သြဂုတ် ၁၆ ရက်ထိပ်တန်းသတင်းများ - ထောင်ပြောင်းရွှေ့ကား မိုင်းဆွဲခံရလို့ နိုင်ကျဥ်းဆရာဝန် အပါအဝင် ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Red News Agency
မုံရွာအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ပြောင်းရွှေ့တဲ့ကား မိုင်းဆွဲခံရတဲ့ ဖြစ်စဥ်ကြောင့် နိုင်ငံရေးအကျဥ်းသား ၂ ဦး နဲ့ ယာဥ်မောင်း အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးနဲ့ ထောင်နဲ့နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။
သေဆုံးသူ နိုင်ငံရေးအကျဥ်းသား ၂ ဦး မှာ စစ်ကိုင်းတိုင်း အတွင်း စစ်ဘေးရှောင်တွေကို နယ်လှည့်ဆေးကုသမှုပေးခဲ့လို့ ဖမ်းဆီးခံရတဲ့ ဆရာဝန် ဒေါက်တာဇော်ထွယ်အောင် နဲ့ ကနီနယ်က တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးလို့ ဆိုပါတယ်။
ဒေါက်တာဇော်ထွယ်အောင် ရဲ့ ရုပ်အလောင်းကို လက်ရှိမှာ မုံရွာပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာထားရှိထားပြီး မနက်ဖြန် သြဂုတ် ၁၇ ရက်မှာ စျာပနပြုလုပ်မယ်လို့ ထောင်ဘက်က မိသားစုကို အကြောင်းကြားထားတယ်လို့ နီးစပ်သူကပြောပါတယ်။
ဒေါက်တာဇော်ထွယ်အောင်ဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက မုံရွာမြို့ ၊ ချမ်းမြဝတီရပ်က သူ့နေအိမ်မှာ ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။
မုံရွာအကျဥ်းထောင်ထဲ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ကို နှစ်ယောက်တွဲစီ သံခြေကျင်းတွေခတ်ပြီး သံပြားတွေပတ်ပတ်လည်ကာထားတဲ့ ကုန်တင်ကားနဲ့တင်ဆောင်ကာ
မန္တလေးထောင်နဲ့မြင်းခြံထောင်ကို ပြောင်းတာဖြစ်ပါတယ်။
အဲဒီကားဟာ မုံရွာမြို့အထွက် မြေနဲကျေးရွာ တံတားဖြူအနီး မှာမိုင်းဆွဲခံရတာလို့သိရတဲ့အကြောင်း မြေပြင်အခြေအနေသိရှိသူအချို့က ပြောထားပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေ ထောင်ပြောင်းရွှေ့တဲ့ကား မိုင်းဆွဲခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အင်းစိန်မှာ ကားဆင့်တိုက်မှု ၂၀ နီးပါး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, အင်းစိန်မီးသတ်တပ်ဖွဲ့
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမှာ ကျောင်းကြို/ပို့ ကား အပါအဝင် ယာဥ်သုံးစီးဆင့်တိုက်ခဲ့လို့ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူ အချို့ကပြောပါတယ်။
ကျောင်းကားပေါ်က ကျောင်းသား ၅ ဦး၊ ဆရာ ဆရာမ ၁၁ ဦးနဲ့ ယာဥ်မောင်း ၁ ဦးအပါအဝင် လူ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
''ကုန်တင်ကားရယ်၊ အိမ်စီးကားရယ်၊ ကျောင်းဖယ်ရီကားရယ် ခေါင်းချင်းဆိုင်တိုက်တာပါ။ ကျောင်းကားယာဥ်မောင်းက ကားခေါင်းထဲညပ်နေလို့ ကယ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရကြတာပဲရှိပါတယ်'' လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူကပြောပါတယ်။
လမ်းကြောင်းပြောင်းပြီးဝင်လာတဲ့ကုန်ကားက အိမ်စီးကားနဲ့ ကျောင်းကားကို မျက်နှာချင်းဆိုင်ပုံစံနဲ့ တိုက်မိခဲ့တာလို့ မျက်မြင်အချို့ကပြောပါတယ်။
ဒဏ်ရာရသူတွေကို အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ကုသထားပြီး စိုးရိမ်စရာမရှိဘူးလို့ ကယ်ဆယ်ရေးလုပ်ဆောင်အချို့ကပြောပါတယ်။
ပဲခူး၊ ထန်းတပင်မှာ လက်နက်ကြီးထိမှန်လို့ အရပ်သား ၂ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ စစ်တောင်းမြစ်အရှေ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇလုပ်ကြီးကျေးရွာက ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ခြောက်ခင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဇလုပ်ကြီးကျေးရွာကို ဒီကနေ့ သြဂုတ် ၁၆ ရက်မနက်ပိုင်းက လှမ်းပစ်တာဖြစ်ပြီး အနည်းဆုံး ၃ ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
''အသက် ၆၀ အရွယ်နဲ့ ၃၅ နှစ်အရွယ် အမျိုးသား ၂ ယောက်ပါ။ ရင်အုံ၊ နှာခေါင်း၊ နားထင်တွေထိတယ်။ နောက် တစ်ယောက်က ညာဘက်လက်ကောက်ဝတ်၊ ဘယ်ဘက်ဝမ်းအောက်ပိုင်းတွေထိပြီးသေဆုံးခဲ့တာပါ'' လို့ နယ်မြေအခြေအနေသိရှိသူကပြောပါတယ်။
စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ထန်းတပင်မြို့နယ် ဇလုပ်ကြီးကျေးရွာထဲကို ဖြူးမြို့နယ်ဘက်ကနေ နေ့စဥ်လိုလို လက်နက်ကြီးနဲ့ ပစ်နေတာလို့ဆိုပြီး မနေ့ သြဂုတ် ၁၅ ရက်ကဆိုရင် နေအိမ်တွေထိမှန်ပျက်စီးတယ်လို့ ဒေသအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။
ဒေသခံအချို့ကတော့ စစ်တောင်းမြစ်အရှေ့ဘက်မှာ တိုက်ပွဲမရှိဘဲ ပစ်ခတ်နေတာ လို့ ဆိုသလို စစ်ကောင်စီဘက်ကလည်း ဒီကနေ့ညနေပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကျောက်ကြီးမှာ လေးလအတွင်း သေဆုံးသူ ၁၁ ဦးရှိလာ
တချိန်တည်းမှာပဲ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးပစ်ခတ်တာတွေကြောင့် အခုနှစ် မေလ ကနေ သြဂုတ် ၁၅ ရက်အထိ လေးလအတွင်း အရပ်သား ၁၁ ဦး သေဆုံးထားတယ်လို့ ကရင် အရေးပေါ်ကူညီကယ်ဆယ်ရေးက ဒီကနေ့ သတင်းထုတ်ပြန်လာပါတယ်။
ကရင် အရေးပေါ်ကူညီကယ်ဆယ်ရေး ရဲ့ အပြောအရ အရပ်သား ၁၃ ပြင်းထန်တဲ့ဒဏ်ရာတွေရရှိထားသလို ၁၈ ဦးက ဖမ်းဆီးထောင်ချခံထားရတယ်လို့ လည်းပြောထားပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေကိုထောင်ပြောင်းတဲ့ယာဥ်တန်း မိုင်းဆွဲခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
မုံရွာအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ပြောင်းတဲ့ကားတန်းမိုင်းဆွဲခံရလို့ ကနဦးသတင်းတွေအရ အကျဥ်းသားအချို့ သေဆုံး ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားကူညီရေးလုပ်နေသူအချို့ကပြောပါတယ်။
မုံရွာအကျဥ်းထောင်ထဲ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ကို နှစ်ယောက်တွဲစီ သံခြေကျင်းတွေခတ်ပြီး မနေ့ သြဂုတ် ၁၅ ရက်က ကုန်တင်ကား ၅ စီး နဲ့ မန္တလေးထောင် နဲ့ မြင်းခြံထောင်ကို ပြောင်းချိန် မုံရွာမြို့အထွက် မြေနဲကျေးရွာ တံတားဖြူအနီး မှာမိုင်းဆွဲခံရတာလို့သိရကြောင်း မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
'' နိုင်ကျဥ်း ၁၀၀ ကျော် ပါတယ်။ ကား ၅ စီး နဲ့ ခွဲတင်တာ။မြေနဲမှာ မိုင်းထိတာပါ။ နိုင်ကျဥ်းဆရာဝန်တစ်ဦးလည်း ဒဏ်ရာပြင်းပြီး ဆုံးသွားတယ်။ အခုတော့ မုံရွာဆေးရုံကြီးရင်ခွဲရုံမှာလို့သိရတယ်။ သူနဲ့ ခြေကျင်းတွဲခတ်ထားတဲ့ နောက်တစ်ယောက်ကတော့ ဒဏ်ရာရတယ်လို့ သိထားရတယ်။ ယာဥ်မောင်းလည်း သေတယ် '' လို့ မြေပြင်အခြေအနေသိရှိသူ ကပြောပါတယ်။
သေဆုံးခဲ့တဲ့ နိုင်ကျဉ်းတစ်ဦးကတော့ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်တွေကို နယ်လှည့်ဆေးကုသမှုပေးခဲ့လို့ ဖမ်းဆီးခံရတဲ့ ဆရာဝန် တစ်ဦးဖြစ်တယ်လို့ မြေပြင်အခြေအနေသိရှိသူက အတည်ပြုပြောထားပြီး ဘီဘီစီက ဒါကိုသီးခြားအတည်ပြုနိုင်တာမရှိသေးလို့ ဆက်လက်မေးမြန်းနေပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့သလဲဆိုတာကိုတော့ တိတိကျကျသိရှိရတာမရှိသေးပါဘူး။
အလားတူဖြစ်စဥ်မျိုး ပြီးခဲ့တဲ့ လပိုင်းအတွင်းဖြစ်ခဲ့လို့ နိုင်ငံရေးအကျဥ်းသူ ၂ ဦးထက်မနည်းဒဏ်ရာရခဲ့လို့ မန္တလေးဆေးရုံကြီးကိုပို့ဆောင်ကုသရတဲ့ အခြေအနေဖြစ်ခဲ့တာကြောင့် မုံရွာထောင်ပြောင်းချိန် အခုလိုဖြစ်တာက ဒုတိယအကြိမ်မြောက်လို့ မြေပြင်အခြေအနေသိရှိသူကပြောပြပါတယ်။
လက်ခတ်တောင် တိုက်ပွဲကြောင့် မြဝတီ - မယ်ထော်သလေး - ဝေါလေ လမ်းပိုင်းပိတ်ထားရ

ဓာတ်ပုံ ရင်းမြစ်, COBRA COLUMN
ကရင်ပြည်နယ်၊ မြဝတီမြို့ လက်ခတ်တောင် တိုက်ပွဲကြောင့် မြဝတီ - မယ်ထော်သလေး - ဝေါလေ - လေးကေ့ကော် လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ထားလို့ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
မြဝတီမြို့ တောင်ဘက်ခြမ်းက လက်ခတ်တောင်ကို စစ်တပ်က ပြန်သိမ်းဖို့ကြိုးစားနေတဲ့ တိုက်ပွဲဟာ ၃ ရက်ဆက် အပြင်းအထန်ဖြစ်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးတိုက်ခိုက်တာတွေလုပ်ခဲ့ပြီးလက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်နေခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။
'' မနေ့က တပ်ပြန်ခေါက်သွားတယ်။ တောင်ခြေကနေ တောင်ပေါ်တက်လာဖို့ကြိုးစားတာ မှာ အပစ်ခံရတော့ သူတို့ဘက်က ကျတာရှိတယ်။အဲဒီမှာတောင်ခြေကနေ ပြန်လှည့်ပြီး BGF မေတ္တာလင်းမြိုင် စခန်း မှာ ပြန်နေကြတယ်သိရတယ်'' လို့ စစ်ရေး အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၁၆ ရက်မနက်ပိုင်းမှာ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေ ငြိမ်နေပေမဲ့ လမ်းတွေပိတ်ထားဆဲဖြစ်လို့ ဒေသတွင်းကုန်ကားတွေနဲ့ခရီးသွားတွေ အခက်တွေ့နေတယ်လို့ မယ်ထော်သလေး - လေးကော့ကော်တဝိုက်နေကြတဲ့ ဒေသခံအချို့က ပြောပါတယ်။
လက်ခတ်တောင်စစ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တဲ့နောက် ဒီစခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်က သြဂုတ်လ ၈ ရက်ကနေ စပြီး ပစ်ခတ်နေတာလို့ ဒေသအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီ နဲ့ BGF(ပြည်သူ့စစ်) ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ ရောင်နီ စတဲ့တော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲ အကြိမ်ရေ ၁၀ ကြိမ်ထက်မနည်းဖြစ်ထားတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ရက်သတ္တပတ် ၂ပတ်ကျော်လာတဲ့ ဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဘက်က ဆယ်ချီသေဆုံးတာရှိသလို PDF တပ်ဖွဲ့ဝင် နှစ်ဦးသေ၊ လေးဦး ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
UNOCHA အကြီးအကဲ နဲ့ စစ်ခေါင်းဆောင် တွေ့

ဓာတ်ပုံ ရင်းမြစ်, MUN
မိုခါ နဲ့ ကိုဗစ်မှာ အကူအညီပေးမှုတွေ နည်းပါးခဲ့တယ်လို့ဆို
ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မနေ့က နေပြည်တော်ကို ရောက်လာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဝန်ကြီးတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်းလူသားချင်းစာနာမှုအကူအညီပေးဖို့ မှာ ပိတ်ဆို့ကန့်သတ်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂ က ပြောနေချိန်မှာပဲ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲက စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားချိန် နဲ့ မိုခါမုန်တိုင်းဖြစ်ပွားချိန်တွေမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီပေးမှု နည်းပါးခဲ့တဲ့အခြေအနေတွေကိုဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်တွေ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
UNOCHA အကြီးအကဲဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင် တို့နဲ့ သီးခြားစီလည်း တွေ့ဆုံခဲ့ကြပါသေးတယ်။
စစ်ကောင်စီရုံးနဲ့ နီးစပ်သူတစ်ဦးကတော့ UNOCHA အကြီးအကဲဟာ နေပြည်တော်ကနေ ရခိုင်ပြည်နယ်ကို ဆက်သွားတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။
‘’မိုခါမှာတုန်းက ပိတ်ဆို့ခဲ့တဲ့ နိုင်ငံတကာအကူအညီတွေ ပြန်ပွင့်မယ် လို့ မျှော်လင့်ရတာပဲ’’ လို့ ဘီဘီစီ ရဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒါပေမဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ လုံခြုံရေးရှုထောင့်ကနေ တင်းတင်းကျပ်ကျပ် စဉ်းစားပုံကြောင့် နိုင်ငံတကာအကူအညီတွေက တကယ်လိုအပ်နေသူတွေဆီရောက်ဖို့ ခက်နေဦးမယ်လို့ သုံးသပ်ပါတယ်။
‘’နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ အကူအညီတွေကို လွတ်လွတ်လပ်လပ်နဲ့ မြန်မြန်ဆန်ဆန် စီးဝင်စေချင်တာလေ။ ဒါပေမဲ့ စစ်တပ်က စဉ်းစားပုံကျတော့ တမျိုး’’ လို့ သူက ပြောပါတယ်။
မြေပြင်အခြေအနေမှာတော့ ဒေသအာဏာပိုင်တွေ ယုံကြည်တဲ့ အဖွဲ့အစည်းတွေက အကူအညီတွေ ပေးပို့ဖို့ ပိုမိုလွယ်ကူတာတွေ့ရတယ် လို့ ရခိုင်ပြည်နယ်မှာ မိုခါ ပြန်လည်ထူထောင်ရေးဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုမှာပါဝင်ခဲ့သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ UNOCHA ဘက်က ဒီကနေ့မနက်အထိ ထုတ်ပြန်ချက် တစုံတရာ ထုတ်တာမတွေ့ရသေးပါဘူး။








