ပါလက်စတိုင်းဒုက္ခသည်တွေအတွက် နိုင်ငံတချို့ အလှူငွေဆိုင်းငံ့ - ဇန်နဝါရီလ ၂၉ ရက် နိုင်ငံတကာသတင်းများ

ဂါဇာ၊ ပါလက်စတိုင်းဒုက္ခသည်၊ UNRWA

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, UNRWA အဖွဲ့ ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအတွက် ဂျုံတွေ ဖြန့်ဖြူးပေးနေ
ရေးသားခဲ့သည်။

UNRWA ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီအဖွဲ့က ရန်ပုံငွေတွေ ထပ်မရဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသတွင်းမှာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ဖေဖော်ဝါရီလနောက်ပိုင်း ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုမှာ UNRWA ဝန်ထမ်းတွေ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ အစ္စရေး အစိုးရရဲ့ စွပ်စွဲပြောဆိုမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်နဲ့ ယူကေအပါအဝင် နိုင်ငံတွေက အလှူငွေတွေကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဂါဇာပြည်သူတွေကို တခြားနည်းတွေနဲ့ ကယ်ဆယ်ရေး အကူအညီတွေ ထောက်ပံ့နိုင်ဖို့ ဂျာမနီအစိုးရက သုံးသပ်နေတယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့ကို ရန်ပုံငွေ ဆိုင်းငံ့လိုက်တာဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ် ဖြစ်တယ်လို့ နော်ဝေးဒုက္ခသည်များ ကောင်စီ အကြီးအကဲ ယန် အက်ဂ်လန် က ဘီဘီစီကို ပြောပါတယ်။

ဂါဇာဒေသနဲ့ တခြားဒေသတွေမှာ ရှိတဲ့ ပါလက်စတိုင်းပြည်သူ သိန်းပေါင်းများစွာဟာ UNRWA အဖွဲ့အပေါ် မှီခိုအားထားနေကြရတာ ဖြစ်ပါတယ်။

ဂါဇာမှာ အစ္စရေးစစ်တပ်က ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေ လုပ်နေ

ဂါဇာ၊ အစ္စရေး၊ ထိုးစစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခန်းယူနစ်စ်မြို့နားတဝိုက်မှာလည်း အစ္စရေးစစ်တပ်က မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်ခဲ့

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသတဝန်းမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေ လုပ်ခဲ့ရာမှာ ပါလက်စတိုင်း သေနတ်သမား ဒါဇင်ပေါင်းများစွာကို ချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ခန်းယူနစ်စ်မြို့နားတဝိုက်က နေရာတွေမှာ အစ္စရေးမြေပြင်တပ်ဖွဲ့တွေက တိုက်ခိုက်မှု အများအပြား လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာဒေသ အလယ်ပိုင်းမှာလည်း တင့်ကားတွေပါဝင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း နောက်ထပ် သေနတ်သမားတွေကို ချေမှုန်းသုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာစီတီးမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး မြေအောက်လိုဏ်ဂူတွေနဲ့ တင့်ကားပစ် စခန်းနေရာတွေက ထိခိုက်ပျက်စီးခဲ့ပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် လောလောဆယ် ပါလက်စတိုင်း ၂၆,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ဂါဇာဒေသက ဟားမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အပစ်အခတ် ရပ်ဆိုင်းထားဖို့နဲ့ ဟားမတ်စ်အဖွဲ့ ထိန်းသိမ်းထားဆဲဖြစ်တဲ့ အစ္စရေး ဓားစာခံတွေ ပြန်လွတ်လာရေး ညှိနှိုင်း ပြောဆိုမှုတွေကို ဒီသီတင်းပတ်မှာ ဆက်လုပ်မယ်လို့ မျှော်လင့်ရပါတယ်။

တရုတ် Evergrande အိမ်ခြံမြေ ကုမ္ပဏီကြီးကို ဖျက်သိမ်းဖို့ ဟောင်ကောင်အထက်တရားရုံး ညွှန်ကြား

တရုတ်၊ Evergrande၊ ဟောင်ကောင်အထက်တရားရုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ် အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍဟာ ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွားရေးရဲ့ လေးပုံတစ်ပုံကို လွှမ်းခြုံထား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းမှာ တချိန်က အကြီးဆုံး ဖြစ်ခဲ့တဲ့ Evergrande ကုမ္ပဏီကြီးကို ဖျက်သိမ်းပစ်ဖို့ ဟောင်ကောင် အထက်တရားရုံးက ညွှန်ကြားလိုက်ပါတယ်။

Evergrande ကုမ္ပဏီကြီးဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်း မှာ ကြွေးမြီ ဒေါ်လာ ဘီလျံ ၃၀၀ လောက်အတွက် တာဝန်ရှိနေပြီး ပြည်ပကြွေးမြီတွေ ပြန်ဆပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒီကုမ္ပဏီကို ဖျက်သိမ်းဖို့ လုပ်ဆောင်သူအနေနဲ့ Evergrande ကုမ္ပဏီရဲ့ ကမ္ဘာတဝန်း ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းယူခွင့် ရှိမှာ ဖြစ်ပြီး ကုမ္ပဏီ တင်ရှိနေတဲ့ အကြွေးတွေကို ပြန်ပေးဆပ်ရမှာ ဖြစ်တယ်လို့ တရားရုံးညွှန်ကြားချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့လည်း Evergrande ကုမ္ပဏီကြီးအပေါ် ဟောင်ကောင် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တရုတ်ပြည်မ အစိုးရတာဝန်ရှိသူတွေက အသိအမှတ်ပြု လက်ခံ မခံဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ကုမ္ပဏီဖျက်သိမ်းဖို့ ညွှန်ကြားချက်သတင်းကြောင့်နဲ့ ကုမ္ပဏီရဲ့ မရေမရာ အခြေအနေတွေကြောင့် တရုတ်နိုင်ငံရဲ့ အခက်အခဲကြုံနေတဲ့ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းအပေါ် နောက်ထပ် ဖိအားတွေ ပိုကျရောက်လာနေပါတယ်။ တရားရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာအပြီး Evergrande ကုမ္ပဏီရဲ့ ရှယ်ယာ တန်ဖိုးတွေ ၂၀ ရာခိုင်နှုန်း ထိုးကျသွားပါတယ်။

ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ အီရန်သင်္ဘောကို အိန္ဒိယရေတပ် ကယ်ဆယ်ခဲ့

ပင်လယ်ဓားပြ၊ ဆိုမားလီးယား ကမ်းရိုးတန်း၊ အီရန်သင်္ဘော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခုလ အစောပိုင်းတုန်းကလည်း အီရန်ငါးဖမ်းသင်္ဘောတစ်စင်းကို ပင်လယ်ဓားပြတွေလက်ကနေ အမေရိကန်ရေတပ် ကယ်ခဲ့

အေဒင် ပင်လယ်ကွေ့နားက ဆိုမားလီးယားအရှေ့ပိုင်း ကမ်းရိုးတန်းနားမှာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ အီရန် ငါးဖမ်းသင်္ဘောတစ်စင်း ပြန်လွတ်လာအောင် အိန္ဒိယရေတပ်က ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။

အီရန် အလံ လွှင့်ထူထားတဲ့ အိုင်မန် သင်္ဘောပေါ်ကို ပင်လယ်ဓားပြတွေ တက်လာပြီး သင်္ဘောသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ အိန္ဒိယ ရေတပ် ပြောခွင့်ရသူက ပြောပါတယ်။

သင်္ဘောပေါ်ပါသူ ၁၇ ဦး ပြန်လွတ်လာအောင်နဲ့ သင်္ဘော ပြန်ရအောင် အိန္ဒိယ ရေတပ်သင်္ဘောက ကြားဝင် တိုက်ခိုက်ပေးခဲ့ပြီး အခုအခါ အဲဒီ အီရန်သင်္ဘော ခရီးဆက်လက် ထွက်ခွာသွားပြီလို့ သူက ပြောပါတယ်။

ဒေသတွင်း ကုန်တင်သင်္ဘောတွေကို ပင်လယ်ဓားပြတွေက ဆက်တိုက်တိုက်ခိုက်နေရာမှာ ဒီဖြစ်ရပ်ဟာ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။