ဒီဇင်ဘာ ၂၂ ရက် ထိပ်တန်းသတင်းများ - အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲ စစ်ခေါင်းဆောင်သွားရောက်

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲ အမှတ်စဉ် (၁၀) ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။
စစ်တပ်သမိုင်း မှာ ဘွဲ့ရ အမျိုးသမီးတွေကို ၂၀၁၄ ခုနှစ်က စခေါ်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက လျှောက်ထားသူ အယောက် ငါးထောင် ဝန်းကျင် အထိရှိခဲ့ပါတယ်။
ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းတွေကို အသက် ၂၅ နှစ်ထက် မကျော်လွန်ဖို့ သတ်မှတ်ထားပြီး
မဟာဘွဲ့ရပြီး သူတွေကိုတော့ ၂၇ နှစ် နဲ့ ပါရဂူဘွဲ့ရပြီးသူတွေကို ၃၀ နှစ် အထိ သတ်မှတ်ထားပြီးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်လောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးရင် ဒုတိယဗိုလ်အဆင့် စတင်ခန့်အပ်တာဖြစ်ပါတယ်။
မဟာဘွဲ့ရပြီးသူတွေ နဲ့ ပါရဂူဘွဲ့ရပြီးတဲ့ ကျောင်းဆင်းတွေကိုတော့ ဗိုလ်အဆင့် စတင်ခန့်အပ်တယ်လို့ စစ်ရာထူးခန့်ချုပ်ရုံး ကနေ သိရပါတယ်။
စစ်တပ်ဟာ အစိုးရဝန်ထမ်းတွေကိုပါ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဗိုလ်လောင်းလျှောက်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
အမျိုးသမီးစစ်မှုထမ်းတွေရဲ့ အခန်းကဏ္ဍကို အားသစ်လောင်းမယ့် ဗိုလ်လောင်းသင်တန်းဆင်းပွဲ လို့ ဒီအခမ်းအနားအကြောင်းကို စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပေါက်တောကို စစ်ကူလာတဲ့ စစ်သင်္ဘော ၃ စီးကို အေအေတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Western News
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင် ၅ မြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေ
မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့ မြို့တွင်းတိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်မြောက်ပိုင်းက ပေါက်တောမြို့မှာ ဒီဇင်ဘာ ၂၁ ရက်က စစ်တပ်ဘက်က လူအင်အားနဲ့ လက်နက်အင်အားဖြည့်တင်းဖို့လာတဲ့ စစ်သင်္ဘော ၃ စီးကို အေအေက တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ထုတ်ပြန်လာပါတယ်။
အေအေဘက်က ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာရခဲ့သလို စစ်သင်္ဘောတစ်စီးထိမှန်ခဲ့ပြီး နောက်ပြန်လှည့်သွားခဲ့တယ်လို့ အေအေ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က ပေါက်တောမြို့တွင်းဘက်ကို လူအင်အား၊ လက်နက်အင်အားတွေ စစ်ကူဖြည့်တင်းဖို့ ကြိုးစားနေတာ တစ်ပတ်ဝန်းကျင်ရှိပြီဖြစ်ပေမယ့် အေအေက စစ်ကူလမ်းကြောင်းကို ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။
ပေါက်တောမြို့မှာ နိုဝင်ဘာ ၁၃ ရက်နေ့တည်းက အေအေနဲ့ စစ်တပ်ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ပေါက်တောမြို့မရဲစခန်းကို အေအေဘက်က သိမ်းပိုက်ပြီးနောက်မှာတော့ မြို့တွင်းတိုက်ပွဲတွေပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
အလားတူပဲ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာလည်း ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ စစ်တပ်ဘက်က တောင်ကန်ကျေးရွာက ဒေသခံနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို အနီးနားက ရွာတွေကိုလည်း ဒရုန်းနဲ့စောင့်ကြည့်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီဇင်ဘာလ ၂၁ ရက် တစ်ရက်တည်းမှာပဲ ပေါက်တော၊ရမ်းဗြဲ၊ မင်းပြားမြို့နဲ့ အမ်းမြို့မှာလည်း အေအေနဲ့ စစ်တပ်ကြား လက်နက်ကြီးအပြန်အလှန်ပစ်ခတ်တာတွေရှိပြီး စစ်တပ်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲတွေ နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းအထိ သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။
မန်တုံ-နမ္မတူမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နဲ့ နမ္မတူမြို့တို့မှာ စစ်တပ်နဲ့ တအာင်းတပ် (TNLA) ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
“မန်တုံမှာ ဘယ်သူမှ မနေရဲတော့ဘူး။ တော်တော်များများ စစ်ရှောင်ကုန်ပြီ။ အခုလည်း နမ္မတူဘက်ကို ရှောင်လာတာ ဒီဘက်မှာလည်း ပစ်နေတာပဲ”လို့ မန်တုံကနေ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။
မန်တုံမြို့အခြေစိုက် ခလရ-၁၃၀ တပ် နဲ့ TNLA တို့ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က မန်တုံမြို့ပေါ်နဲ့ အနီးတဝိုက်ကို ဂျက်ဖိုက်တာနဲ့ ၁၀ ကြိမ်ကျော်၊ Y-12 လေယာဉ်နဲ့ အကြိမ် ၅၀ နီးပါးဗုံးကြဲတိုက်ခိုက်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် မန်တုံရဲစခန်း၊ လွယ်ကန်ကျေးရွာ၊ မန်ကန်ကျေးရွာ၊ ဒုက္ခသည်စခန်းအနီးတဝိုက်အပါအဝင် ပန်နင်ကျေးရွာက အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို သေဆုံးတဲ့သူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
နမ္မတူမြို့မှာလည်း လားရှိုးဘက်အထွက် မြို့ပြင်က စစ်တပ်နဲ့ မြို့ထဲက TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကနေ နမ္မတူမြို့တဝိုက်ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
နမ္မတူမြို့ ခံတစ်ဦးကလည်း “ဒီမနက်လည်း တစ်နာရီအတွင်းပစ်နေတာ ငါးကြိမ်ကျော်ပြီ။ မှောင်တာနဲ့ ဆက်တိုက်ပစ်နေတာ ၃ ရက်ရှိပြီ၊ အခုထိ စစ်ရှောင်လို့တော့ ရနေသေးတယ်” လို့ ဘီဘီစီကိုပြောပါတယ်။
မြို့ပြင်မှာရှိတဲ့ စစ်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နမ္မတူမြို့အစပ် ခိုဖိတ်ကျေးရွာက ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
နမ္မတူနဲ့ မန်တုံမြို့ဒေသခံအားလုံးနီးပါးက နီးစပ်ရာရွာတွေဘက် ပြေးနေကြသလို မန္တလေးနဲ့လားရှိုးဘက်ကိုလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်က ဒီဇင်ဘာ ၂၁ ရက်မှာ နမ္မတူမြို့က ခိုဖိတ်ကျေးရွာနဲ့ နမ့်တောင်ကုန်းကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးနဲ့ အကြိမ် ၇၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ TNlA က ထုတ်ပြန်ထားပါတယ်။
တစ်ရက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ကွတ်ခိုင်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၄၅) က တပ်ကြပ်တစ်ဦး လက်နက်ချခဲ့တယ်လို့ TNLA ဘက်က ဓာတ်ပုံတွေနဲ့တကွ ဖော်ပြလာပါတယ်။
စစ်ကောင်စီဘက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားရာနဲ့ချီ ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, The Star မလေးရှားသတင်းဌာန
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့လယ်ခေါင်မှာ ဒီဇင်ဘာ ၂၁ ရက်က မြန်မာအလုပ်သမားတွေအပါအဝင် နိုင်ငံခြားသားလူရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး လူဦးရေ ၅၀၀ နဲ့ ၁,၀၀၀ ကြားရှိနိုင်တယ်လို့ မလေးရှားက လာတဲ့သတင်းတွေနဲ့ မလေးအခြေစိုက်မြန်မာကူညီရေးအဖွဲ့၊ ကပုန်းလူမှုကူညီရေးအသင်ဥက္ကဋ္ဌ ဦးစန်းဝင်းရဲ့ ပြောကြားချက်အရ နားလည်ရပါတယ်။
ဖမ်းဆီးခံရတဲ့ အလုပ်သမားငါးရာကျော်ထဲမှာ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေက အများဆုံးဖြစ်ပြီး မြန်မာက ဒုတိယအများဆုံးဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေကို မလေးရှားနိုင်ငံရဲ့ ပါမစ်ထိန်းသိမ်းရေးနေရာမှာ စစ်ဆေးနေပြီး မြန်မာနိုင်ငံသား ဘယ်နှစ်ယောက်ပါဝင်လဲဆိုတာကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။
“မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကုန်ခြောက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေရှိတယ်။ အဲဒီတော့ မြန်မာတွေက လာပြီးဈေးဝယ်စားသောက်ကြတဲ့ မနက် ၁၁ ခွဲလောက်အချိန်ဖြစ်နေတယ်၊ လူစည်တဲ့အချိန်ဖြစ်နေတယ်” လို့ သူက ဖမ်းဆီးခံရတုန်းက အခြေအနေကို ပြောပြထားတာဖြစ်ပါတယ်။
မြန်မာအပါအဝင် နိုင်ငံခြားအလုပ်သမားများစုက R2K လို့ခေါ်တဲ့ တရားဝင်နေထိုင်အလုပ်လုပ်ခွင့် ပါမစ်ကို တရားဝင်မလျှောက်ကြဘဲ နိုင်ငံကူးလက်မှတ်အတု၊ ပါမစ်အတုတွေနဲ့ နေထိုင်နေတာကြောင့် မလေးရှားအာဏာပိုင်တွေဖြစ်တဲ့ ရဲ၊ စစ်တပ်၊ လဝကအပါအဝင် အကောက်ခွန်ဌာန စတဲ့ အင်အား ၁၀၀၀ ဝန်းကျင်ရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး ဖမ်းဆီးခဲ့တာလို့ သူက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့်ပေးတဲ့ လက်ဗွေစနစ် (R2K) ကို ကျင့်သုံးနေတာ တစ်နှစ်ရှိနေပြီဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်က နောက်ဆုံးလျှောက်ရမယ့်နေ့ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးတဲ့အထဲမှာ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပါမစ်ရှိတဲ့သူတွေကို ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။
ပါမစ်မရှိတဲ့သူတွေ၊ နိုင်ငံကူးလက်မှတ်အတုနဲ့နေထိုင်သူတွေ၊ အလုပ်လုပ်ခွင့်ပါမစ်အမျိုးအစားနဲ့ လုပ်ကိုင်နေတဲ့ အလုပ်အမျိုးအစား မတူညီတဲ့သူတွေ (ဥပမာအားဖြင့် ဆောက်လုပ်ရေးအလုပ်သမားပါမစ်နဲ့ စားသောက်ဆိုင်မှာလုပ်နေတဲ့သူတွေ) အပြင် မလေးရှားအစိုးရကို အခွန်မဆောင်ဘဲ စားသောက်ကုန်အတုတွေ တင်သွင်းသိုလှောင်နေတဲ့သူတွေ ကတော့ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။
ပြစ်မှုအမျိုးအစားအလိုက် လျော်ကြေးသတ်မှတ်တာတွေရှိသလို ထောင်ဒဏ် ၃ လ ကနေ ၉ လအထိ ထောင်ချတာတွေ လုပ်နိုင်တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံထဲကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကနေ တရားမဝင်ခိုးဝင် နေထိုင်နေတဲ့သူတွေကို မလေးရှားအာဏာပိုင်အဖွဲ့အစည်းတွေက ဖမ်းဆီးနှိမ်နင်းပြီး အရေးယူနေတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာလည်း မြန်မာတွေအနေနဲ့ လိုင်စင်မရှိဘဲ ကား၊ ဆိုင်ကယ်မောင်းနှင်တာတွေမလုပ်ဖို့နဲ့ လာမယ့် ခရစ္စမတ်နဲ့ နှစ်သစ် ပွဲတော်ကာလတွေမှာ အသွားအလာအနေအထိုင် ဆင်ခြင်ကြဖို့လိုတယ်လို့ သူက တိုက်တွန်းထားပါတယ်။
လောက်ကိုင်မှာ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
စစ်ကောင်စီက လေကြောင်းကပါတိုက်ခိုက်
လောက်ကိုင်မြို့ရဲ့ အစိတ်အပိုင်းတချို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်နိုင်ပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေပါ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ် လို့ ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ရက်အတန်အကြာ တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့ပေမယ့် ဒီဇင်ဘာ ၁၈ ရက်ကစလို့ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တယ် လို့ MNDAA က ထုတ်ပြန်ပါတယ်။
၄ ရက်ကြာတိုက်ပွဲအတွင်း တရုတ်မြန်မာနယ်စပ် အနီးမှာ မနေ့က ဖြစ်ခဲ့တဲ့ ရွှေဆင်မြို့သစ် တိုက်ပွဲကအပြင်းထန်ဆုံး ဖြစ်ခဲ့တယ် လို့ လောက်ကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေဆင်မြို့သစ်ဟာ နယ်စပ်မျဉ်းအမှတ် BP-125 သွားတဲ့ လမ်းပေါ်မှာ ရှိပြီး အရင်ကနယ်ခြားစောင့်တပ် ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပါတယ်။
ကိုးကန့်တပ်က BP-125 အနီးတဝိုက်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အဲဒီဧရိယာထဲကဒုက္ခသည်စခန်းကိုပါ ရွှေ့လိုက်ပြီးတဲ့နောက် အခုလိုတိုက်ပွဲတွေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။
လေးရက်အတွင်း ရွှေဆင်မြို့သစ်၊တုန်ချိန်ဧရိယာ၊ လေးမျက်နှာဘုရားကုန်း၊တောင်ညီနောင် ဧရိယာ နဲ့ အမှတ်(၁၀၀၆)နယ်ခြားစောင့်တပ် အနီးမှာပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။
လောက်ကိုင်တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။








