မိုနာလီဇာ ပန်းချီကား ဟင်းချိုရည်တွေနဲ့ အပက်ခံရ - ဇန်နဝါရီ ၂၈ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ လုဗ်ပြတိုက်အတွင်းက မိုနာလီဇာ ပန်းချီကားကို လှုပ်ရှား တက်ကြွသူ ၂ ယောက်က ဟင်းချိုရည်တွေလို့ ယူဆရတဲ့ အရည်တွေနဲ့ ပက်ခဲ့ကြပါတယ်။
လီယိုနာဒိုဒဗင်းချိရဲ့ အပြောင်မြောက်ဆုံး လက်ရာ ဒီပန်းချီကားကို ကျည်ကာမှန်နဲ့ ကာကွယ်ထားတာဖြစ်ပြီး အဲဒီမှန်ပြင်ပေါ်မှာ ဟင်းချိုရည်တွေနဲ့ ပေပွကုန်ပါတယ်။
ပန်းချီကားကတော့ ပျက်ဆီးမှု မရှိခဲ့ပါဘူး။
နောက်ပိုင်းမှာ အွန်လိုင်းပေါ်တက်လာတဲ့ ဗီဒီယို တခုအထဲ ဒီလှုပ်ရှားတက်ကြွသူ ၂ ယောက်က မိုနာလီဇာ ပန်းချီကားကို အရည်တွေနဲ့ ပက်လိုက်ပြီးတဲ့နောက် ပန်းချီကား ဘေးကို သွားပြီးရပ်ကာ လူတွေအနေ့ ကျန်းမာရေးနဲ့ ပြည့်စုံပြီး သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်အောင်ထုတ်လုပ်ထားတဲ့ အစားအစာတွေ ရပိုင်ခွင့်ရှိရ မယ်လို့ တောင်းဆိုနေတာကို တွေ့ရပါတယ်။
မိုနာလီဇာ ပန်းချီကားကို ပစ်မှတ်ထားပြီး ဆန္ဒပြကြတာ အခုအကြိမ်က ပထမဆုံး မဟုတ်ပါဘူး။
၂၀၂၂ ခုနှစ်အတွင်းမှာ လူတယောက်က ဒီပန်းချီကား မှန်ပြင်ပေါ် ခရင်မ်မုန့် နဲ့ ပစ်ပေါက်ခဲ့ဖူး ပါတယ်။
ပါလက်စတိုင်း ဒုက္ခသည် အစီအစဉ်အပေါ် ထောက်ပံ့မှု မရပ်ဆိုင်းဖို့ နိုင်ငံတွေကို ကုလ အတွင်းရေးမှူးချုပ် ပန်ကြား

ဓာတ်ပုံ ရင်းမြစ်, Reuters
ပါလက်စတိုင်းဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကို အမေရိကန်နဲ့ ဂျာမနီအပါအဝင် နိုင်ငံတွေက ဘဏ္ဍာရေး အထောက်အပံ့ ဖြတ် တောက်မယ့်အပေါ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က အဲဒီလို မလုပ် ကြဖို့ အဲဒီအစိုးရတွေကို အနူးအညွတ် ပန်ကြားလိုက်ပါတယ်။
ပါလက်စတိုင်းမှာ ကူညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (UNWRA) က ဝန်ထမ်း အများအပြားဟာ ပြီးခဲ့တဲ့အောက်တိုဘာက ဟားမတ်စ်တို့ အစ္စရေးကို တိုက်ခိုက်ကြ တဲ့ အထဲမှာ ပါဝင်ပတ်သက်မှု ရှိတယ်လို့ အစ္စရေးက စွပ်စွဲပြောကြားမှုအပေါ် အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အလွန် ထိတ်လန့် တုန်လှုပ်သွားတယ် လို့ ပြောပါတယ်။
UNWRA က ကူညီပေးနေတဲ့ လူတွေအတွက် လိုအပ်မှုတွေက သိပ်ကို ကြီးမားပြီး အခက်အခဲ ဖြစ်နေတာလို့ သူက ဆိုပါတယ်။
အဲဒီလို စွပ်စွဲမှုတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက် UNWRA က သူ့ ဝန်ထမ်း ၉ ယောက် ကို အလုပ်ကနေ ထုတ်ပစ်ခဲ့ပါတယ်။
သြစတြေးလျ အိုးပင်း အမျိုးသား ဖိုင်နယ်မှာ ဆင်းနား ဗိုလ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြစတြေးလျ အိုးပင်း တင်းနစ် ပြိုင်ပွဲအမျိုးသား နောက်ဆုံး ဗိုလ်လုပွဲမှာ အသက် ၂၂ နှစ်အရွယ် အီတလီ တင်းနစ် သမား ယန်းနစ်ခ် ဆင်းနားက ရုရှားက ပြိုင်ဖက် ဒန်နီရေ မက်ဗီရက်ဒက်ဗ်ကို အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
ဆင်းနားဟာ ပထမ ပွဲငယ် ၂ ပွဲ ရှုံးခဲ့ပြီးမှ ပြန်လိုက်လာကာ အခုလို အနိုင်ရ ခဲ့တာပါ။
နှစ်ပေါင်း ၂၀ အတွင်း အခုလို သြစတြေးလျ အိုးပင်း ဖိုင်နယ်မှာ ပထမဆုံးအကြိမ် အဖြစ် ထိပ်တန်း နာမည်ကြီးတွေဖြစ်တဲ့ နိုဗက် ဂျိုကိုဗစ်၊ ရာဖဲလ် နာဒါး၊ ရော်ဂျာ ဖက်ဒရာ စတဲ့ သူတွေ မပါဝင်ခဲ့ပါဘူး။








