နယ်စပ်လမ်းကဘဝများ - ကုမ္ပဏီ ဝန်ထမ်းတစ်ဦးရဲ့ ယုံကြည်ရာလမ်း

ရေးသားခဲ့သည်။

ဖုန်းထဲက ဗွီဒီယိုဖိုင်တစ်ခုကို ကြည့်ရင်း ကိုမျိုးမင်းတစ်ယောက် မျက်ရည်တွေဝဲနေခဲ့ပါတယ်။

သူကြည့်နေတဲ့ ဗွီဒီယိုထဲမှာ ဆန္ဒပြလူအုပ်ကြီး ကို စစ်တပ်ကဖြိုခွဲပြီး သေနတ်တွေနဲ့ လိုက်ပစ်နေတာပါ။ အဲဒီလူအုပ်ကြီးထဲမှာ သူနဲ့သူ့ရဲ့ အသက် ၁၇ နှစ်အရွယ် သူ့ညီလေး ပြေးလွှားနေကြပါတယ်။ အဲဒါက ကိုမျိုးမင်းနဲ့ သူ့ညီလေးတို့ နောက်ဆုံးအတူ ရှိခဲ့ကြတဲနေ့ပါပဲ။

၂၀၂၁ ခုနှစ် မတ်လ ၁၄ရက်နေ့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်က ကျန်စစ်သားသပိတ်ဖြိုခွဲခံရတော့ ကိုမျိုးမင်းရဲ့ ညီလေးဟာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုခံရပြီး အဲဒီနေရာမှာပဲ သေဆုံးခဲ့လို့ပါ။

ဒီအကြောင်းတွေ ပြန်ပြောရရင် အဟောင်းကနေ အသစ်ဖြစ်ရတယ်လို့ကိုမျိုးမင်းက မျက်ရည်ဝဲ ပြီးပြောပြနေပါတယ်။

''ကျွန်တော့် ညီလည်းသေခဲ့ရတယ်။ ကျွန်တော်လည်း မိဘတွေအမျိုးတွေနဲ့ အဝေးမှာနေရတယ်။အားလုံးလည်းဆုံးရှုံးရတယ်။နာကြည်းတာပေါ့''

အဲ့ဒီနေ့က လှိုင်သာယာပစ်ခတ်မှုမှာ ကိုမျိုးမင်းရဲ့ ညီအပါအဝင် လူပေါင်း ၆၀ ခန့်သေဆုံးခဲ့တယ်လို့ ကိုမျိုးမင်းကပြောပါတယ်၊

လှိုင်သာယာ ရင်ခွဲရုံကနေ မတ်လ ၁၆ ရက်နေ့ တစ်ရက်တည်း သေနတ်ထိမှန်သေဆုံးသူ ၂၈ လောင်းသင်္ဂြိုဟ်ခဲ့ရကြောင်း လှိုင်သာယာ နာရေးကူညီမှုအသင်းက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ထိုင်း မြန်မာနယ်စပ်မှာ ဘဝသစ်စချိန်

အခုတော့ ကိုမျိုးမင်းတို့ မိသားစု ထိုင်း မြန်မာနယ်စပ်တစ်နေရာမှာ ခိုလှုံနေကြရတာပါ။

ဆန္ဒပြပွဲတွေကို စစ်တပ်က အင်အားကောင်းကောင်းနဲ့ ဖြိုခွဲနေတဲ့အချိန် ၂၀၂၁ ခုနှစ် မတ်လမှာပဲ လှိုင်သာယာ ဆန္ဒပြပွဲကို ဦးဆောင်သူတွေထဲက ကိုမျိုးမင်းကို စစ်ကောင်စီတပ်တွေနဲ့ ဒေသအာဏာပိုင်တွေက လိုက်လံရှာဖွေတာတွေ ဆက်တိုက်လုပ်လာလို့ ထွက်ပြေးကြရင်း ထိုင်း မြန်မာနယ်စပ်ကိုရောက်ခဲ့ကြတာပါ။

ညီဖြစ်သူကိုလည်း ဆုံးရှုံးရသလို သူ့ကိုလည်း စစ်တပ်က ရှာဖွေလာလို့ မိဘတွေနဲ့ အဆက်အသွယ်ဖြတ်လို့ မြဝတီက တစ်ဆင့်ထိုင်းမြန်မာ နယ်စပ်ကိုရောက်ခဲ့ကြတာပါ။

'' လှိုင်သာယာမှာ ကျွန်တော် ဆက်နေလို့မရတော့ဘူး။ဆက်နေနေရင် မိသားစုနဲ့ ဒီလိုအတူရှိမှာ မဟုတ်တော့ဘူးဆို‌တော့ ထိုင်းဘက်နဲ့ လွတ်မြောက်နယ်မြေ ၂နေရာပဲ သွားစရာရှိတယ်။ လွတ်မြောက်နယ်မြေကျတော့လည်း ကျွန်တော့်လို မိသားစုနဲ့ ဘယ်လိုမှအဆင်မပြေတော့ ဒီကိုပဲရွေးခဲ့ရတယ်''

ကိုမျိုးမင်းတို့ ဇနီးမောင်နှံ ထိုင်းမြန်မာနယ်စပ်ကို စပြေးချိန်တုန်းက သူ့အမျိုးသမီးမှာ သူတို့ ကလေး ၂ ဦးနဲ့ အတူ ၈လကျော်အရွယ် ကိုယ်ဝန်အရင့်အမာကြီးနဲ့ပါ။

ထိုင်းမြန်မာနယ်စပ်ကိုရောက်ဖို့ သောင်ရင်းမြစ်ကိုဖြတ်ကူးချိန်မှာ မွေးဖွားချိန်နဲ့ကိုက်လာလို့ နယ်ခြားစောင့်တပ်ကို အကူအညီတောင်းပြီး မဲဆောက်ကိုကူးလို့ မယ်တော်ဆေးခန်းမှာ ကလေးမွေးဖွားခဲ့ရပါတယ်။

'' ရောက်ခါစကတော့ အလုပ်ကမရှိ ၊ငွေကမရှိ ၊မိုးကကြီး ရေတွေကဌားထားတဲ့အခန်းလေးမှာ အပြည့်။ ဒုက္ခတွေကတော့ ပြောမနေနဲ့တော့။ ထိုင်းစကားကလည်း မတတ် ဘယ်နေရာ ဘယ်လိုသွားရမှန်းမသိ။ ခက်ခဲတာပေါ့နော့''

နယ်စပ်တစ်နေရာမှာ ကိုမျိုးမင်းတို့နေတဲ့ ရပ်ကွက်က မိုးတွင်းဆို ရေအလွန်ကြီးတဲ့ မြေနိမ့်ပိုင်းဖြစ်လို့ သူတို့နေတဲ့ မြေစိုက်အုတ်ကာ ၁၀ပေပတ်လည် အခန်းကျဥ်းထဲကို ရေကအပြည့်ဝင်ပါတယ်။နွေမှာတော့ တစ်ထပ်အဆောင်အခန်းကျဥ်းဖြစ်လို့ အမိုးနဲ့ကပ်နေတဲ့ သူတို့အခန်းကျဥ်းက ချွေးသီး‌ချွေးပေါက်တွေကျတဲ့ အထိပူပါတယ်။ အိပ်ရတဲ့နေရာနဲ့ ထမင်းဟင်းချက်ပြုတ်ရတဲ့နေရာက ခြေလှမ်းငါးလှမ်းလောက်သွားရုံပါပဲ။ ဒီအခန်းထဲ ကလေး၃ယောက်အတွက် ကျယ်ကျယ်ဝန်းဝန်းဆော့ ကစားဖို့ နေရာလည်း မရှိပါဘူး။

ထိုင်း မြန်မာ နယ်စပ်တစ်နေရာမှာ ဘဝသစ်စရတော့ ကိုမျိုးမင်းတစ်ယောက် သူတတ်ကျွမ်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် အတတ်ပညာဖြစ်တဲ့ သံချည်သံကွေးလုပ်တာ၊ ဝရိန်ဆော်တာနဲ့ တခြားသမာအာဇီဝဖြစ်တဲ့ ဘယ်အလုပ်မဆို လုပ်ပြီး မိသားစုစားဝတ်နေရေးနဲ့ နေထိုင်ရေးအတွက် ဖြေရှင်းနေပါတယ်။

ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကခိုလှုံသူတွေကို တရားဝင်အသိအမှတ်ပြုလက်ခံတဲ့ အခြေအနေမရှိလို့ ပုံသေအလုပ်တစ်ခုမှာ လုပ်ခွင့်မရှိပါဘူး။တရားမဝင် အလုပ်လုပ်ကိုင်သူဖြစ်နေတာကြောင့် လုပ်ခလစာကလည်း တန်ရာတန်ကြေးမရတဲ့ အခြေအနေပါ။

ဒါ့အပြင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရှိတာကိုသိလို့ အလုပ်ခေါ်ခိုင်းပြီး လုပ်ခလစာမရှင်းပေးတဲ့ ထိုင်းလူမျိုးတွေနဲ့ကြုံရပြီး လုပ်အား အလိမ်ခံရတာတွေလည်း မကြာခဏ ကြုံရတယ်လို့ ဆိုပါတယ်။

အလုပ်ကရမယ့်ငွေကို မှန်းပြီး အသုံးစားရိတ်တွေအတွက် တွက်ချက်ထားပေမဲ့ လုပ်ခလိမ်ရတဲ့အခါ အားလုံး ကမောက်ကမဖြစ်ကုန်တာတွေကိုလည်းရင်ဆိုင်နေရတာပါ။

'' လုပ်အားခ လိမ်ခံရတာတွေကလည်းရှိသေးတယ်။ တစ်ခါတစ်လေ အလုပ်လုပ်ပြီး ပိုက်ဆံမရတာဖြစ်တာပေါ့။ အခန်းခက လစဥ်တိုင်းကပေးရမယ့်ရက်တော့ မပေးနိုင်ဘူး။ တစ်လတစ်လ ဒီအခန်းခရယ်၊ ကလေး၃ယောက်စရိတ်၊ စားသောက်ဖို့ရှာရတာ၊ ရေဖိုးမီးဖိုးနဲ့ကို ပွင့်ပွင့်လင်းလင်းပြောရရင် နေ့တိုင်း ထမင်းစားနိုင်ဖို့တောင် အနိုင်နိုင်ရှာရတယ်။ အိမ်ရှင်ကို အိမ်လခမပေးနိုင်လို့ တောင်းပန်ပြီး စောင့်ခိုင်းရတာလည်းအကြိမ်ကြိမ်ပဲ''

အာဏာမသိမ်းခင် ကိုမျိုးမင်းဘဝက ငွေရေးကြေးရေး အတန်အသင့်စုမိဆောင်းမိတဲ့ အများတန်းတူ သုံးစွဲနိုင်တဲ့ မိသားစုဘဝရှိခဲ့ပါတယ်။

ပြည်တွင်းကဆောက်လုပ်ရေးလုပ်ငန်းလောကမှာ အင်အားကြီးတဲ့ ရွှေတောင်ကုမ္ပဏီရဲ့ လမ်းတံတားလုပ်ငန်း၊ ဆောက်လုပ်ရေးဆိုက်က ဝန်ထမ်းဖြစ်တော့ လုပ်ခလစာကောင်းသလို သူ့ဇာတိမှာ မိဘဆွေမျိုးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းရတဲ့ သူတစ်ယောက်လို့ သူက ပြောပြပါတယ်။

ကိုမျိုးမင်းဟာ ရုံးမတက်ဘဲ အာဏာဖီဆန်တဲ့ နိုင်ငံ့ဝန်ထမ်းမဟုတ် ၊ တက်ကြွလှုပ်ရှားသူမဟုတ် ၊နိုင်ငံရေးသမား မဟုတ်တဲ့ သာမန်အရပ်သားပြည်သူတစ်ယောက်ဖြစ်လို့ သူ့ကိုဖမ်းဆီး ဝရမ်းထုတ်ခံရချိန်ကစလို့ အခုအထိ ကူညီ‌ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိတာမရှိသလို ၊ သူ့ကိုနယ်စပ်ရောက်ဖို့ ထောက်ပံ့ ပို့ဆောင်ပေးတဲ့ အဖွဲ့အစည်းလည်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

'' ကျွန်တော် ဒီကိုရောက်ဖို့ဘယ်သူနဲ့မှ အချိတ်အဆက်မရသလို၊ ဘယ်သူ့ကို အကူအညီတောင်းရမလဲဆိုတာလည်း မသိဘူး။ဒါတွေလည်း ကျွန်တော်တို့စဥ်းစားထားခဲ့တဲ့ အခြေအနေတွေ မဟုတ်ဘူးလေ။နောက်ဆုံး နေလို့မရလို့သာ ပြေးလာရတော့ ရန်ကုန်ကနေ ဒီရောက်တဲ့အထိ ဒုက္ခတွေနဲ့ပေါ့ဗျာ''

လှိုင်သာယာက ဆန္ဒပြပွဲတွေအစကနေ စစ်တပ်က ဖြိုခွဲတဲ့နေ့အထိ သူတို့ဇနီးမောင်နှံ ၂ယောက်စလုံး ပါခဲ့ကြတာပါ။ ကိုယ်ဝန်နဲ့ ဆိုပေမဲ့ မတရားမှုကိုလက်မခံလို့ နေ့တိုင်းဆန္ဒထွက်ပြတာလို့ ကိုမျိုးမင်းဇနီး မခိုင်ဇာက ကလေးထိန်းနေရင်း ဝင်ဖြေပါတယ်။

'' ဟိုပါတီ ဒီပါတီတွေ ကျွန်တော်တို့မပါခဲ့ဘူး။ ရှေ့ကိုကြည့်လို့သာ ကျွန်တော်တို့မကျေနပ်တာကို ဆန္ဒပြခဲ့တာ။ ထမင်းစားရရုံအတွက်ဆိုရင် ဒီလိုအလုပ်ကို မလုပ်ဘူး။ ကျွန်တော်တို့က ကြီးပြီလေ။ ကလေးတွေအနာဂတ်အတွက် လုပ်ခဲ့တာ''

အသက် ၄၁နှစ်အရွယ် ကိုမျိုးမင်းတစ်ယောက်အခုတော့ ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံပြီး ပန်းရောင်အလုပ်သမားကတ်လျှောက်ရမလား။ နယ်စပ်ရောက်သူ အများစုလျှောက်နေကြတဲ့ တတိယနိုင်ငံသွားရမလားဆိုတာတွေကိုတောင် မစဉ်းစားနိုင်ဘဲ ဖြစ်ရတဲ့အထိ နေ့စဥ်စားဝတ်နေရေးနဲ့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

'' တတိယနိုင်ငံဆိုတာကို သွားလို့ရရင်တော့ သွားချင်တယ်။ကလေးတွေအတွက် သွားချင်တာပေ့ါ။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး။အဲဒါကိုလုပ်ဖို့ကို မတွေးနိုင်တာလေ မနက်တိုင်းနိုးတာနဲ့ဒီနေ့ ဘယ်လို စားမလဲဆိုတာကို ဒါပဲ စဥ်းစားနေရတာ''

ထိုင်းမြန်မာနယ်စပ်မှာ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ကိုမျိုးမင်းတို့မိသားစုချည်းပဲမဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလူထုအပေါ် စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ ရုံးမတက်ဘဲ အာဏာဖီဆန်ရေး CDM လုပ်တဲ့ အရပ်သားနိုင်ငံ့ဝန်ထမ်းတွေကိုလည်း စစ်တပ်က တရားစွဲဆိုတာ၊ ဝရမ်းတပ်ဖမ်းဆီးတာနဲ့ ‌နေအိမ်ချိပ်ပိတ်တာတွေကို လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပြည်တွင်းမှာနေထိုင်ဖို့ မလုံခြုံတဲ့ အခြေအနေမှာ လူထောင်သောင်းချီဟာ တစ်ဖက်ထိုင်းနိုင်ငံနဲ့ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံကြရပါတယ်။

ထိုင်းအစိုးရကတော့ မြန်မာပြည်က ထွက်ပြေးကြသူတွေကို ဒုက္ခသည်တွေအဖြစ် တရားဝင်အသိအမှတ်ပြုတာမရှိပါဘူး။ ဒီတော့ ခိုလှုံနေရသူတွေအတွက် လုံခြုံမှုမရှိသလို အချိန်မရွေးဖမ်းခံရနိုင်လို့ ပုန်းလျှိုးကွယ်လျှိုးအခြေအနေနဲ့ ရရာအလုပ်ကို လုပ်ကိုင်ကြရင်းဖြတ်သန်းနေကြတာပါ။

ကိုမျိုးမင်းရဲ့ ဇနီး မခိုင်ဇာကတော့ သူတို့ယုံကြည်ရာလမ်းကို ရွေးချယ်ခဲ့လို့ဆုံးရှုံးခဲ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။လှိုင်သာယာကသူတို့နေအိမ်နဲ့ အိမ်ထဲက ရောင်းချဖို့မလွယ်တဲ့ ပစ္စည်းတွေကို ထားခဲ့ရတာ။ အခြေကျနေတဲ့ သူတို့ဘဝတစ်ခုလုံး ကစဥ့်ကလျားဖြစ်သွားရတာတွေဟာ စစ်အာဏာသိမ်းမှုကြောင့်လို့ ခပ်ပြတ်ပြတ်လေသံနဲ့ သူ့အမျိုးသားဖြစ်သူဖြေတဲ့ မေးမြန်းခန်းထဲ တချက်ချက်ဝင်ပြောပါတယ်။

လောကဓံရဲ့ ရိုက်ခတ်မှုတွေနဲ့ သောကတွေကြားရှင်သန်နေရတဲ့ ကိုမျိုးမင်းကတော့

''ဒီအတွက် နောင်တမရဘူး။မတရားကို မကြိုက်လို့လုပ်ခဲ့တာ။အခုထိ ကျွန်တော်တစ်ယောက်ထဲမဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်လောက်ထိ စိတ်ဆင်းရဲ ဘယ်လောက်ထိ ယောက်ယက်ခတ်ပြီးနေကြရလဲ။ ဆက်ပြီးရင်ဆိုင်ရမှာပဲ။တစ်ခုပဲ စဥ်းစားရတယ်။ ကိုယ့်ကလေးတွေအတွက် ဘယ်လိုဆက်သွားမလဲဆိုတာပဲ စဥ်းစားရတယ်။ပညာတတ်စေချင်တယ်။ကောင်းကောင်းမွန်မွန်ကြီးစေချင်တယ်''