လူမှုကွန်ရက်ကိုအခြေပြုပြီး အမျိုးသမီးတွေ အဖမ်းခံရမှု ပိုများလာနေ

စစ်အာဏာရှင် လက်အောက် ပျောက်ဆုံးသွားတဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ Post တွေ Share မိသူတွေကို ပုံနဲ့တကွ ထုတ်ဖော် တင်ပြကာ ဖမ်းဆီးမှု တိုးလာ
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ဖေဖော်၀ါရီ တစ်လအတွင်း အဖမ်းခံရတဲ့ အမျိုးသမီး အရေအတွက်တိုးလာပြီး လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ကိုဆန့်ကျင်တဲ့ အရေးအသားတွေ ၊ ပို့စ်တွေကို ၀ေငှ တာတွေကြောင့် အဖမ်းခံရသူတွေ များလာတယ်လို့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဖေဖော်၀ါရီ ၁ ရက်နေ့ကနေ ၂၅ ရက် အတွင်း အဖမ်းခံရတဲ့ အမျိုးသမီးပေါင်း ၃၅ ဦး ရှိပြီး အဲဒီအထဲမှာ မန္တလေးက အဖမ်းခံရသူ အမျိုးသမီး ၁၃ ယောက်နဲ့ အများဆုံးဖြစ်ကာ ပဲခူးတိုင်း ကတော့ ၆ ယောက် ရှိတယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ Burmese Women Union BWU က ဆိုပါတယ်။

တချို့ဆိုရင် ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅ (က)နဲ့ အရေးယူနိုင်ဖို့အတွက် လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှ မရှိတာကြောင့် သူတို့တယ်လီဖုန်းထဲက လူမှုကွန်ရက် အသုံးပြုမှုကို စစ်ဆေးပြီး အဲဒီမှာ စစ်တပ်ဆန့်ကျင်တဲ့ ပို့စ် တစ်ခုခုကို ဖြန့်၀ေမိတာကို အကြောင်းပြ ပုဒ်မတပ် အရေးယူခံရတဲ့ အထောက်အထားတွေ ရှိတယ်လို့ BWU က မသွယ်ဇင်တိုးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ထောက်ခံတဲ့ လူမှုကွန်ရက် စာမျက်နှာ ၊ တယ်လီဂရမ် ချန်နယ် တွေကနေ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ ဖြန့်၀ေနေတဲ့ အချက်တွေကို အခြေခံပြီး အဖမ်းခံရတာတွေလည်း ပြီးခဲ့တဲ့လပိုင်းတွေ အတွင်း ခပ်စိပ်စိပ် ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်လို့ ဆိုပြီး အဖမ်းခံရတဲ့ အမျိုးသမီးတိုးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီး ၂ နှစ် ကျော် အကြာ ပြီးခဲ့တဲ့ ဖေဖော်၀ါရီ တစ်လအတွင်း အမျိုးသမီး အဖမ်းခံရသူ အရေအတွက် တိုးလာ

အာဏာသိမ်းမှုအောက်မှာ ပျောက်ဆုံးသွားတဲ့အမျိုးသမီး အခွင့်အရေး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပြီး နှစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့ အမျိုးသမီးပေါင်း သုံးထောင့်တစ်ရာကျော် ရှိပြီး သေဆုံးသူ အမျိုးသမီးပေါင်း အယောက် လေးရာကျော် ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

စစ်မက်ဖြစ်ပွားနေတဲ့ ပဋိပက္ခကာလအတွင်း အသတ်ခံရတဲ့ အမျိုးသမီး ၁၅ ဦး ခန့်ရှိပြီး အဲဒီအထဲမှာ လက်နက်ကြီးဒဏ်ကြောင့် သေဆုံးရသူ ၈ ဦးနဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခံရတဲ့ အမျိုးသမီး ၃ဦး ရှိတယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ သတင်းရရှိမှုအပေါ်မှာ အခြေခံတာမို့ တကယ့်မြေပြင်မှာ သေဆုံး ၊ ဖမ်းဆီး ၊ သတ်ဖြတ်ခံရတဲ့ အရေအတွက်ဟာ ဒီထက်မက ပိုများနိုင်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက သုံးသပ်ပါတယ်။

ဒါအပြင် စစ်ကောင်စီက သေဒဏ်ချမှတ်ပြီးထောင်တွင်းထိန်သိမ်းထားတဲ့ အကျဉ်းသား ၁၄၀ ထဲမှာ အမျိုးသမီး ၉ ဦးပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း က ဘီဘီစီကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောခဲ့ပါတယ်။

ဆိတ်သုန်းနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူမှုကွန်ယက်ပေါ်မှာ နည်းပညာတွေကို အသုံးပြုပြီး ဆန္ဒအမှန်ကို ထုတ်ဖော်ကြဖို့ အမျိုးသမီးရေးရာ အဖွဲ့တွေက တိုက်တွန်း

စစ်အာဏာရှင်လက်အောက်မှာ လူမှုကွန်ရက်ကို ဘယ်လို အသုံးပြုသင့်လဲ

အမျိုးသမီးတွေ အနေနဲ့ နေ့စဥ်နဲ့အမျှ လူမှုကွန်ရက်ကို အသုံးပြုနေကြရာမှာ ကိုယ်ရဲ့ ဆန္ဒအတိုင်း ထုတ်ဖော် ရေးသားခွင့် ဆိုတာဟာ လူတိုင်းမှာ မဖြစ်မနေ ရှိသင့်တဲ့ အခွင့်အရေး တစ်ရပ် ဖြစ်တယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင် လက်အောက်မှာတော့ ဖမ်းဆီးနှိပ်စက်မှုတွေ ရှိနေတာကြောင့် လူမှုကွန်ရက် သုံးစွဲတဲ့အခါ နည်းပညာကို အခြေခံပြီး ရှောင်လို့ ရတဲ့ နည်းတွေနဲ့ အသုံးပြုကြဖို့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အခုလို အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ပိတ်ပင်တားမြစ်မှုတွေကြောင့် အမျိုးသမီးတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန် လျော့သွားစေမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ ရဲ့ မှတ်တမ်းတင် ဌာန တာ၀န်ခံ မသွယ်ဇင်တိုးက ပြောပါတယ်။