အစ္စရေး ဝင်တိုက်ခဲ့တဲ့ဂျနီးမြို့မှာ သေဆုံးသူတွေ စျာပန ပြုလုပ်ပြီ

ဂျနီးမြို့ခံတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေရှိနေတယ်ဆိုပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အနောက်ဘက်ကမ်း(West Bank)က ဂျနီးမြို့မှာ သေဆုံးသူတွေရဲ့စျာပန ကျင်းပနေပြီဖြစ်ပါတယ်။

တနင်္လာနေ့က စတင်တဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့ ၂ ရက်ကြာ စစ်ဆင်ရေးအတွင်းမှာ ပါလက်စတိုင်း ၁၂ ဦးနဲ့ အစ္စရေး စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးဘက်က ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့သလို မြေပြင်တပ်ဖွဲ့တွေက လက်နက်ကိုင် ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကတော့ ''အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေး''လို့ပြောဆိုပြီး ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဂျနီးမြို့ခံတွေအပေါ် စစ်ဆင်မှု''လို့ ပြောပါတယ်။

ဂျနီးမြို့မှာ စျာပနတွေ ပြုလုပ်ပြီ

စျာပန

ဓာတ်ပုံ ရင်းမြစ်, EPA

ဂျနီးမြို့က ဒုက္ခသည်စခန်းထဲကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေ စီးနင်းချိန် ပစ်ခတ်မှုတွေအတွင်း သေဆုံးခဲ့သူတွေရဲ့ စျာပနကို ဂျနီးမြို့မှာ ပြုလုပ်နေပြီး မြို့လမ်းမတွေထက်မှာတော့ အသုဘပို့သူတွေနဲ့ ပြည့်လျှံနေပါတယ်။

စျာပနအခမ်းအနား စတင်ပြုလုပ်တဲ့နေရာကတော့ ဂျနီးမြို့ထဲက ဒုက္ခသည်စခန်းကိုအဝင်မှာရှိတဲ့ ဆေးရုံကနေ စတင်တာဖြစ်ပါတယ်။

စစ်ဆင်ရေးပြုလုပ်ချိန်မှာ သေဆုံးခဲ့ကြတဲ့ ပါလက်စတိုင်း ၁၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဝတ်ပြုစုတောင်းဖို့ ဗလီကို ထမ်းပို့ခဲ့ကြပါတယ်။

အဲဒီနောက်မှာ အလောင်းတွေကို မြေမြှုပ်ကြမှာဖြစ်ပါတယ်။ အလောင်းထမ်းတဲ့သူတွေ၊ အသုဘရှုကြသူတွေအများစုကတော့ အမျိုးသားနဲ့လူငယ်တွေဖြစ်ပြီး ပါလက်စတိုင်းအလံတွေ ဝှေ့ယမ်းလို့ ပါဝင်ခဲ့ကြတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

စစ်ဆင်ရေးကြောင့် ရေပြတ်၊ မီးပြတ်တာတွေကို ပြင်ဆင်ဖို့ လုပ်နေ

အပျက်အစီးတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ပါလက်စတိုင်းစစ်သွေးကြွတွေရှိနေတယ်ဆိုပြီး အစ္စရေးက ဂျနီးမြို့ ဒုက္ခသည်စခန်းထဲကို စီးနင်းတိုက်ခိုက်တာတွေပြုလုပ်ချိန် အပျက်အစီးတွေ အတော်များများဖြစ်ခဲ့တာကြောင့် ရေနဲ့လျှပ်စစ်မီးဖြန့်ဝေရေးစနစ်တွေပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

ဆိုးဆိုးရွားရွားပျက်စီးခဲ့တဲ့အိမ်တွေနဲ့ အဆောက်အအုံတွေကို ပြင်ဆင်ရေး စတင်နေပြီလို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ကတော့ ဂျနီး ဒုက္ခသည်စခန်းကနေ အစ္စရေးတပ်ဖွဲ့ဝင်တွေ ဆုတ်သွားပြီးပြီးချင်း မကြာခင်မှာပဲ ပြုပြင်ရေးအဖွဲ့တွေကို ဒုက္ခသည် စခန်းဆီ စေလွှတ်ထားတယ်လို့ ဆိုပြီး Wafa သတင်းဌာနက သတင်းဖော်ပြပါတယ်။

နာတာရှည်ရောဂါအတွက် ပါရာစီတမောသောက်ပြီးဖြေရှင်းတဲ့လုပ်ရပ်လား

ဖမ်းမိတယ်ဆိုတဲ့ လက်နက်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆယ်စုနှစ်တွေနဲ့ချီပြီး သက်တမ်းရှိတဲ့ ဂျနီးမြို့က ဒုက္ခသည်စခန်းမှာ ၂ ရက်ကြာစစ်ဆင်ရေးအတွင်း ဒရုန်းတိုက်ခိုက်မှုတွေ၊ သံချပ်တပ်ဘူဒိုဇာတွေနဲ့ ရာနဲ့ချီတဲ့စစ်သားတွေကို အစ္စရေးဘက်က အသုံးပြုခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကတော့ အဲဒီစခန်းထဲမှာ လက်နက်ထုတ်လုပ်ရေးဓာတ်ခွဲခန်းတွေကို တွေ့ခဲ့သလို သေနတ်တွေ၊ ကျည်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ကာကွယ်ရေးဝတ်စုံတွေ အများကြီးကိုလည်း သိမ်းမိခဲ့တဲ့အကြောင်း သတင်းထောက်တွေကို ထုတ်ပြန် ပြသပါတယ်။

အဲဒီပစ္စည်းတွေထဲက တချို့ကိုဆိုရင် ပုန်းခိုကျင်းတွေ၊ ဗလီတစ်ခု၊ တွင်းနဲ့ ယာဥ်တွေထဲကနေဖမ်းမိတာလို့လည်း ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ စီးနင်းမှုအတွင်းမှာ သေဆုံးခဲ့တဲ့ ပါလက်တိုင်း အမျိုးသားနဲ့ ဆယ်ကျော်သက် ၁၂ ဦးဟာ စစ်သွေးကြွတွေဖြစ်တယ်လို့ပြောပြီး လက်နက်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးမှုမရှိခဲ့တဲ့ အောင်မြင်မှုလို့ ပြောပါတယ်။

ပါလက်စတိုင်း ဒေါက်တာတစ်ဦးကတော့ လူပေါင်း ၁၂၀ ဒဏ်ရာရခဲ့တယ်လို့ ပြောထားတယ်ဆိုပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အစ္စရေးစစ်ဘက်ဆိုင်ရာအကဲခတ်တွေကတော့ ရေရှည်မှာ အစ္စရေးရဲ့အခုလို စစ်ဆင်ရေးတွေရဲ့သက်ရောက်မှုဟာ အကန့်အသတ်ပဲ ဖြစ်သွားလိမ့်မယ်လို့ ပြောပါတယ်။

''နာတာရှည်ရောဂါအတွက် ကိုက်ခဲဖျားနာပျောက်ဆေး ပါရာစီတမောလ်ကို သောက်သုံးသလိုပဲဖြစ်မယ်'' လို့ Fauda ရုပ်သံ ဇာတ်လမ်းတွဲ ဖန်တီးသူတွေထဲက တစ်ယောက်ဖြစ်တဲ့ သတင်းထောက် Avi Issacharoff က ပြောပါတယ်။

လက်ရှိမှာ ဂျနီးဒုက္ခသည်စခန်းဟာ ''လောလောဆယ်တော့ လက်နက်တွေရှိနေတဲ့အခြေအနေကိုကြည့်ရင် အန္တရာယ်နည်းတယ်'' လို့ ထင်ရပေမဲ့ အစ္စရေးတွေအပေါ် ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုအရေအတွက်ဟာ လျော့ကျ မသွားဘူးလို့ ပြောပါတယ်။

ဂျနီးစစ်ဆင်ရေးအပြီး မြင်ကွင်း

အစ္စရေးသိမ်းပိုက်ခံ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ဂျနီးမြို့မှာ နေထိုင်သူတွေအတွက်တော့ ဗုဒ္ဓဟူးနေ့ မနက်ခင်းဟာ ညလုံးပေါက်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအပြီးမှာ အပျက်အစီးတွေအပြည့်နဲ့လမ်းတွေ၊ မီးလောင်တွေနဲ့ကားတွေရဲ့မြင်းကွင်းနဲ့ နိုးထ ခဲ့ရပါတယ်။

အောက်က ဓာတ်ပုံတွေကတော့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာမြင်ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

စစ်ဆင်ရေးအပြီး မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, EPA

စစ်ဆင်ရေးအပြီး အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, EPA

အပျက်အစီးတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဂျနီး ဒုက္ခသည်စခန်း ဘယ်လိုပေါ်လာလဲ

အစ္စရေး စစ်ဆင်ရေးအပြီးပြီးဆိုလို့ နေရပ်ပြန်လာကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေး စစ်ဆင်ရေးအပြီးပြီးဆိုလို့ နေရပ်ပြန်လာကြသူတွေ

အတိုချုပ်ပြောရရင် ဂျနီးစခန်းဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း မြောက်ပိုင်းက ဂျနီးမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုဖြစ်ပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တွေအစောပိုင်းကတည်းက ရှိနေတာဖြစ်ပြီး ၁၉၄၈-၄၉ စစ်ပွဲအတွင်း ပါလက်စတိုင်းစစ်ရှောင်တွေအတွက် ထူထောင်ထားတဲ့စခန်းဖြစ်ပါတယ်။

ကုလမသဂ္ဂရဲ့ ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာအေဂျင်စီ Unrwa ကတော့ အဲဒီမှာ ဒုက္ခသည် ၁၄,၀၀၀ ရှိပြီး စတုရန်းကီလိုမီတာ ၀.၁၆ မိုင်သာ ကျယ်ဝန်းတယ်လို့ ပြောပါတယ်။

အ‌နောက်ဘက်ကမ်းဆိုတာ ဘာကိုပြောတာလဲ

တောင်ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်မှာ အစ္စရေးနယ်မြေတွေဝန်းရံနေပြီး ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်ကမ်းပေါ်မှာရှိတာကြောင့် အနောက်ဘက်ကမ်းလို့ အမည်တွင်တာဖြစ်ပါတယ်။

အနောက်ဘက်ကမ်းဒေသကို အစ္စရေးက သိမ်းပိုက်ထားတာ ၁၉၆၇ ခုနှစ် စစ်ပွဲကတည်းက ဖြစ်ပေမဲ့ အစ္စရေးရော၊ ပါလက်စတိုင်းဘက်ကပါ သူပိုင်တယ်၊ ကိုယ်ပိုင်တယ်လို့ အကြိမ်ကြိမ်ဆွေးနွေးနေကြရတဲ့ဒေသဖြစ်နေဆဲပါ။

အစ္စရေးစစ်တပ်အုပ်ချုပ်မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အနည်းအကျဥ်းရနေတဲ့ အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်းအာရပ်တွေ ၂.၁ သန်းကနေ ၃ သန်းအထိနေထိုင်နေကြတယ်လို့ ခန့်မှန်းရပါတယ်။

အရှေ့ ဂျေရုစလင် မပါဝင်တဲ့ အနောက်ဘက်ကမ်းဒေသထဲက အစ္စရေးသိမ်းပိုက်ထားရာအရပ်တွေမှာ ထူထောင်ထားတဲ့နေရပ်နေရာပေါင်း ၁၃၀ ကျော်မှာ အစ္စရေး ဂျူးလူမျိုး ၄၃၀,၀၀၀ လည်းနေထိုင်နေကြပါတယ်။