တရုတ်နဲ့ဆွေးနွေးလိုတဲ့ ထိုင်ဝမ်အတိုက်အခံတွေ ပူးပေါင်းမှု သတင်းအပါအဝင် အောက်တိုဘာလ ၃၀ ရက် - နိုင်ငံတကာ သတင်းများ

Taiwan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

လာမယ့် ဇန်နဝါရီလ ၁၃ ရက်မှာ လုပ်မယ့် လွှတ်တော်ရွေးကောက်ပွဲအတွက် ထိုင်ဝမ်က အကြီးဆုံး အတိုက်အခံ ပါတီ ၂ ခုက သူတို့ အတူပူးပေါင်းလုပ်ဖို့ သဘောတူလိုက်ကြပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီ ကိုမင်တန်ပါတီနဲ့ ထိုင်ဝမ် ပြည်သူ့ပါတီ တို့ဟာ အဲဒီရွေးကောက်ပွဲနဲ့ တပြိုင်နက်ထဲမှာ လုပ်မယ့် သမ္မတရွေးကောက်ပွဲ အတွက် သမ္မတလောင်း တယောက်ထဲကိုပဲ စေလွှတ်ယှဉ်ပြိုင်မလား ဆိုတာကိုတော့ ဆွေးနွေးဆဲပဲ ရှိပါတယ်။

ဒီရွေးကောက်ပွဲ ရလဒ်ကို ကြည့်ပြီး ထိုင်ဝမ် အနာဂတ်က တရုတ်နဲ့ ဘယ်လို ဆက်ဆံရေး ရှိလာနိုင်မလဲဆိုတဲ့အပေါ် စောင့်ကြည့်သူတွေက သုံးသပ်ကြမှာပါ။

တရုတ်ဟာ ထိုင်ဝမ်ကို သူ့ရဲ့ ပိုင်နက်နယ်မြေလို့ သတ်မှတ်ထားပြီး အခု အဓိက အတိုက်အခံ ပါတီ ၂ ပါတီက နယ်မြေ တည်ငြိမ်ရေးအတွက် တရုတ်နဲ့ ဆွေးနွေးမှုကို ပြန်လည်လုပ်ဆောင်လိုကြပါတယ်။

၂၀၁၆ ခုနှစ်မှာ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ ထိုင်ဝမ်မှာ အနိုင်ရခဲ့တဲ့နောက် တရုတ်နဲ့ ဆွေးနွေးပြောဆိုတာတွေက ရပ်တန့်နေပါတယ်။

အစ္စရေးက ဂါဇာကို ဗုံးဆက်ကြဲနေ

Gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်က ဟားမတ်စ် ပစ်မှတ်ပေါင်း ၆၀၀ ထိမှန်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပြီး ဗုံးကြဲတာတွေကို ဆက်လုပ်နေ ပါတယ်။

ဟားမတ်စ်တို့ရှိနေတဲ့ အဆောက်အဦတွေနဲ့ တူးမြောင်းတွေကို သူတို့ တပ်ဖွဲ့တွေ ညက တိုက်ခိုက်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေကို သတ်ဖြတ် နိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာ မြောက်ပိုင်းကနေ တောင်ပိုင်းကို ဆက်ထားတဲ့ အဓိက လမ်းမကြီး ၂ ခုထဲက တခုကို အစ္စရေး စစ်တပ်က ဖြတ်တောက်ထားတယ်လို့ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အဲဒီမှာ တင့်ကားတွေ ဘူဒိုဇာ ကားတွေကို တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးထိုင်မယ်

Gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေး လေကြောင်းတိုက်ခိုက်မှု ခံရတဲ့ ဂါဇာမှာ ကလေးငယ်လေးတယောက်ကို ကယ်ထုတ်စဉ်

ဂါဇာ က လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအရေးအတွက် ကုလသမဂ္ဂ လုံခြုံ‌ရေး ကောင်စီ အရေးပေါ်အစည်းအဝေးထိုင်ပါလိမ့်မယ်။

ပါလက်စတိုင်း နယ်မြေထဲမှာ အစ္စရေးက မြေပြင်ထိုးစစ် တွေ တိုးမြှင့်လာခဲ့တဲ့‌နောက် ညီညွတ်သော အာရပ်စော်ဘွားများနိုင်ငံ (UAE) က ဒီအစည်းအဝေးကို လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အစည်းအဝေးကျရင် ပါလက်စတိုင်းတွေအတွက် အကူအညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (UNRWA)က အကူအညီပေးရေး နောက်ဆုံးအခြေအနေတွေကို လုံခြုံရေး ကောင်စီထံကို တင်ပြပါလိမ့်မယ်။

အီဂျစ် ဘက်ကနေ အကူအညီတင်ဆောင်ထားတဲ့ ထရပ်ကား အစီး ၆၀ ဒီနေ့ ထွက်သွား ခဲ့ပြီး အစ္စရေး တို့ စစ်ဆေးတဲ့ နစ်ဇာနာဂိတ်ကို ရောက်နေပြီလို့ ရာဖာ ဂိတ်မှာ ရှိနေတဲ့ အကူအညီပေးရေး အေဂျင်စီတွေနဲ့ မျက်မြင် သက်သေ တွေက ဆိုပါတယ်။

တကယ်လို့ အတည်ပြုချက်ရပြီဆိုရင် ပြီးခဲ့တဲ့ ၉ ရက် အကူအညီပေးရေး ကားတွေ သွားခွင့်ရတဲ့အချိန်ကစလို့ ဒီ တခေါက်က ကားအရေအတွက် အများဆုံး ပါတဲ့ ယာဉ် တန်း သွားခွင့်ရတာ ဖြစ်လာမှာပါ။