ပါလက်စတိုင်း နိုင်ငံကန့်ကွက်တဲ့ နေတန်ညာဟုကို အမေရိကန် ဝေဖန် - ဇန်နဝါရီ ၁၉ နိုင်ငံတကာ သတင်းများ

israel

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပါလက်စတိုင်း နိုင်ငံ ပေါ်မလာနိုင်ဘူးလို့ ပြောခဲ့
ရေးသားခဲ့သည်။

ပါလက်စတိုင်း နိုင်ငံထူထောင်ရေး ဆန့်ကျင်ပြောကြားတဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကို အမေရိကန် အိမ်ဖြူတော်က ဝေဖန်ပြောကြား ခဲ့ပါတယ်။

ပါလက်စတိုင်း အချုပ်အချာ အာဏာပိုင် နိုင်ငံ ပေါ်မလာနိုင်ဘူး ဆိုပြီး ကြာသပတေးနေ့က ဘင်ဂျမင် နေတန်ညာဟုက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အနောက်ဘက်ကမ်းနဲ့ ဂါဇာကို အစ္စရေး လုံခြုံရေးအတွက် ထိန်းချုပ်ထားဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီကိစ္စတွေကို အမေရိကန်က ကွဲပြားစွာ ရှုမြင်ကြောင်း အမေရိကန် လုံခြုံရေး ကောင်စီရဲ့ ပြောခွင့်ရ ဂျွန်ကာဘီက ဆိုပါတယ်။

ပါလက်စတိုင်း နိုင်ငံ ထူထောင်မှုကသာ အစ္စရေး လုံခြုံရေးကို ရေရှည်ခံဖို့နဲ့ ဂါဇာ ပြန်တည်ထောင်ဖို့ လုပ်နိုင်မယ်ဆိုပြီး ဂျိုးဘိုင်ဒန် အစိုးရက ပြောကြား ခဲ့ပါတယ်။

gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးတွေသုံးပြီး အပြင်းအထန် တိုက်ခိုက်

ဂါဇာတောင်ပိုင်းရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ခန်းယူနစ်က ဟားမတ်စ် တပ်သားတွေအပေါ် အစ္စရေး ထိုးစစ် ဆက်ပြီး ဆင်နွှဲနေပါတယ်။

လက်နက်ကြီးတွေသုံးပြီး အပြင်းအထန် တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ အနီးကပ် ရင်ဆိုင်တိုက်ပွဲတွေ လုပ်နေတာကို တွေ့ရကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

၂၄ နာရီအတွင်း ပါလက်စတိုင်း ၁၄၀ ကျော် သတ်ဖြတ်ခံရကြောင်းလည်း ဟားမတ်စ် လက်အောက်က ကျန်းမာရေး ဌာနက ပြောပါတယ်။

အရပ်သား အများအပြား မြို့က ထွက်ပြေးကြပြီး တချို့ကတော့ လူတွေ ပြွတ်သိပ်နေတဲ့ ခိုလှုံရာ စခန်းတွေမှာ ဝင်နေကြပါတယ်။

အဲဒီမှာ အစာရေစာနဲ့ ဆေးဝါး နည်းနည်းပဲ ရှိတယ်လို့လည်း သိရပါတယ်။

ပါကစ္စတန် လုံခြုံရေးအစည်းအဝေးခေါ်

pakistan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီရန်နဲ့ တင်းမာမှု အရှိန်မြှင့်ဖို့ ဆန္ဒမရှိ

ပါကစ္စတန် အနေနဲ့ အီရန်နဲ့ တင်းမာမှု အရှိန်မြှင့်ဖို့ ဆန္ဒမရှိကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ဂျလီရယ် အာဘတ်စ် ဂျလာနီက ပြောပါတယ်။

ကြာသပတေးနေ့က လုပ်တဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုက အီရန် အရှေ့တောင်ပိုင်းက အကြမ်းဖက် စခန်းတွေကို ပစ်တာလို့လည်း မစ္စတာ ဂျလာနီ ပြောပါတယ်။

အီရန်ဘက်ကလည်း ပါကစ္စတန်နယ်မြေထဲကို အဲဒီအရင် နှစ်ရက်က အလားတူ ပစ်ခတ်ခဲ့ပါတယ်။

ဒီပဋိပက္ခအတွက် နိုင်ငံတော် လုံခြုံရေး အစည်းအဝေး ကျင်းပဖို့ ပါကစ္စတန် ဝန်ကြီးချုပ် အန်နဝါ အယ်လ် ဟပ် ကာကာက ဆင့်ခေါ်ထားပါတယ်။

မြောက်ကိုရီးယား ရေအောက်ဒရုန်း ထပ်စမ်း

korea

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အရှေ့ဘက်ကမ်းရိုးတန်းမှာ စမ်းသပ်ခဲ့

မြောက်ကိုရီးယားက ရေအောက် ဒရုန်းစမ်းသပ်မှု နောက်တခု လုပ်ခဲ့ပြီး ဒီဒရုန်းကို အဏုမြူ လက်နက်တွေ ပစ်ခတ်ရာမှာ သုံးနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ စမ်းသပ်ခဲ့တာလို့ မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ဒီအပတ် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

ဒီပူးတွဲ လေ့ကျင့်မှုတွေက မြောက်ကိုရီးယားကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားမှာ တော်ပီဒီုပုံစံ ဒရုန်းကို ၂၀၁၂ ကတည်းက တီထွင်ထုတ်လုပ်နေခဲ့ပြီး အကြိမ် ၅ဝ ကျော် စမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်းလေထုညစ်ညမ်းမှု ဖြေရှင်းဖို့ အစိုးရကို တောင်းဆို

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရိုးပြတ်တွေ မီးရှို့လို့ လေထုညစ်ညမ်း

ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ရက် ၉၀ အတွင်း အစီအစဉ် တခု ချပြဖို့ ထိုင်းအစိုးရကို ထိုင်းတရားရုံးက အမိန့်ချလိုက်ပါတယ်။

ဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာတတ်တွေ ပါ၀င်တဲ့ လူ ၁၇၀၀ လက်မှတ်ထိုး တရားစွဲခဲ့လို့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ တရားရုံးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လယ်သမားတွေက ရိုးပြတ်တွေကို မီးရှို့နေကြချိန်ဖြစ်လို့ ထိုင်းနိုင်ငံရဲ့ လေထုအရည်အသွေး ကျဆင်းတဲ့အချိန် ရောက်နေပါတယ်။

မနှစ် ဒီချိန်က လေထုအရည်အသွေးကလည်း တော်တော်ဆိုးခဲ့ပြီး ဒီအတွက် လူ နှစ်သန်းကျော် ဆေးရုံတက်ခဲ့ရပါတယ်။

လေသန့်စင်ရေး အက်ဥပဒေပြဋ္ဌာန်းဖို့အတွက် ထိုင်းလွှတ်တော်မှာ လတ်တလော ဆွေးနွေး ငြင်းခုံနေကြပါတယ်။

မဏိပူရ ဆူပူမှု ငါးဦးသေ

ကူကီးနဲ့ ကသည်း ပဋိပက္ခအပြင်းအထန် ဖြစ်ပွားခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကူကီးနဲ့ ကသည်း ပဋိပက္ခအပြင်းအထန် ဖြစ်ပွားခဲ့

အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ နောက်ဆုံးဖြစ်ပွားတဲ့ ဆူပူမှုတွေ အတွင်း အနည်းဆုံး လူ ငါးယောက် အသတ်ခံရကြောင်း ရဲအဖွဲ့က ပြောပါတယ်။

လယ်ထဲ အလုပ်လုပ်နေတဲ့ ရွာသားလေးယောက်ကို လက်နက်ကိုင် လူတစုက သတ်သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တခြားတနေရာမှာတော့ အုပ်စုနှစ်စု အပြန်အလှန် ပစ်ခတ်ရာကနေ အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။

လူများစုကသည်းနဲ့ လူနည်းစုကူကီးတွေကြား မေလကစပြီး ပဋိပက္ခအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် လူ နှစ်ရာနီးပါး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ကူကီးတွေကို ပေးထားတဲ့ အခွင့်အရေးတွေကို ကသည်းတွေလည်း ခံစားသင့်ကြောင်း တရားရုံး အမိန့်တခုမှာ ဖော်ပြပြီးနောက် အဓိကရုဏ်း စခဲ့တာ ဖြစ်ပါတယ်။