ဧပြီ ၇ ရက် နိုင်ငံတဝန်း ထူးခြားသတင်းများအနှစ်ချုပ်
ရခိုင်ပြည်နယ်က အခြေအနေကို တရုတ်ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေပြီး မြေပြင်မှာ အခြေအနေတွေ တတ်နိုင်သမျှ မြန်မြန်တည်ငြိမ်အောင် အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ဆက်ပြီးပါဝင်နေမယ်လို့ တရုတ်နိုင်ငံဘက်က ပြောလာပါတယ်။
ကုလသဂ္ဂလုံခြုံရေးကောင်စီမှာ ဧပြီလ ၄ ရက်တုန်းက ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အခြေအနေ အစည်းအဝေးမှာ ကုလဆိုင်ရာ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဂမ်ရွှမ်းက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
‘‘မြန်မာ့မိတ်ဆွေ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်အတွင်းက ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်’’ လို့ သူက ပြောသလို ငြိမ်းချမ်းရေးတိုးမြှင့်နိုင်ဖို့ ‘‘လမ်းကြောင်းအစုံ’’ကနေတဆင့် လုပ်ဆောင်နေတယ် သံအမတ်က ပြောခဲ့တဲ့အကြောင်း ဆင်ဟွာသတင်းမှာဖော်ြပပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခကို ဖြေရှင်းရေး တက်တက်ကြွကြွဦးဆောင်ချဥ်းကပ်တဲ့အနေနဲ့ ကြားဝင် ညှိနှိုင်းဖို့နဲ့ ဆက်သွယ်ပြောဆိုဖို့ တရုတ်ကိုယ်စားအဖွဲ့တစ်ဖွဲ့ မြန်မာကို ရောက်နေတဲ့အကြောင်းကိုလည်း သံအမတ်က ထည့်ပြောသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်းကနေထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံ ထောက်ပံ့ ထားတဲ့ ဘင်္ဂလားဒေ့ရှ်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်း သံအမတ်က ပြောသွားပါတယ်။
လက်ရှိမှာ ရခိုင်မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ရေး စိန်ခေါ်ချက်တွေရှိနေပေမဲ့ ဒီဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့အကြောင်းလည်း သံအမတ်က ပြောထားတယ်လို့ ဆိုပါတယ်။
ရွှေဘိုက ရှားတောရွာ စစ်ကြောင်းထိုးခံရပြီးနောက် အမျိုးသားငါးဦးသတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, MNP
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တောင်ပိုင်း၊ ရှားတောရွာကို ဧပြီ ၆ ရက်တုန်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) ပူးပေါင်းအဖွဲ့တို့ စစ်ကြောင်းထိုးခဲ့ပြီး အမျိုးသား ငါးဦးအသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီသတင်းတွေဖော်ပြလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ မနေ့ညနေ ၄ နာရီတုန်းက ရှားတောရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေ ခိုအောင်းနေတဲ့ နေရာကို စစ်တပ်က လက်ဦးမှုရယူပြီး ချေမှုန်းခဲ့တဲ့တိုက်ခိုက်ခဲ့တာကြောင့် PDF ၅ ဦးအလောင်း၊ လက်လုပ်သေနတ်နဲ့ ကျည်ဆံတွေကို သိမ်းဆည်းမိခဲ့တဲ့အကြောင်း ရေးသားဖော်ပြပါတယ်။
“သေဆုံးတာက ပြည်သူတွေလို့တော့ ကနဦး သတင်းကြားရတယ်။ အခုမနက်မှ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးရေး ဝင်နိုင်တဲ့အခြေအနေဆိုတော့ အသေးစိတ်မသိရဘူး။ မနေ့တုန်းက ခင်ဦးဘက်ကို ဖိနေလို့ ရွှေဘိုက လှုပ်ပေးရာကနေ စစ်ကြောင်းဝင်လာတာပါ” လို့ မြေပြင်မှာရှိနေတဲ့ရွှေဘိုပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ရှားတောက အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်လာတာ မရှိသေးသလို အခုသတ်ဖြတ်ခံရသူတွေဟာ အရပ်သားတွေလား၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလား ဆိုတာ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ခင်ဦးမြို့နယ်ထဲ စစ်ကောင်စီအဖွဲ့တွေရှိရာ မန်ကျည်းတုံရွာဘက်ကို လက်နက်ကြီးပစ်ကူပေးရာကနေ ရွှေဘိုမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
မနေ့တုန်းက စစ်ကောင်စီတပ်က လမ်းမပေါ်ကနေ စစ်ကြောင်းထိုးသလို ပြည်သူ့စစ်အဖွဲ့တွေကလည်း ဖြတ်လမ်းကနေ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ငါးရွာထက်မနည်းက ဒေသခံတွေစစ်ပြေးရှောင်ခဲ့ ရပြီး ဒီကနေ့မနက်ပိုင်းအထိ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
ကျိုက်ထိုက စစ်တပ်အခြေချနေရာတွေ တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, ကျိုက်ထိုတော်လှန်ရေးအင်အားစု
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရွှေစေတီ၊ ငွေစေတီ၊ ဘုရားကုန်း၊ မုပ္ပလင်စစ်ဆေးရေးလမ်းဆုံဂိတ်၊ လက်ပံပင်သင်္ချိုင်းကုန်းနဲ့ အင်္ဂဘို တာဝါတိုင်တို့ကို ဧပြီ ၆ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးချသလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။
အခုလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနဲ့ ရဲသား ၅ ဦးထက်မနည်း သေဆုံးကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစုက ပြောပါတယ်။
“လက်ပံပင်နဲ့ မုပ္ပလင်လမ်းဆုံဂိတ်က ယာယီစခန်းပုံစံအထိုင်ချပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးလေ့ ရှိပါတယ်။ တာဝါတိုင်နဲ့ ဘုရားကုန်းကတော့ လုံခြုံရေးအတွက် တပ်စွဲထားတဲ့ ယာယီစခန်းငယ်တွေပါ။ အခုတိုက်ခိုက်ခံရပြီးတော့ သူတို့ဘက်က လုံခြုံရေးမြှင့်ထားတယ်” ကျိုက်ထိုတော်လှန်ရေးအင်အားစုဝင် တစ်ဦးက ပြောပါတယ်။
ဒေသခံတွေမေးမြန်းကြည့်ချက်အရလည်း ကျိုက်ထိုမြို့အပြင်ဘက်မှာ တိုက်ခိုက်ခံရတာတွေရှိပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ အတိအကျမသိရှိကြဘူးလို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ကျိုက်ထိုတဝိုက်မှာ စစ်ရေးအရှိန်မြှင့်ထားတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီးမြထွန်းဦး မုဒုံလေယာဥ်ကွင်းသစ်စီမံကိန်းကိုရောက်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
စစ်ကောင်စီဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ဟာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံ လေယာဥ်ကွင်းသစ်စီမံကိန်းကိုရောက်နေချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာခံခဲ့ရပါတယ်။
ကော့ပရံ လေယာဥ်ကွင်းသစ် စီမံကိန်းကို ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ရောက်နေချိန် ဧပြီ ၆ ရက် မနက် ၁၀ နာရီခွဲကျော်မှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာလို့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း ၆၊ ဒရုန်းတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။
‘‘သူ(ဗိုလ်ချုပ်ကြီးမြထွန်းဦး)ရော၊ တိုင်းမှူးအသစ်ရောပါမယ်ဆိုတာ သတင်းရလို့ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ တိုင်းမှူးအသစ်က ဓမ္မသတ်ရွာကို မီးရှို့ခဲ့တဲ့သူပေါ့။ လက်စားချေ၊ လက်တုံ့ပြန်တယ် ဆိုတာထက် တရားမျှတမှုအတွက် တိုက်ခိုက်ခဲ့တာပါ’’လို့ (KNDO) တပ်ရင်း ၆၊ ဒရုန်းတပ်ဖွဲ့ပြောခွင့်ရသူက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပို့ဆောင်ရေးဝန်ကြီးနဲ့အဖွဲ့ အခုလို တိုက်ခိုက်ခံရမှုကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမဲ့ ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ဒရုန်းဟာ ဗိုလ်ချုပ်ကြီးမြထွန်းဦးရောက်နေတဲ့ စီမံကိန်းဧရိယာ အတွင်းက ယာယီရှင်းလင်းဆောင်နဲ့ ကိုက် ၁၀၀ နီးပါး အကွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲပစ်ချ တိုက်ခိုက်မှုကြောင့် အနီးနားမှာရပ်ထားတဲ့ ကား ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ပင်လယ်ထွက်ပေါက်လည်းရှိတဲ့ မွန်ပြည်နယ်မှာ နိုင်ငံတကာလေယာဥ်ကွင်းတည်ဆောက်မယ့်အကြောင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း သွားရောက်ခဲ့တဲ့ မွန်ပြည်နယ် ခရီးစဥ်အတွင်းမှာ ပြောခဲ့ပါတယ်။
အဲဒီနောက်မှာပဲ မော်လမြိုင်-ရေး ကားလမ်းမကြီးဘေး မုဒုံမြို့အနောက်တောင်ဘက်က မြေဧက ၄၆၀၀ ပေါ်မှာ လေဆိပ်နဲ့ ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လေဆိပ်ရှိနေပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ လေယာဥ်အဆင်းအတက် ရပ်နားထားပါတယ်။
ပြည်နယ်မြို့တော် မော်လမြိုင်မှာ လေဆိပ်ရှိပြီးဖြစ်ပေမဲ့ အဲဒီလေယာဥ်ကွင်းကို အဆင့်မြှင့်တင်တာမလုပ်ဘဲ လေယာဥ်ကွင်းအသစ်စီမံကိန်းစတင်နေတဲ့ စစ်ကောင်စီ အစီအစဥ်ကို ဝေဖန်မှု တွေရှိနေပါတယ်။
အီလက်ထရောနစ်မှတ်ပုံတင်ပါမှ နယ်စပ်ဖြတ်သန်းခွင့်ပေးတော့မယ်

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးနေတဲ့ အီလက်ထရောနစ်မှတ်ပုံတင် (UID) စာရွက်ပါမှ အိမ်နီးချင်းနိုင်ငံတွေဆီ နယ်စပ်ဂိတ်တွေ ကနေ နယ်စပ်ဖြတ်သန်းခွင့်ပေးတော့မယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာလာပါတယ်။
အဲဒီအစီအစဥ်ဟာ မေလ ၁ ရက်မှာ စတင်မယ်လို့ ဆိုပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို နယ်စပ်ဂိတ်တွေကနေ ဝင်ထွက်သွားလာမယ်ဆိုရင် TBP၊ BP လက်မှတ်တွေနဲ့ တရားဝင်သွားလာခွင့်ရှိနေရာကနေ အခုတော့ UID လက်မှတ်လည်း ပြဖို့ လိုမယ်လို့ စစ်ကောင်စီက ပြောလာတာပါ။
နယ်စပ်လူအဝင်အထွက်စာရင်းတိကျဖို့၊ မှတ်ပုံတင်ကတ်ပြားအတုတွေသုံးပြီး သွားလာနေတာတွေကို ထိန်းချုပ်ဖို့ UID လက်မှတ်ပါမှ နယ်စပ်ဖြတ်သန်းခွင့် TBP၊ BP လက်မှတ်တွေထုတ်ပေးတော့မယ့်အကြောင်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပြောဆိုလာတာလည်းဖြစ်ပါတယ်။
ဒီလိုထုတ်ပြန်ကြေညာပြီးတဲ့နောက် နယ်စပ်မြို့တွေမှာ အချက်အလက်ကောက်ခံတာတွေ လုပ်ပေးနေ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တာချီလိတ် - မယ်ဆိုင်တံတားအောက်မှာ ကတ်တွေလုပ်ပေးနေတယ်။ တစ်ရက်ကို အယောက် ၁၀၀ ပဲလုပ်ပေးတာဆိုတော့ ကတ်ရဖို့ တစ်ပတ်စောင့်ရတယ်၊ ကျွန်တော်လည်းကတ်စောင့်နေတုန်းပဲ” လို့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
UID လက်မှတ်ဆိုတာဟာ အသက် ၁၀ နှစ်ပြည့်ပြီးသူတိုင်းကို အီလက်ထရောနစ်စနစ်နဲ့ ကိုယ်ရေးအချက်အလက်တွေ (Biographic Data) ၊ ဇီဝအချက်အလက်တွေ (Biometric Data) တွေကို စာရင်းကောက်ယူပြီး ဂဏန်း (၁၀) လုံးပါရှိတဲ့ UID (Unique Identity Number) သတ်မှတ်ထုတ်ပေးတာလည်းဖြစ်ပါတယ်။








