ဂါဇာက ဒဏ်ရာရသူတွေ အီဂျစ်ဘက် ပို့ခွင့်ရ - နိုဝင်ဘာ ၁ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒဏ်ရာရသူတွေကို ရာဖာနယ်စပ်ဂိတ်ကနေ ထွက်ခွာခွင့်ရလာပြီ
ရေးသားခဲ့သည်။

ဂါဇာတောင်ပိုင်းက ရာဖာနယ်စပ်ဂိတ်က တဆင့် အီဂျစ်နိုင်ငံထဲကို ဆိုးဆိုးရွားရွား ဒဏ်ရာရထားတဲ့ သူတချို့ ရောက်ရှိလာပါတယ်။

ဒါဟာ လတ်တလော ဟားမတ်စ်နဲ့ အစ္စရေး ပဋိပက္ခအတွင်း ထိန်းချုပ်ရာနယ်မြေက ပထမဆုံး လွတ်လာကြသူတွေ ဖြစ်ပါတယ်။

ဂါဇာဆေးရုံတွေက ဒဏ်ရာရ လူနာ ၈၁ ယောက်ကို အီဂျစ်ဘက် ပို့လိုက်ပါပြီ။ သူတို့ရထားတဲ့ ဒဏ်ရာတွေက ကုသမှု ခံယူဖို့ ခွဲစိတ်မှု ကြီးကြီးမားမား လိုတဲ့သူတွေပေါ့။ သိတဲ့အတိုင်း ဂါဇာ ဆေးရုံတွေမှာက လူနာတွေပြည့်ကျပ်နေပြီး ပစ္စည်းအလုံအလောက်လည်း မရှိ ၊ ခွဲစိတ်မှုကြီးတွေလည်း လုပ်ပေးဖို့ အခြေအနေ မရှိဘူးလေ။ ခုတော့ သူတို့ကို အီဂျစ်ဘက်ပို့လိုက်တော့ အဲဒီကနေ တဆင့် တခြား လိုအပ်တဲ့ ဆေးရုံတွေဆီ ပို့ပေးသွားမှာပါလို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ နက်ဆမ် ဟတ်ဆန် ဆိုသူ က ပြောပါတယ်။

ဒီကနေ့မှာ ဂါဇာဘက်ကနေ အီဂျစ်ဘက်ကို ပါလက်စတိုင်း လူနာ ၈၀ လောက်နဲ့ နိုင်ငံသားနှစ်မျိုးခံယူထားသူ ၅၀၀ လောက် ရောက်လာဖို့ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

ရာဖာ နယ်စပ်ဂိတ်ကို ထိန်းချုပ်မှုအောက်မှာ အကန့်အသတ်နဲ့ ပြည်ပနိုင်ငံကူး လက်မှတ်ကိုင်ထားသူတွေ၊ အသည်းအသန် ဒဏ်ရာရထားတဲ့ အရပ်သားတွေကို ကယ်ထုတ်နိုင်ဖို့ ဖွင့်ပေးဖို့ ရှိတယ်လို့လည်း အနောက်နိုင်ငံ အစိုးရအရာရှိတွေကပြောပါတယ်။

လက်ရှိ ဂါဇာနဲ့ တခြားပြည်ပနိုင်ငံတွေမှာ နိုင်ငံသားအဖြစ် ခံယူထားသူ အယောက် ၇,၀၀၀ လောက် ရှိပြီး သူတို့အားလုံးကို အဲဒီဂိတ်ကနေ ထွက်ခွာခွင့်ပေးမလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစ္စရေးထိုးစစ်ကြောင့် သေဆုံးသူ ပါလက်စတိုင်း ၈,၈၀၀ ရှိ

ဂါဇာမြောက်ပိုင်းက ဂျဘလီယာ ဒုက္ခသည်စခန်းဟာ နောက်ထပ် ဗုံးကြဲတိုက်ခိုက်တဲ့ဒဏ် ခံနေရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မနေ့ အင်္ဂါနေ့တုန်းကလဲ အဲဒီဒုက္ခသည်စခန်းနဲ့ အနားက အဆောက်အအုံတွေပေါ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာအကြီးအကျယ်ရသူ အများအပြား ရှိခဲ့ပါတယ်။

ဟားမတ်စ် အဖွဲ့ကတော့ ပြီးခဲ့တဲ့လ အစ္စရေးတောင်ပိုင်းကနေ ဖမ်းထားတဲ့ အရပ်သား ဓားစာခံတွေထဲက ၇ ယောက်ဟာ မနေ့က အစ္စရေးရဲ့ ဂျဘလီယာ ဒုက္ခသည်စခန်းပေါ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ ပြောပါတယ်။

အဲဒီလို သေဆုံးသွားသူတွေထဲက ၃ ယောက်က ပြည်ပနိုင်ငံကူးလက်မှတ် ကိုင်ထားသူတွေ ဖြစ်တယ်လို့ ဟားမတ်စ်က ဆိုပေမယ့် ဒီအပေါ် အစ္စရေးဘက်က တစုံတရာ တုံ့ပြန်မှု မရှိခဲ့ပါဘူး။

ဟားမတ်စ်တို့ ထိန်းချုပ်ရာ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကတော့ လက်ရှိ ပဋိပက္ခမှာ အစ္စရေး ထိုးစစ်ကြောင့် သေဆုံးသူ ပါလက်စတိုင်းအယောက် ၈,၈၀၀ နီးပါး ရှိတယ်လို့ ပြောပါတယ်။

အနောက်ဘက်ကမ်း ဒေသမှာ အစ္စရေးတို့ စီးနင်းမှုအတွင်း ၃ ယောက်သေ

ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသမှာ အစ္စရေးတို့ရဲ့စီးနင်းမှုကြောင့် တညအတွင်း မြောက်ပိုင်းက ဂျန်နင်းမြို့မှာ လူ ၃ ယောက် သေဆုံးသွားတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း ဂျန်နင်း စစ်ရှောင်စခန်းက အိမ်တလုံးပေါ် အနည်းဆုံး ဒုံးကျည်တစင်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ သူတို့ဟာ စစ်သွေးကြွတွေကို ပစ်မှတ်ထားတာလို့ ပြောပါတယ်။

တခြား ဖြစ်ရပ် တခုမှာတော့ တူလ်ခါရမ်မြို့က စီးနင်းမှုအတွင်း အစ္စရေးစစ်သားတွေ လက်ချက်ကြောင့် သက်ကြီးပိုင်း အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားနှစ်ယောက် သေဆုံးမှု ရှိခဲ့ပေမယ့် လခတိုးရေး ဆက်လက်တိုက်ပွဲဝင်နေ

ဘင်္ဂလားဒေ့ရှ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ် အလုပ်သမားတွေ လခ ၃ ဆ တိုးပေးဖို့ တောင်းဆို

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ထောင်နဲ့ချီတဲ့ အထည်ချုပ်အလုပ်သမားတွေဟာ လခတိုးပေးဖို့ ဆက်လက် ဆန္ဒပြနေပါတယ်။

ဒက္ကာမြို့ရဲ့ နေရာတချို့မှာ လမ်းတွေကို ဘလောက်တုံးတွေနဲ့ ပိတ်ဆို့ပြီး ဆန္ဒပြနေကြတာပါ။

လက်ရှိ လစာ ၇၅ ဒေါ်လာထက် သုံးဆတိုးပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြမှု အတွင်း သေဆုံးသူ ၂ ယောက် ရှိခဲ့ပါပြီ။

အစိုးရကတော့ လုပ်ခလစာကို အဆုံးအဖြတ်ပေးတဲ့ ဘုတ်အဖွဲ့တဖွဲ့ ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာပေါ်မှာ အသင့်ချုပ်အထည် ဒုတိယ အများဆုံး ထုတ်လုပ် ပြည်ပပို့တဲ့ နိုင်ငံ ဖြစ်ပြီး တရုတ်ကတော့ နာမည်ကြီး အမှတ်တံဆိပ်တွေရဲ့ အ၀တ်အထည် အဓိက ထုတ်ရာ နိုင်ငံ ဖြစ်ပါတယ်။

ဘော်နီယိုကျွန်းပေါ် မြို့တော်သစ်ဆောက်မယ့်အစီအစဉ် အင်ဒိုနီးရှား ဆက်လုပ်

သမ္မတ ဂျိုကို ဝီဒိုဒို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာ လေဆိပ်ကို တနှစ်အတွင်း တည်ဆောက်မယ့် အစီအစဉ်ကို ကြေညာခဲ့

အင်ဒိုနီးရှားမှာ ဘော်နီယိုကျွန်း တောနက်ထဲမှာ မြို့တော် တည်ဆောက်မယ့် အငြင်းပွားဖွယ် အစီအစဉ်ကို သမ္မတ ဂျိုကို ဝီဒိုဒိုက ရှေ့ဆက်လုပ်ဆောင်နေပါတယ်။

အဲဒီနေရာမှာ နိုင်ငံတကာ လေဆိပ်ကို တနှစ်အတွင်း တည်ဆောက်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

ဆေးရုံနဲ့ ဟိုတယ် တလုံးလည်း စတင်တည်ဆောက်မယ့် အစီအစဉ်ကို မစ္စတာ ဝီဒိုဒိုက စီစဉ်နေတာပါတယ်။

အစိုးရရုံးစိုက်ရာ မြို့သစ် နူဆန်တရာ တည်ဆောက်ပြီး ဂျာကာတာမြို့တော်က ကားလမ်းပိတ်မှု အခြေအနေကို ဖြေရှင်းဖို့ ကြိုးစားနေတာပါ။

ဒါပေမယ့် ဂျာကာတာ ကနေ ဝေးလံလှတဲ့ နေရာမှာ မြို့သစ် တည်ဆောက်မှုကြောင့် ကုန်ကျစရိတ် ၊ အဆင်မပြေမှုတွေနဲ့ သဘာ၀ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို လူအများက မေးခွန်းထုတ်နေပါတယ်။

လူမျိုးရေးခွဲခြားတဲ့ စကားလုံးကြောင့် ထိုင်းဒိုင်တစ်ဦး တာဝန်ရပ်ဆိုင်းခံရ

ထိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘောလုံးလောကမှာ လူမျိုးရေး ခွဲခြားမှု မရှိစေရဆိုတဲ့ စာတမ်း

ထိုင်းနိုင်ငံမှာ လူမျိုးရေးခွဲခြားတဲ့ စကားလုံးသုံးတယ်ဆိုပြီး ဒိုင်တယောက်ကို ဘောလုံးအဖွဲ့ချုပ်က တာဝန် ရပ်ဆိုင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တတိယအဆင့်ပြိုင်ပွဲမှာ အဲဒီဒိုင်လူကြီးက အဲဒီလို သုံးနှုန်းပြောခဲ့တာလို့ ဂါနာနွယ်ဖွား ထိုင်းဘောလုံးသမား အဘက်ဒူ ခါဒီရီ ဟာမစ်က ပြောပါတယ်။

လက်ရှိမှာတော့ ဒီကိစ္စကို စုံစမ်း စစ်ဆေးနေတယ်လို့ ထိုင်းဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

မစ္စတာ ဟာမစ်ရဲ့ ကလပ်အသင်းဖြစ်တဲ့ ပရာချင်ဗျူရီ စီးတီးကတော့ အခုကိစ္စဟာ သူ့အတွက် ပထမဆုံး အကြိမ် ဖြစ်တာ မဟုတ်ဘဲ အလားတူ ကိစ္စရပ်တွေ ကြုံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

သူဟာ ထိုင်းမှာ မွေးဖွားပြီး နိုင်ငံသား ရထားသူ ဖြစ်ပါတယ်။