ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၂၀ ရက်ထိပ်တန်းသတင်းများ- မြောက်ဒဂုံက အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး
မြောက်ဒဂုံက အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်မနက် ၇ နာရီဝန်းကျင်လောက်မှာ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ တပင်ရွှေထီးလမ်း၊ ၄၀ ရပ်ကွက်အနီးမှာ အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ကူညီပေးခဲ့သူတွေကနေသိရပါတယ်။
"ဦးခေါင်းကို သေနတ်ပစ်ခံရတာပါ၊ တစ်ချက်တည်းပါပဲ။ နေရာမှာတင် အသက်မရှိတော့တဲ့အတွက် ဆေးရုံကိုပို့ပေးခဲ့ပါတယ်" လို့ မြောက်ဒဂုံကြက်ခြေနီကနေ သိရပါတယ်။
ဒီကနေ့မနက်သေဆုံးသူဟာ စာရင်းစစ်ဌာနက အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေဝင်းဖြစ်တယ် လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားသလို တစ်ဖက်မှာလည်း ကာကွယ်ရေးဝန်ကြီးဌာနကအငြိမ်းစားအရာရှိတစ်ဦးဖြစ်တယ်ဆိုတဲ့ဖော်ပြချက်တွေလည်းရှိနေပါတယ်။
ဦးရွှေဝင်းဟာ စစ်ကောင်စီဦးစီးကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် လူစာရင်းကောက်ယူတာတွေမှာ ဦးဆောင်ပါဝင်နေသူလို့ ဒေသအခြေစိုက်မီဒီယာတွေက ဖော်ပြနေကြပေမဲ့ ဘီဘီစီကတော့ အဲဒီအချက်အလက်နဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကိုင်းတိုင်းထဲက လဝကနဲ့ ကော်မရှင်ရုံးတချို့ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်းထဲက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတချို့နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးတချို့ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရပါတယ်။
မနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ တမူးမြို့နယ်က ရွေးကောက်ပွဲကော်မရှင်ရုံးကို တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၅ တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိပေးတားမြစ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ဒီရွေးကောက်ပွဲနဲ့ပတ်သက်ဆက်နွှယ်သူမှန်သမျှကိုလည်း ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ တမူးမြို့နယ် ပကဖ တာဝန်ခံ ဗိုလ်စကြာ အမည်နဲ့ ထုတ်ပြန်ထားပါတယ်။
မနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဥ်မှာ ရွေးကောက်ပွဲကော်မရှင်ရုံးကိုလာရောက်တိုက်ခိုက်တဲ့ လက်နက်ကိုင်လူတစ်စုနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေကို ထုတ်ပြန်တဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာဖော်ပြနေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း အင်းတော်မြိုန့ယ်က ရွေးကောက်ပွဲကော်မရှင်ရုံးခွဲကို ပြောက်ကျားအဖွဲ့တစ်ခုက လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာရှိခဲ့ပြီး ဒီဖြစ်စဥ်အတွင်းမှာ အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဥ်မှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးထိမှန်တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောထားပြီး စစ်ကောင်စီကတော့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမတွေ့ရသေးသလို ဘီဘီစီကလည်း သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းမြင်းမူမြို့နယ်က လဝက ရုံးကို ဇန်နဝါရီ ၁၇ ရက်ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က ထုတ်ပြန်လာပါတယ်။
လဝကရုံးအတွင်း ဝန်ထမ်းတချို့ လျှို့ဝှက်ပြီး မဲစာရင်းတွေလုပ်နေချိန်မှာ မဲစာရင်း၊ စာရွက်စာတမ်းနဲ့ ကွန်ပျူတာတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ရုံးနဲ့ကပ်လျက်တည်ရှိတာကြောင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။ လူပုဂ္ဂိုလ်ကိုတိုက်ခိုက်တာမဟုတ်ဘဲအာဏာရှင်စနစ်ကို တိုက်ဖျက်တာဖြစ်လို့ တက်နိုင်သမျှ ငဲ့ညှာစွာဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်စဥ်မှာတော့ ထိခိုက်ဒဏ်ရာရမှုနောက်ဆက်တွဲအခြေအနေကိုမသိရှိရသေးပါဘူး။
တရုတ်က မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၃ သန်း ပေးအပ်
မြန်မာကိုတရုတ်ကူညီပံ့ပိုးတဲ့ ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ ၆၁ သန်းခန့်ရှိပြီ တရုတ်က မြန်မာအတွက် ပံ့ပိုးကူညီတဲ့ ကိုဗစ် ကာကွယ်ရေး ၃ သန်း ကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရန်ကုန်လေဆိပ်မှာ မြန်မာကျန်းမာရေးဝန်ကြီးဌာနထံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီဆေးတွေကို မြန်မာဘက်က ထပ်ပြီး ပံ့ပိုးပေးဖို့ တောင်းဆိုလာတဲ့အတွက် တရုတ်အစိုးရက ချက်ချင်း လှူဒါန်းပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ တရုတ်သံအမတ်ကြီးကပြောကြားကြောင်း သံရုံးထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကိုယ်တိုင်ပုလင်းသွင်းဖြည့်တင်းခြင်း (Fill-Finish) ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက်လည်း ကူညီပေးခဲ့ပြီး တရုတ်အကူအညီနဲ့ မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာနကိုလည်း ဖော်ဆောင်နေကြောင်း သံအမတ်က ဆိုပါတယ်။
မြန်မာမှာ ကိုဗစ် ရောဂါစတင်ဖြစ်ပွားကတည်းကနေ ခုထိ တရုတ်က ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ ၆၁ သန်းခန့် ပံ့ပိုးပေးခဲ့ပြီး အခုရရှိတဲ့ ကိုဗစ်ကာကွယ်ဆေး ၃ သန်းကို ကျောင်းနေအရွယ်ကလေးငယ်တွေနဲ့ နာတာရှည်ရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေအတွက် ထပ်ဆောင်းကာကွယ်ဆေး (booster) အဖြစ် ထိုးနှံပေးမယ်လို့ စစ်ကောာင်စီကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသွားပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းတကျော့ပြန် ပြန်လည်မြင့်တက်နေပြီး မြို့တော်ဘေဂျင်းမှာလည်းဆေးရုံတွေမှာ လူနာတွေ ပြည့်ကျပ်နေတဲ့အခြေအနေပါ။
ဒါပေမဲ့ တရုတ်သံအမတ်ကြီးကတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကပ်ရောဂါရဲ့ အကြိမ်ကြိမ်ထိုးနှက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း အနိမ့်ဆုံးကို ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့မနေ့က အခမ်းအနားမှာပြောကြားသွားပါတယ်။
မြန်မာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း အိန္ဒိယဘက်ကို ဗုံးကျတဲ့ကိစ္စ စိုးရိမ်ကြောင်း အိန္ဒိယပြော
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ မြန်မာစစ်ကောင်စီက မြန်မာအိန္ဒိယ နယ်စပ်မှာ ရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို လေကြောင်းက တိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံဘက်ကို ဗုံးတစ်လုံးကျရောက်ခဲ့ကြောင်းနဲ့ ဒီဗုံးက ပေါက်ကွဲမှုမရှိခဲ့ပေမဲ့ ဒီဖြစ်စဥ်အပေါ် အိန္ဒိယက စိုးရိမ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မစ္စတာ အရင်ဒမ်ဘက်ဂျီက ဇန်နဝါရီ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
“မြန်မာဘက်က ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ လေကြောင်းစစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ အိန္ဒိယရဲ့လေပိုင်နက်ကိုချိုးဖာက်ဝင်ရောက်တာမရှိဘူးဆိုတာ ကျွန်တော်တို့အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ ၁၀ ရက်မှာတော့ နယ်စပ်က Tiau မြစ်ပေါ်ကို ဗုံးတစ်လုံးကျရောက်ခဲ့ပါတယ်” လို့ သူက ပြောကြောင်း The Economic Time က ဖော်ပြပါတယ်။
ဒီဖြစ်စဥ်ကို စိုးရိမ်ခဲ့ကြောင်းနဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ မြန်မာဘက်ကိုလည်း ပြောကြားထားတယ်လို့ သူကဆက်ပြောပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်စိန်ခေါ်တဲ့လေးစားမှုမရှိတဲ့ လုပ်ရပ်ဖြစ်ပြီးနဲ့ အိန္ဒိယ ပြည်သူတွေရဲ့လူ့အခွင့်အရေးနဲ့ မြန်မာဘက်ခြမ်းက စစ်ရှောင်လူထုခိုလှုံနေရတဲ့ မီဇိုရမ်ပြည်နယ်က လူထုရဲ့ လူ့အခွင့်အရေးကိုလည်းချိုးဖောက်ရာရောက်တဲ့လုပ်ရပ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ၄င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွစ်တာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက CNF ဌာနချုပ်ဝိတိုရိယ စခန်းကို လေကြောင်းကနေတိုက်ခိုက်မှုအတွင်း CNF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ရပြီး ဌာနချုပ်မှာရှိတဲ့ ယာယီဆေးရုံက လူနာဆောင်အပါအဝင် အဆာက်အဦတချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
လျှပ်စစ်ကားတစ်စီး ကျပ်သိန်း ၆၀၀ ကျော်နဲ့ ကြိုပွင့်စနစ်နဲ့ ရောင်းဖို့ စာရင်းစကောက်
လျှပ်စစ်ကားတွေ ပြည်တွင်းမှာ အလုပ်ဖြစ်နိုင်သလား။
မြို့တွင်းမှာ မောင်းနှင်နိုင်တဲ့ တစ်စီးကို ကျပ် သိန်း ၆၀၀ ကျော်စျေးနှုန်းရှိတဲ့ လျှပ်စစ်ကားတွေကို ကြိုပွိုင့်စနစ်နဲ့ ရောင်းချဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ စာရင်း စတင်ကောက်ယူတာတွေ ရှိနေတယ်လို့ ကားလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။
ဒီလို လျှပ်စစ်ကားတွေကြောင့် ပြည်တွင်းမှာ CNG ဓာတ်ငွေ့နဲ့ရော ဓာတ်ဆီ၊ ဒီဇယ် စတဲ့ စက်သုံးဆီနဲ့ရော ပြေးဆွဲနေတဲ့ တက္ကစီတွေရဲ့ တန်ဖိုး စျေးနှုန်း တွေ မြင့်တက် လာနိုင်ခြေရှိတယ်ဆိုပြီး ကားဝယ်ရောင်းလုပ်ကိုင်သူတချို့ကြား ပြောဆိုလာတာတွေရှိနေပါတယ်။
ဒါပေမဲ့ လျှပ်စစ်ကားတွေ ရောင်းချမှုဟာ ပြည်တွင်းတက္ကစီစျေးကွက်ကို ထိခိုက်မှုမရှိနိုင်ဘူးလို့ ကား၀ယ်ရောင်းတစ်ဦးလည်းဖြစ် တက္ကစီတွေ ထောင် ထားသူလည်း ဖြစ်သူ ကားကျွမ်းကျင် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
"အခု တစ်စီးကို ၆၇၉ သိန်းနဲ့ စာရင်းစကောက်နေတယ်။ EV Taxi ဆိုတော့ သိပ်မမြင်ဖူးသေးတော့ စိတ်တော့ဝင်စားကြတယ်။ လျှပ်စစ်တက္ကစီကားတွေပေါ့။ EV တက္ကစီတွေ ထွက်လာရင် အခု ပြည်တွင်းကတက္ကစီကားတွေကတော့ ပုံမှန်စျေးအတိုင်းပဲသွားမှာပဲ။ လိုက်တက်ဖို့တော့ မရှိပါဘူး။ အခုပြည်တွင်းက CNG တက္ကစီတစ်စီးက သိန်းလေးရာကျော်လောက်ရှိတယ်။ ဖီလ်ဒါတို့ဘာတို့လိုပေါ့။ အက္ခရာအမြင့်မော်ဒယ်အမြင့်ပေါ့။ EV တက္ကစီက သိန်းခြောက်ရာကျော်မို့ သူတို့ကပါ လိုက်တက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုထွက်မယ့် EV တက္ကစီဆိုတာလည်း သိန်း ခြောက်ရာကျော်ဆိုတော့ သာမန်လူတန်းစားက ဝယ်မှမဝယ်နိုင်တာ။ ဘယ်သူကအဲဒီအရင်းအနှီးနဲ့တက္ကစီအပြင်မှာထွက်ဆွဲနိုင်မှာလဲ။ ကျွန်တော်အုံနာတစ်ယောက်အနေနဲ့ဆို EV မဝယ်ဘူး။ သူက မြို့တွင်းပဲသွားလို့ရတယ်။ မြို့ပြင်လည်း သွားလို့မရလောက်သေးဘူး။ တစ်ခုခု ထိခိုက်မှုဖြစ်ရင် နောက်ထပ်ကုန်ကျစရိတ် ကတက်လာဦးမယ်" လို့ သူက ရှင်းပြပါတယ်။
ဒါကြောင့် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမျိုး ၊လေဆိပ်ဧည့်ကြိုဝန်ဆောင်မှု စတဲ့ လုပ်ငန်းတွေမျိုးလောက်မှာသာ သုံးချင် သုံးနိုင်မယ့်အခြေအနေတော့ရှိနေတယ်လို့ ကားလောကအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်းမှာ ပြည်ပကနေ စက်သုံးဆီ တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချဖို့ လိုတယ်ဆိုပြီး ပြည်တွင်းမှာ စက်သုံးဆီ သုံးစွဲမှုကို လျှော့ချဖို့ မကြာခဏပြောလေ့ရှိသလို သယ်ယူပို့ဆောင်ရေးမှာလည်း လျှပ်စစ်စွမ်းအင်သုံး ကားရထားတွေကို သုံးစွဲဖို့ မကြာမကြာ ပြောလေ့ရှိပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနကလည်း လျှပ်စစ်ကားတွေကို တင်သွင်းသူတွေကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။
တစ်ဖက်မှာလည်း ပြည်တွင်းမှာ လူထုနေ့စဥ် ဘဝကိုတောင်လျှပ်စစ်မီး ပြည့်စုံအောင် မပေးနိုင်တဲ့ကြားမှာ အခုလို လျှပ်စစ်ကားတွေတင်သွင်းဖို့ ကြိုးပမ်းနေတဲ့လုပ်ရပ်အပေါ် လက်တွေ့မကျကြောင်းနဲ့ ရေရှည်အဆင်ပြေနိုင်မှာမဟုတ်တဲ့ အစီအစဥ်ဖြစ်တယ်လို့ ပြောဆိုတာတွေလည်း ရှိနေတာပါ။
တစ်ဖက်မှာလည်း လျှပ်စစ်ကား (အိမ်စီး) ယာဥ်တစ်စီးကို ကျပ် ၆၉၉ သိန်းနဲ့ စျေးကွက်ထဲရောင်းချနိုင်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ လက်တလောမှာတော့ ကားအရောင်းပြခန်းတချို့က EV တက္ကစီယာဥ်တွေအတွက်သာ ဝယ်ယူလိုသူတွေကို ကြိုပွိုင့်စနစ်နဲ့ စာရင်းစတင်ကောက်ယူနေတာဖြစ်ပါတယ်။