ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၃၁ ရက် ထိပ်တန်းသတင်းများ - စစ်ကောင်စီ အရေးပေါ်ကာလအခြေအနေ နောက် ၆ လ ဆက်တိုး
အာဏာသိမ်း ၃ နှစ် ပြည့်တဲ့ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး နောက်ထပ်အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆိုပြီး တစ်နှစ်သက်တမ်းနဲ့အုပ်ချုပ်ခဲ့ပြီးနောက်မှာ အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြိမ်ကြိမ် တိုးခဲ့တာ အခုတစ်ကြိမ်နဲ့ ၅ ကြိမ်ရှိပြီဖြစ်ပါတယ်။
နိုင်ငံတဝန်း တည်ငြိမ်ဖို့လိုသေးတယ်ဆိုတဲ့ သာမန် မဟုတ်သော အခြေအနေ ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၂၅ ကိုသုံးပြီး အကြောင်းပြချက်ပေးပြီး ဒီတစ်ကြိမ်မှာလည်း သက်တမ်းထပ်တိုးတာပါ။
ဒီကနေ့ နေ့လယ်ပိုင်းကျင်းပတဲ့ စစ်အုပ်ချုပ်ရေး နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်တဲ့ ကာလုံအစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူတို့နှစ်ဦးလုံးတက်ရောက်ခဲ့ကြပါတယ်။
Update - စစ်ခေါင်းဆောင်က တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ခိုက်မှုတွေရှိနေ သေးတာ ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုနဲ့ အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) မှုတွေကို နှိမ်နင်းဖို့ ၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ သန်းခေါင်းစာရင်းကောက်ယူဖို့တွေကို ဆက်လုပ်ဖို့လိုအပ်တဲ့အတွက် ပုဒ်မ ၄၂၅ အရ သာမန်အခြေအနေမဟုတ်တာကြောင့် လိုအပ်ချက်နဲ့ လုပ်ဆောင်ရမယ့်အချက်တွေကြောင့် အာဏာသက်တမ်းဆက်ယူတာလို့ စစ်ကောင်စီထုတ်ပြန်ချက်ထဲထည့်ပြောထားပါတယ်။
ဆီဆိုင်မြို့မှာ တိုက်ပွဲဆက်ဖြစ်လို့ မြို့ခံတွေ ဆက်ပြီးတိမ်းရှောင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ဆီဆိုင်မြို့ပေါ်မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၃၀ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြို့ထဲမှာ ကျန်နေသေးတဲ့ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲအတွင်း ဆီဆိုင်မြို့ ဘောလုံးကွင်းရဲ့အောက်ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ဒေသခံထိခိုက် သေဆုံးတာတော့ မရှိဘူးလို့ မြို့ခံတစ်ဦးရဲ့ အပြောအရ သိရပါတယ်။
ပူးပေါင်းအဖွဲ့တွေဘက်ကတော့ မြို့ထဲမှာကျန်နေသေးတဲ့ဒေသခံတွေကို ဘေးလွတ်ရာ အမြန်ဆုံး တိမ်းရှောင်ကြဖို့ တိုက်တွန်းနေတယ်လို့ ဆီဆိုင်မြို့ကနေ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။
PNLA ဘက်ကတော့ ဆီဆိုင်မြို့မြောက်ဘက်မှာ ဇန်နဝါရီ ၃၀ ရက်က စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲကနေ စစ်တပ်ဘက်က လက်နက် ၅၀ ခန့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
ဆီဆိုင်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ရင်း ၄၂၃ နဲ့ ၄၂၄ ပူးပေါင်းတပ်ရင်းတွေ တပ်စွဲထားတာဖြစ်ပြီး မြို့ကို စစ်တပ်က ထိန်းချုပ်ထားတုန်းပဲလို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။
ဆီဆိုင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကစပြီး စစ်ကောင်စီတပ်ရဲ့ တပ်စခန်းနဲ့ ရဲစခန်းတွေကို PNLA နဲ့ PDF ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီအပြောအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ PNLA ဝတ်စုံဝတ်ထားသူတွေရဲ့ လက်နက်တင် ကားတန်းကို စစ်ကောင်စီလက်အောက် ပအိုဝ်းပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်က ကြားဖြတ်ဟန့်တားရာကနေ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ နားလည်ရပါတယ်။
ဆီဆိုင်မြို့ကနေ စစ်ရှောင်နေရတဲ့ ဒေသခံ စုစုပေါင်း တစ်သိန်းကျော်ရှိနေပြီလို့ ဒေသခံတွေပြောင်းရွှေ့ရေး ကူညီပေးနေသူတစ်ဦးက ဘီဘီစီကိုပြောထားပါတယ်။
မော်တာကျည်တွေ ကျရောက်ခဲ့လို့ မြန်မာကို ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသကို မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ၁၃ တောင့်နဲ့ ကျည်ဆံ ၁ တောင့် ကျရောက်ခဲ့တယ်လို့ ကော့ဘဇားမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် ၃၄ တပ်ရင်း (BGB)က သတင်းထုတ်ပြန် ကြေညာထားပါတယ်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံထိစပ်နေတဲ့ ရခိုင်ဒေသမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ကြားတိုက်ပွဲတွေပြင်းထန်နေပြီး အဲဒီတိုက်ပွဲကြောင့် ကော့ဘဇားဘက်ကို ကျည်ကျရောက်လာတာလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ဇန်နဝါရီ ၂၉ ရက်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
“အဲဒီတိုက်ပွဲတွေကြောင့် မော်တာကျည်တွေ ဒီနေရာကို ကျလာတယ်။ နောက်ထပ် မြန်မာကနေ ကျွန်တော်တို့ နယ်မြေထဲကို မော်တာကျည်တွေ ထပ်ပြီးမကျရောက်ဖို့ မျှော်လင့်ပါတယ်” လို့ သူကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး Saiful Islam Chowdhury ကလည်း ဒီအဖြစ်အပျက်ကို ကန့်ကွက်တဲ့အကြောင်း စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) ဆီကို လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင် ရေးပို့ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရခိုင်ဒေသက တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတာကြောင့် ရခိုင်နဲ့ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ နယ်ခြားစောင့်တပ်တွေကိုလည်း သတိရှိဖို့ပြောထား ပါတယ်။ စစ်ကောင်စီဘက်နဲ့လည်း အဆက်အသွယ်ရှိပါတယ်” လို့ သူက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
နယ်စပ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဝန်းကျင်မှာ ရေလုပ်ငန်းလုပ်ကိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တချို့ဟာလည်း အလုပ်မလုပ်နိုင်သလို နယ်စပ်အနီးက ဒေသခံနေအိမ်တချို့အပေါ်ကိုလည်း ကျည်ဆံတွေ ကျရောက်တာ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းမီဒီယာတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ ဒီကနေ့အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
တရုတ်ဝရမ်းထုတ်ထားတဲ့ အရာရှိနှစ်ဦးကို UWSA က ဖမ်းဆီးရန် အမိန့်ထပ်ထုတ်
အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်က ဝရမ်းထုတ်ထားတဲ့ 'ဝ' တပ်ဖွဲ့ UWSA ရဲ့ ထိပ်တန်းအရာရှိနှစ်ဦးဖြစ်တဲ့ အိုက်ဟော့နဲ့ ပေါက်အိုက်ပန်းတို့ကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်မှာပဲ UWSA ဘက်ကနေ ချက်ချင်းဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လက်ရှိမှာ ပုန်းအောင်းနေကြတဲ့ အဲဒီအရာရှိနှစ်ဦးနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ရရှိတဲ့ ဘယ်နေရာမဆို၊ လက်ခံထားတဲ့ ဘယ်သူ့ကိုမဆို ခွင့်ပြုချက်တောင်းခံတာတွေမရှိဘဲ လိုအပ်သလို ရှာဖွေစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
သူတို့ နှစ်ဦးကို တရုတ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်မှာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖမ်းဆီးနိုင်ဖို့အတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာနကနေ ယွမ် ၅ သိန်းအထိ ဆုငွေထုတ်ထားသလို UWSA ဘက်ကလည်း 'ဝ' ပြည်နဲ့ အိမ်နီးချင်းတွေကြားက နိုင်ငံရေးဆက်ဆံရေးကို ပျက်စီးစေတဲ့အတွက်ကြောင့် အဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဒီ’ဝ’အရာရှိ နှစ်ဦးထဲက အိုက်ဟော့ ဟာ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးတစ်ခေတ်မှာ ပြည်မက UWSA ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကို တာဝန်ခံဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
ပေါက်အိုက်ပန်းကလည်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးအမှုနဲ့ နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။ ပေါက်ယူချန်း ရဲ့ တူတော်စပ်သူ ပေါက်အိုက်ပန်း ဟာ ၂၀၁၂ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြန်ပါလာပြီး ထောင်ထဲမှာ ရှမ်းလက်နက်ကိုင်ခေါင်းဆောင်တွေ၊ ဗမာနိုင်ငံရေးသမားတွေနဲ့ ရင်းနှီးခဲ့သူ ဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ UWSA အရာရှိနှစ်ဦးနဲ့ ပတ်သက်လို့ ဝ နယ်မြေထဲက ထွက်သွားတဲ့ အထောက်အထားမရှိသေးဘူးလို့ ပြောဆိုထားပြီး စစ်ကောင်စီဘက်က ဖမ်းဆီးရမိရင်တော့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်မှာ တရုတ်မီဒီယာတစ်ခုနဲ့အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရုတ်ဘက်ကဝရမ်း ထုတ်ထားတဲ့ ကိုးကန့် သူ ဌေး တချို့အပါအဝင် စုစုပေါင်း ၁၀ ဦးကိုလည်း စစ်ကောင်စီက တရုတ်ဘက်ကို မနေ့ ဇန်နဝါရီ ၃၀ ရက်ညပိုင်းမှာ လွှဲပေးခဲ့သလို တရုတ်နိုင်ငံရဲတပ်ဖွဲ့ဘက်ကလည်း ရုပ်သံဖိုင်တွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
စစ်တပ် နိုင်ငံရေးကနေ နောက်ဆုတ်သွားရင် တွေ့ဆုံဆွေးနွေးမယ်လို့ NUG ပြော
စစ်အာဏာသိမ်းထားတာကို ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံး သတ်ဖို့ အပါအဝင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့စတဲ့ တော် လှန်ရေး အဖွဲ့တွေရဲ့ ဦးတည်ချက်တွေကို မြန်မာစစ်တပ်တာဝန်ရှိသူတွေ လက်ခံလာရင် ဆွေးနွေးတာတွေလုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
တော်လှန်ရေး အင်အားစုတွေရဲ့ ဦးတည်ချက်တွေထဲ လက်နက်ကိုင်တပ်တွေအကုန်လုံးကို ဒီမိုကရေစီ နည်းကျရွေးကောက်ထားတဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားဖို့၊ သက်ဆိုင်သူအားလုံးလက်ခံတဲ့ ဖယ်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဖို့အပြင် ဥပဒေနဲ့အညီ ပြည်ထောင်စုအသစ်တည်ဆောက်ဖို့နဲ့ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရေးလုပ်ငန်းစဉ်တည်ဆောက်ဖို့ဆိုတာတွေ ပါဝင်ပါတယ်။
ဒီအချက်တွေကို မြန်မာစစ်တပ်က လက်ခံခဲ့ရင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီးတော့ အေးချမ်းတည်ငြိမ်တဲ့ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ဆွေးနွေးမှာလို့ ဖော်ပြထားတာပါ။
စစ်တပ်ကျောထောက်နောက်ခံအုပ်ချုပ်ရေးအဖွဲ့ကို အပြီးသတ်ဖယ်ရှားပြီးရင်တော့ အသွင်ကူးပြောင်းရေးကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (T-NUG) ကို ဖွဲ့စည်းမှာဖြစ်သလို ဖယ်ဒရယ်ယူနစ်အစိုးရတွေကို သက်ဆိုင်ရာပြည်နယ်အလိုက် လွတ်လွတ်လပ်လပ်ဖွဲ့မယ်လို့ ပြောပါတယ်။
ပြည်နယ်၊ ဖယ်ဒရယ်ယူနစ်တွေရဲ့ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိစ္စကိုတော့ အသွင်ကူး ပြောင်းရေး ကာလရောာက်တဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ညှိနှိုင်းမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီကနေ့ မနက်အစောပိုင်းထုတ်ပြန်လာတဲ့ ဘုံသဘောထားရပ်တည်ချက်မှာ NUG အပြင်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ပါဝင်ကြောင်း နားလည်ရပြီး အခြား ပူးပေါင်းပါဝင်တဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ NUG ဘက်က အတိအလင်းဖော်ပြထားတာတော့ မတွေ့ရပါဘူး။