဌာနကနေ ရေပေါပေါများများရရှိနေတဲ့အချိန်မှာ မြို့ကိုရေပေးဝေနေတဲ့ ဂူဝဆည်ကရေကို ပေးဝေမှုရပ်နားထားခဲ့ပြီး တခြားနေရာတွေမှာ ရေတွေပြတ်လပ်သွားတဲ့ အချိန်မှ အဲ့ဒီရေတွေကို အကန့်အသတ်နဲ့ ထုတ်ယူသုံးစွဲနေတယ်လို့ သိရပါတယ်။နယ်ဘက်ကျေးရွာတွေမှာလည်း ရေတွင်းရေကန်တွေရှိတဲ့အတွက် ရေခန်းခြောက်လို့ရှိရင်တောင် အရင်နှစ်တွေကလိုမျိုးမကြုံရနိုင်ဘူးလို့ ပုဏ္ဏားကျွန်းမြို့ခံ ဦးအင်္ဂါအောင်က ပြောပါတယ်။

ကုလားတန်မြစ်နံဘေးမှာတည်ရှိတဲ့ ကျောက်တော်မြို့နယ်မှာတော့ နေရာအများစုကတော့ ရေပြတ်လပ်မှုတွေနဲ့ကြုံနေကြရပါတယ်။ အထူးသဖြင့် မြစ်ရဲ့အောက်ဘက် ဆားငန်ဒေသတွေက ကျေးရွာတွေတော်တော်များများမှာ အခုလိုနွေရာသီရောက်လာလို့ရှိရင် ရေပြတ်လပ်ခန်းခြောက်တဲ့ ပြဿနာကို နှစ်စဉ်ကြုံနေကြရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောပါတယ်။

မြစ်ရဲ့အထက်ပိုင်းကတော့ ရေချိုဒေသဖြစ်တဲ့အတွက် ရေတွင်းရေကန်တွေမှာ ရေခန်းခြောက်သွားတဲ့အချိန် မြစ်ရေကိုတင်ပြီး အသုံးပြုလို့ရကြပါတယ်။ အဲ့ဒါကြောင့် အထက်ပိုင်းကျေးရွာတွေအတွက် ရေနဲ့ပတ်သက်တဲ့ ပြဿနာထွေထွေထူးထူးမရှိကြပါဘူး။

မင်းပြားမှာဆိုရင်လည်း ကြုံတွေ့နေရတဲ့ ရေပြဿနာကို ဖြေရှင်းဖို့ ဒေသအာဏာပိုင်တွေအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် မြင်တွေ့နေရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်နီးပါးကနေ နွေရာသီကိုရောက်လို့ရှိရင် ရေရှားပါးပြတ်လပ်မှုနဲ့ ကြုံနေကြရတာပါ။

ဒါကို အစိုးရအဆက်ဆက် ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မင်းပြားတစ်မြို့လုံးကိုရေပေးဝေနေတဲ့ ရေကန်ဟာ မြို့ပေါ်မှာရှိတဲ့ မင်းကန်ကရေကိုပေးဝေခဲ့တာပါ။ အဲ့ဒီကန်ရဲ့ရေသိုလှောင်နိုင်မှုပမာဏဟာ ရေလိုအပ်ချက်ကို ဖြည့်တင်းနိုင်ခြင်းမရှိပါဘူး။

အခုနှစ်မှာတော့ မင်းပြားမြို့တစ်ဖက်ကမ်းက ကြပ်စင်ကျွန်းမှာရှိတဲ့ ဖလောင်းပြင်ဆည်ကနေ ရေကိုသွယ်ယူပြီး မြို့ပေါ်ကိုရေပေးထားတဲ့အတွက် အဆင်ပြေနေတယ်လို့သိရပါတယ်။ ဒါဟာလည်း တစ်မြို့လုံးရေရှိနေတာတော့မဟုတ်ပါဘူး။ ဦးစိုးတင့်ရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်အများစုက ရေအခက်အခဲတွေနဲ့ကြုံနေရဆဲပဲဖြစ်ပါတယ်။

ရေပိုက်လိုင်းမရှိတဲ့နေရာတွေမှာ နေထိုင်ကြတဲ့ မြို့ခံတွေကတော့ ၁၀၀၀ လီတာတစ်ပုံးကို ကျပ် ၅၀၀၀ ကနေ ၈၀၀၀ အထိပေးဝယ်နေကြရတယ်လို့ ဒေါ်မာမာကျော်ဇောက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူမြို့အပါအဝင် မြို့နယ်တချို့တို့မှာလည်း ဒီလိုပြဿနာတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။ တချို့ရပ်ကွက်တွေရေရပြီးတော့ တချို့ရပ်ကွက်တွေ မရကြသလို တချို့နေရာတွေမှာ ရေရှားပါးနေတာကြောင့် နေ့စဉ်ရေအသုံးပြနိုင်ဖို့အတွက် ပိုက်ဆံတွေကိုအများအပြားသုံးစွဲနေကြရတယ်လို့ ကျောက်ဖြူမြို့က ဦးအောင်စောသိန်းက ပြောပါတယ်။

“ရေအခက်အခဲရှိတဲ့နေရာတွေရှိပါတယ်။ ကုလားပါတောင်ရပ်ကွက်တို့ တချို့ရပ်ကွက်တို့ဆိုရင် ရေမရကြဘူးဗျ။ နဲ့ဒီနေရာတွေက နှစ်တိုင်းဒီလိုဖြစ်နေတယ်။ ရှိတဲ့ရေနဲ့ လူဦးရေနဲ့မမျှတော့ဘူး။ ရေတွင်းတွေကိုလည်း ဆက်မတူးနိုင် ရေပေးဝေရေးစနစ်ကလည်းမရှိ။ ဝယ်ပြီးတော့သုံးကြရတယ်။ မဝယ်နိုင်တဲ့သူတွေက အလှူရှင်တွေကို စောင့်မျှော်ကြရတာပေါ့။”လို့ ကျောက်ဖြူမြို့ခံ ဦးအောင်စောသိန်းက ပြောပါတယ်။

ပြည်နယ်မြို့တော် စစ်တွေမှာတော့ ရေပြတ်လပ်သွားတဲ့အတွက် စစ်ကောင်စီဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်အရ မြေအောက်ရေကို ပေးဝေဖို့အတွက် ရေတွင်းတွေတူးဖော်ပြီး ရေပေးဖို့လုပ်နေတာပါ။ နေရာအများစုက ရေတွင်းတူးလို့မရနိုင်သလို ရေရလောက်တဲ့အခြေအနေထိ တူးဖို့အတွက် ငွေကြေးအကုန်ကျစရိတ် မြင့်မားတာတွေကြောင့် သာမန်အရပ်သားတွေအတွက် ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေပါ။

မိုးရေ ပြည့်ပြည့်ဝဝရရှိတဲ့နှစ်တွေမှာလည်း နွေရာသီရောက်လို့ရှိရင် မြို့တိုင်းမှာ ရေရှားပါးတဲ့ပြဿနာကို ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ စည်ပင်သာယာဌာနက ပေးဝေနေတဲ့ရေပိုက်လိုင်းတွေဟာ တစ်မြို့လုံးကိုပေးဝေနေတာ တစ်မြို့မှမရှိပါဘူး။ ပျဉ်းမျှအားဖြင်ပြောရရင် မြို့ရဲ့သုံးပုံတစ်ပုံလောက်ကိုပဲ ပေးဝေနိုင်တာလို့ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလိုနွေရာသီရောက်လာခဲ့လို့ရှိရင် ရေခန်းခြောက်တဲ့ပြဿနာ ရေမလုံလောက်တဲ့ပြဿနာနဲ့ကြုံရတဲ့အတွက် ဒါကိုဖြေရှင်းနိုင်ဖို့ ဦးသိန်းစိန်အစိုးရလက်ထက်စလို့ စီမံကိန်းတစ်ခုချမှတ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီစီမံကိန်းကို ၇ နှစ်လောက်စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ကြပါတယ်။ ဒါဟာ လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ကိုင်ခွင့်ရခဲ့တဲ့စီမံကိန်းတစ်ခုပါ။ ကျေးလက်မြို့ပြ ရေဖူလုံရေးအတွက်ဆိုပြီး ကျေးရွာတစ်ရွာကို ကျသိန်း ၅၀ ထိ သုံးစွဲခွင့်ရတဲ့ ရေကန်တစ်ကန်စီ တူးဖော်ပေးခဲ့တာပါ။

ရေရရှိရေးအတွက် ရေကန်တွေတူးဖော်ပေးတယ်ဆိုတာဟာ ယေဘုယျအားဖြင့်ကြည့်လို့ရှိရင် မှန်ကန်တယ်လို့ ဆိုရမှာဖြစ်ပေမယ့်လို့ ဒါဟာ ဆေးမြီးတိုနဲ့ကုစားတဲ့အဆင့်သာဖြစ်ပါတယ်။ ကန်တစ်ကန်ကို ကျပ်သိန်း ၅၀ စီနဲ့တူးဖော်ခဲ့တဲ့ရေကန်တွေ ရခိုင်ပြည်နယ်အတွင်းမှာ မရေတွက်နိုင်အောင်ရှိနေပါတယ်။ အဲ့ဒီနေရာတွေကလူတွေ ဟာ ဒီနေ့အထိ ရေငတ်နေကြတုန်းပဲလို့ပြောရပါလိမ့်မယ်။

တချို့ကျေးရွာတွေမှာ အဲ့ဒီစီမံကိန်းနဲ့တူးဖော်ထားတဲ့ရေကန်တွေဟာ ဘယ်လိုမှ ရေအရင်းအမြစ် မရှိတဲ့နေရာဖြစ်သလို ကျောက်မွကျောက်သားတွေရှိတဲ့တောင်ကုန်းတွေမှာ တူးဖော်ထားတဲ့ ကန်တွေဖြစ်တာကြောင့် ရေကိုကြာရှည်ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ မိုးလည်းကုန်ရေလည်းခန်းရတဲ့ အဖြစ်နဲ့ကြုံနေရတဲ့ ကန်တွေလည်းအများအပြားပါပဲ။

ဒါကြောင့် အရင်အစိုးရတွေချမှတ်ခဲ့တဲ့ စီမံကိန်းတွေရဲ့ တွက်ချက်မှု အားနည်းတစ်ခုဖြစ်သလိုဘဏ္ဍာငွေတွေ ကုန်ပြီး လူထုအတွက် ထိရောက်မှုမရှိတဲ့ စီမံကိန်းတွေသာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။