စစ်ကောင်စီက သေဒဏ်အမိန့်ချထားသူ လူပေါင်း ၁၄၀ နီးပါးထိ တိုးလာနေ

ရေးသားခဲ့သည်။

လုပ်ကြံသတ်ဖြတ်ကြသူတွေလို့ စွပ်စွဲကာ တရားစွဲခံထားရတဲ့ အရပ်သား ၁၀ ယောက်ကို စစ်ခုံရုံးတခုကနေ သေဒဏ် ချမှတ်လိုက်ကြောင်း သက်ဆိုင်ရာ မိသားစု ဝင်တွေက ပြောပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေထဲက ၇ ယောက်ဟာ ဒဂုံတက္ကသိုလ် ကျောင်းသားတွေ ဖြစ်ပြီး သူတို့ ကျောင်းသားသမဂ္ဂကလည်း သူတို့ တက္ကသိုလ်က “ကိုခန့်ဇင်ဝင်း၊ ကိုသူရ မောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင် တို့ နိုဝင်ဘာလ ၃၀ ရက်နေ့က အင်းစိန်ထောင် စစ်ခုံရုံးမှာ ပုဒ်မ ၃၀၂ (က) နဲ့ မတရားစွပ်စွဲပြီး သေဒဏ်ချမှတ်” ခံရတယ်လို့ ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ တ‌ယောက် (အငြိမ်းစား ဒုဗိုလ်မှူးကြီး) သေနတ်နဲ့ ပစ်သတ်ခံမှုနဲ့ ဆက်စပ်ပြီး ဒဂုံ တက္ကသိုလ် ကျောင်းသား ၇ ယောက်ကို စစ်ကောင်စီက စစ်ခုံရုံးတင် စစ်ဆေးခဲ့ တာပါ။

သူတို့ဟာ ဧပြီ ၂၁ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး တောင်ဒဂုံ ရဲစခန်းမှာ ကနဦး အချုပ်ကျ ခဲ့ကာ နောက်ပိုင်းမှာ အင်းစိန်ထောင်ကို ရွှေ့ပြောင်းခံခဲ့ရတာပါ။

အင်းစိန်ထောင်ကိုသူတို့ ‌ရောက်သွားကတည်းက ဘာအဆက်အသွယ်မရတော့ဘူးလို့ မိသားစုဝင်တ‌ယောက်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့မေလပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက ၄၅ ရပ်ကွက် အုပ်ချုပ် ရေးမှူး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး လူငယ် ၃ ယောက် ကိုလည်း နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အင်းစိန်ထောင် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။  

အဲဒီလူငယ်တွေဟာ တာမွေမြို့နယ်အတွင်းမှာ ဇွန်လပိုင်းတုန်းက ဖမ်းဆီးခံရတဲ့ လူငယ်တွေဖြစ်ပါတယ်။

အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သူတို့ဟာ ကိုမင်းထက်သာ၊ ကိုဝေဇင်ယံ နဲ့ ကိုသူထူးအောင်တို့ ဖြစ်ကြောင်း သိရပါတယ်။

သူတို့အားလုံးကို စစ်ခုံရုံးက စီရင်ခဲ့တာဖြစ်ပြီး တရားဥပဒေရှေ့မှောက်မှာ လွတ်လပ်စွာ ခုခံချေပပိုင်ခွင့် မရခဲ့ကြပါဘူး။

သေဒဏ်ချမှတ်မှုအပေါ် တုံ့ပြန်ချက်တွေ

 ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တယောက်က ဒီသေဒဏ်ချမှတ်မှုကို “မတရားမှု”လို့ပြောပြီး ဒီကိစ္စကို “နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာရုံစိုက်ကြဖို့” တိုက်တွန်းပါတယ်။

သေဒဏ်အမိန့်နဲ့ ပတ်သက်ပြီး မိသားစုဝင်တယောက်က “သူတို့ လက်ခုပ်ထဲကရေ ဆိုတော့ လုပ်ချင်တာလုပ်ကြမှာပါ။ သေဒဏ်လုံးဝ မစီရင်ပါစေနဲ့။ အယူခံဝင်လို့ ရပါ စေလို့ ဆုတောင်းရတော့မှာပါ” လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းလောက်က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ ဦးဂျင်မီ နဲ့ ဦးဇေယျာသော်တို့ သေဒဏ်စီရင်ခံရသလို တပြိုင်နက်ထဲမှာပဲ လူသတ်မှုနဲ့ ဖမ်းဆီးထားတဲ့ ကိုအာင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကိုလည်း စစ်ကောင်စီက သေဒဏ် စီရင်ခဲ့လို့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အသိုင်းအဝိုင်းက သာမက နိုင်ငံ တကာအသိုင်းအဝိုင်းကပါ ကန့်ကွက်ရှုတ်ချခဲ့ကြ ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက သေဒဏ်ချမှတ်မှုတွေကို မရပ်ဆိုင်းသေးကြောင်း အခုတခါ ထပ်ပြီး သက်သေပြလိုက်တာပါ။

  သေဒဏ်စီရင်တာတွေကို စစ်ကောင်စီက ဆက်လုပ်မှာလား

၁၉၈၈ ခုနှစ်နောက်ပိုင်း သေဒဏ်ချမှတ်တာတွေ ရှိခဲ့ပေမယ့် သေဒဏ်စီရင်မှုတွေကို လက်တွေ့မှာ မလုပ်ဆောင်ခဲ့တဲ့ မြန်မာ စစ်တပ်အာဏာပိုင်တွေဟာ စီရင်မှုကို ဒီနှစ် ဇူလိုင်လက ပြန်လည်စတင်လုပ်ဆောင်လာတာပါ။

ဦးဂျင်မီတို့အပေါ်စီရင်မှု နောက်ပိုင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သေဒဏ် စီရင်မှုတွေကို ဆက်လုပ်သွားမယ့်အကြောင်း သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောခဲ့ဖူး ပါတယ်။

အခု စစ်ခုံရုံးအမိန့်ချမှတ်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မိသားစုဝင်တွေကတော့ သေဒဏ်ကိုအယူခံဝင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေကြပါတယ်။

ဥပဒေအကြံပေးတယောက်ဖြစ်သူ ဦးခင်မောင်မြင့်က လုပ်စရာ အဆင့် ၂ ခုကို လုပ်နိုင်ပါသေးတယ်လို့ ဆိုပါတယ်။

“အယူခံတွေကို ကြားနာဖို့ သီးခြားဖွဲ့ထားတဲ့ စစ်ခုံရုံး အယူခံအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီမှာ အယူခံတက်လို့ ရပါတယ်။ အဲဒီကနေ အယူခံပယ်လိုက်ပြီဆိုမှ နိုင်ငံတော် အကြီးအကဲဆီ၊ လက်ရှိကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေါ့၊ အသနားခံစာတင်လို့ရပါတယ်။ တချို့ လျှော့ပေါ့ပေးတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။ သေဒဏ်ကနေ တသက်တကျွန်းဒဏ်ပြောင်းလဲတာမျိုးလည်း တွေ့ဖူးပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့  နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ “သေဒဏ်အမိန့်ချမှတ်ခံထားရသူပေါင်း ၁၂၈ ယောက် ရှိနေ”တဲ့အတွက်  အခု ၁၀ ယောက်ပါ ထပ်ပေါင်းရင် ၁၃၈ ယောက် အထိ ဖြစ်လာတာပါ။

သေဒဏ်စီရင်မှုတွေကို အခုကာလမှာကော ဆက်လက်လုပ်ဆောင်သွားမှာလားလို့ စစ်ကောင်စီဘက်ကို မေးဖို့ ဘီဘီစီက သူတို့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ကို ဆက်သွယ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။