နယ်စပ်လမ်းကဘဝများ- ဥယျာဉ်ခြံမြေလုပ်သား CDM ဆရာမ

ရေးသားခဲ့သည်။

ရန်ကုန်မြို့မှာ အလယ်တန်းပြ ဆရာမအဖြစ် ၁၄ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အသက် ၄၀ ကျော်လာတဲ့ သူ့ဘဝကို အခုပြန်ကြည့်လိုက်တဲ့အခါ ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ပီလောပီနံနုတ်ရတဲ့ နေ့စားဥယျာဉ်ခြံမြေလုပ်သားဘဝ ရောက်နေတာကို အံအားသင့်ဖွယ် တွေ့ရတယ်လို့ ဒေါ်သန္တာက ပြောပါတယ်။

တစ်ရက်ကို အလုပ်ချိန် ၁၁ နာရီနီးပါး နေရောင်အောက်မှာ မြေကိုတူးဆွပြီး ခက်ခဲပင်ပန်းစွာ အသက်မွေးဝမ်းကျောင်းလုပ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ကြောင်း သူကပြောပါတယ်။

နှစ်ပေါင်းများစွာဝတ်ဆင်ခဲ့တဲ့ အဖြူအစိမ်းဝတ်စုံနဲ့ ဆံထုံးတို့အစား နီကျင်ကျင်ဆံပင်ဂုတ်ဝဲနဲ့ နေဒဏ်သက်သာအောင် အရောင်ရင့်ဖလန်ထည် ဝတ်ထားပြီး ခြံစိုက်နေတဲ့ သူကို သူစာသင်ပေးခဲ့တပည့်တွေ မြင်ရင်တောင် မှတ်မိမယ်မထင်ဘူးလို့လည်း ဆိုပါတယ်။

'' မြေဖြူနဲ့ဘောလ်ပင်ပဲ ကိုင်လာတဲ့လက်လေ။ အခုကျတော့ ပီလောပီနံရိုးတွေကို ‌မြေကြီးမာမာထဲထိုးစိုက်ရတာ တစ်နေကုန်ဆိုတော့ လက်သည်းပန်းကုံးတွေ ပြုတ်တဲ့အထိပဲ''

လက်ချောင်းထိပ်တွေမှာ လက်သည်းပန်းကုံးတွေပြုတ်လို့ ဖောင်းကြွတဲ့အထိရောင်နေတဲ့ သူ့လက်တွေကိုပြရင်း ရုံးမတက်ဘဲအာဏာဖီဆန်ရေး CDM လုပ်ခဲ့တဲ့ အလယ်တန်းပြဆရာမ ဒေါ်သန္တာက ပြောပြပါတယ်။

‌ဒေါ်သန္တာက ရန်ကုန်တိုင်း ၊ ဒဂုံဆိပ်ကမ်း မြို့နယ်ထဲက အခြေခံပညာအထက်တန်းကျောင်း တစ်ခုမှာ နဝမတန်း မြန်မာစာသင်ခဲ့ပြီး ကျောင်းဆရာမလုပ်သက် ၁၄ နှစ်ရှိခဲ့သူပါ။

အာဏာဖီဆန်ရေး CDMလုပ်ခဲ့ပြီး ရန်ကုန်က သူ့အိမ်မှာ မလုံခြုံတော့လို့ နေရာစုံမှာပြေးရင်းပုန်းရင်း တစ်နှစ်ကျော် အကြာမှာတော့ ထိုင်းမြန်မာနယ်စပ် ထိုင်းဘက်ခြမ်းရွာတစ်ရွာက စိုက်ပျိုးရေးလုပ်ငန်းတစ်ခုမှာ နေ့စား အလုပ်သမား အဖြစ် လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

သူ့အလုပ်က မနက် ၇နာရီဆိုလုပ်ငန်းခွင်စရပြီး ညနေ ၆နာရီမှာ အလုပ်သိမ်းရပါတယ်။အလုပ်ချိန် ၁၁နာရီလောက်ကို နေ့စားခ တစ်ရက် ဘတ်ငွေ၁၅၀(မြန်မာ‌‌ငွေ အခုပေါက်စျေးနဲ့ဆို တနေ့ကျပ်၉၀၀၀) ရတယ်လို့ ဆိုပါတယ်။

ဒီနေ့စား လုပ်ခဟာ ထိုင်းနိုင်ငံက ကုန်စျေးနှုန်းနဲ့ဆို စားရရုံသာရှိတဲ့အလုပ်မျိုးဖြစ်ပါတယ်။

ကျောင်းဆရာမတစ်ယောက်အတွက် ဒီဥယျာဉ်ခြံလုပ်ငန်းဟာ ပင်ပန်းသလို လုပ်နေကြအလုပ်မဟုတ်တဲ့ သူ့အတွက် အခက်အခဲတွေလည်း ရှိနေပါတယ်။

ဥယျာဉ်ခြံအလုပ်ဆိုတဲ့အတိုင်း ပန်းစိုက်ရတဲ့နေ့တွေရှိသလို၊ နံနံပင်နှုတ်ရတာ၊ ပီလောပီနံစိုက်ရတာ၊တူးရတာနဲ့ ပြောင်းဖူးချိုးရတာစတဲ့ အလုပ်တွေကို တစ်နေ့တစ်မျိုး မတူညီစွာ လုပ်ရတာပါ။

'' တကယ်ခက်ခဲတယ်။ ပန်းညှပ်တဲ့နေ့ဆို တစ်နေ့လုံးလေ နေပူကြီးထဲ အဲဒီပန်းတန်းကြီးကိုလိုက်ပြီး ကတ်ကြေးတစ်လက်နဲ့လိုက်ညှပ်ရတာ။ ခါးတွေဆိုတာ ကိုက်ခဲပြီး ခါးမဆန့်နိုင်တော့လို ခါးကုန်းပြီးညှပ်ရတယ်။ ပီလောစိုက်တယ် ဆိုလည်း ပီလောရိုးတွေကို မြေကြီးမာမာထဲကို လက်နဲ့ လိုက်ထိုးပြီး အတန်းလိုက်ကို လိုက်စိုက်ရတာ လက်ထိပ်တွေ ဆိုတာ ထိတောင်မရ။ညဘက်ဆို လက်တွေဆိုတာ လှုပ်ကိုမလှုပ်နိုင်တဲ့အထိ ဖြစ်တာ။နံနံပင်နှုတ်ဆိုရင်လည်း အမြစ်တွေကို ပါအောင်ခါပြီးနှုတ်ရတာ လက်တွေဆိုတာနာတာလေ''

အလယ်တန်းပြဆရာမတစ်ယောက်အတွက် ဒီလိုခက်ခဲပင်ပန်းမှုတွေကို သူ့ရဲ့ ယုံကြည်ချက်တစ်ခုနဲ့ရင်ဆိုင်နိုင်ပေမဲ့ အဖိုး၊အဖွားတွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ တကွဲတပြားစီ ကျန်ခဲ့ကြတဲ့ သားသမီးတွေကို လွမ်းရတဲ့ ဝေဒနာကိုတော့‌ မခံစားနိုင်ဘူးလို့‌ ဒေါ်သန္တာကရင်ဖွင့်ပါတယ်။

'' အိမ်ကိုလည်းသတိရတာပေါ့နော်။မိသားစုကိုလေ အဓိက သားအလတ်နဲ့ သမီးငယ်လေးပေါ့။ သူတို့နှစ်ယောက်လည်း အတူမနေရရှာဘူး (ငိုလျက်) တကွဲတပြားပဲနေရတာ။ သူတို့ကို လွမ်းလို့ငိုရတာတေ့ာနေ့တိုင်းပဲ။သမီးအကြီးလေးကတော့ ၁၇နှစ်ဆိုတော့ကိုယ်နဲ့အတူ ခေါ်လာတယ်။ တို့သားအမိတွေအတူ ရတဲ့အလုပ် သမာအာဇီဝဆိုပြီးရော လုပ်ကြမယ်ဆိုပြီးသူ့တော့ခေါ်လာတယ်''

စစ်အာဏာသိမ်းဆန့်ကျင်ခဲ့လို့ ရာထူးနဲ့ပိုင်ဆိုင်မှု ပြီးတော့ အခြေကျနေတဲ့ ဘဝတွေကို စွန့်ခွာပြီး ထိုင်းမြန်မာနယ်စပ် တစ်နေရာမှ အခုလို့ အသက်မွေးရင်း ခိုလှုံနေထိုင်နေရတာ ဆရာမဒေါ်သန္တာ တစ်ယောက်ထဲတော့မဟုတ်ပါဘူး။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်အောက်ထောင့်ကျေးရွာက မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်ပန်းအိလည်း အပါအဝင်ပါ။ အာဏာစသိမ်းကတည်းက ရုံးမတက်ဘဲအာဏာဖီဆန်ရေး CDMလုပ်ခဲ့ပြီး မအူပင်နဲ့ပန်းတနော်က ဆန္ဒပြ သပိတ်စစ်ကြောင်းတွေမှာ ဒေါ်ပန်းအိဦးဆောင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ သူ့အိမ်ကို စစ်ကောင်စီတပ်တွေဝင်ရှာလို့ ဧရာဝတီတိုင်းထဲကရွာတွေ အပါအဝင် ရန်ကုန် စတဲ့နေရာတွေမှာ ၅လလောက် တိမ်းရှောင်ရင်း အဲဒီကနေ တပ်မဟာ ၆ လေးကေ့ကော်နယ်မြေထဲ ရောက်ခဲ့ပါတယ်။

လေးကေ့ကော်မှာ‌ သူ့လိုဘဝတူ CDM တွေရဲ့ကလေးတွေ၊ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီလက်က လွတ်အောင်ပြေးခဲ့ကြသူတွေရဲ့ ကလေးတွေနဲ့ ဒေသခံကလေးတွေကို ကြားကာလ ပညာရေးအဖြစ် တခြားCDM ဆရာမတွေနဲ့အတူ စာသင်ပေးခဲ့ကြပါတယ်။

အဲဒီနောက်တော့ လေးကေ့ကော်ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာမှာ စစ်ကောင်စီတပ်တွေ ဝင်လို့ ထွက်ပြေးကြရတော့ ထိုင်း မြန်မာနယ်စပ်ကို ဆရာမ ဒေါ်ပန်းအိတစ်ယောက် ရောက်လာခဲ့ပါတယ်။

စာသင်တဲ့အလုပ်နဲ့ ကျွမ်းဝင်သူမို့ ထိုင်းမြန်မာနယ်စပ်မှာလည်း စစ်ရှောင်ကလေးတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တွေရဲ့ ကလေးတွေကို စာသင်လိုက်တဲ့ အလုပ်ကို ထိုင်းနယ်စပ်မှာရှိတဲ့ New Myanmar Foundationနဲ့ အတူ လုပ်ကိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လုပ်ခလစာ အတည်တကျမရှိသလို တစ်ဖက်နိုင်ငံမှာ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ရတာမဟုတ်တော့ ဒေါ်ပန်းအိအတွက် ရေရှည်အာမခံချက်ရှိတဲ့ အလုပ်တော့မဟုတ်ပါဘူး။

''ဒီမှာတော့ခိုးသင်နေရတဲ့သဘောပေါ့။သူများနိုင်ငံမှာဆိုတော့ တရားမဝင်ဘူးလေ။ တရားမဝင်တော့ တရားဝင်သင်လို့လည်း မရဘူးလေ။ကိုယ့်နားလည်မှုနဲ့ ကိုယ် ကိုယ့်မြန်မာပြည်က ကလေးတွေ ကိုယ့်ဘာသာစုပြီးတော့ တစ်အိမ်အိမ်မှာ စုလိုက်ကြတယ်။ အဲဒီလို လိုက်သင်ပေးကြတာပေါ့''

အာမခံချက် မရှိတဲ့အခြေအနေမှာပဲ စုဆောင်းထားသမျှ‌ ငွေကြေးနဲ့ နယ်စပ်မှာ နေ့စဉ်စားဝတ်နေရေးနဲ့ နေထိုင်ရေးအတွက် ရုန်းကန်ရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ရုံးမတက်ဘဲ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ အများဆုံးပါဝင်ခဲ့ကြတာက ပညာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာအဆင့်ဝန်ထမ်းက သင်ကြားရေး နဲ့ ရုံးပိုင်း စုစုပေါင်းစာရင်းရှိအင်အားက ၄သိန်း ၆သောင်းကျော်ရှိပါတယ်။ အာဏာသိမ်းတဲ့နောက် အင်အား၂သိန်းကျော်လောက် CDMလုပ်ခဲ့ကြပါတယ်။

အခု လက်ရှိ ၂၀၂၂ခုနှစ်အထိ CDM လုပ်ထားဆဲဆရာ၊ဆရာမ အင်အားက ၁သိန်းခွဲကျော်ကျန်နေသေးတယ်လို့ အခြေခံပညာဆရာ၊ ဆရာမများသမဂ္ဂရဲ့ စာရင်းတွေကဖော်ပြပါတယ်။

ဒေါ်သန္တာနဲ့ ဒေါ်ပန်းအိတို့လို နောက်ထပ် CDM လုပ်ထားတဲ့ဆရာ၊ ဆရာမအင်အား ၁၀၀ကျော်ဟာ ထိုင်းမြန်မာနယ်စပ်နေရာတွေမှာ ပြန့်ကြဲနေထိုင် ခိုလှုံနေကြရပါတယ်။

ဆရာတွေဆိုရင် ပန်းရံ၊လက်သမားလိုအလုပ်၊ ကုန်ထမ်းတာမျိုး၊ သံချည်သံကွေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်ကြရပါတယ်။ ဆရာမတွေဆိုရင် ခြံစိုက်တာ၊ စက်ချုပ်တာ၊ အမွှေးညှပ်တာ စျေးဆိုင်မှာ စျေးရောင်းတာလို အလုပ်တွေကို လုပ်ကိုင်ပြီး ဖြတ်သန်းနေကြရပါတယ်။

ဒါပေမဲ့ တရားမဝင်ခိုလှုံနေထိုင်နေရတဲ့သူတို့အတွက် အလုပ်တွေက တရားဝင်မဟုတ်လို့ လုပ်ခလစာ အပြည့်မရကြသလို အလုပ်ကလည်း ရေရှည်မရကြပါဘူး။

'' ကြုံရာကျပန်း တဝမ်းတခါးအတွက် တတ်ထားတဲ့ ပညာမာနတွေလည်း ချထားရတာပဲ။ သူများနိုင်ငံမှာ အလုပ်ခက်တဲ့အတွက်နေ့တိုင်းရပ်တည်နိုင်ဖို့အတွက် ကြုံရာရတဲ့အလုပ်ကို ဝင်လုပ်ကြရတာပဲ။ ကျွန်မတို့မှာ အလုပ်ရွေးပိုင်ခွင့်မရှိဘူး'' လို့ ဒေါ်သန္တာကဆိုပါတယ်။

လက်ရှိမှာ အာဏာသိမ်းကာလ တစ်နှစ်ကျော်ကြာလာတဲ့အချိန် ၂၀၂၂ ဖေဖော်ဝါရီလ ကစပြီး NUG အစိုးရကနေပြီးတော့ ထိုင်း မြန်မာနယ်စပ်ရောက် CDM ဝန်ထမ်းတွေကို ဆန်အပါအဝင် ရိက္ခာ‌အချို့ ထောက်ပံ့တာ ရှိလာပါတယ်။

'' NUG ကလည်း တော်လှန်ရေးအစိုးရဆိုတော့ သူတို့မှာ ငွေမရှိဘူးလေ။ နိုင်သလောက် ထောက်ပံ့တာပေါ့။ ဒါပေမဲ့ ကျွန်မတို့မှာက ဒါနဲ့မပြီးဘူး။ နေဖို့ထိုင်ဖို့ နောက်ဆက်တွဲ ဖြေရှင်းရမယ့်ဟာတွေက အများကြီးဆိုတော့ အခက်အခဲတွေကတော့ အများကြီးပဲ'' လို့ ‌ဒေါ်ပန်းအိက သူတို့ အခက်အခဲကို ပြောပြပါတယ်။

CDM ဝန်ထမ်းအများစုကတော့ NUG အစိုးရအနေနဲ့ ကာကွယ်ရေးဘက်ကို ဦးစားပေးနေရတာ နားလည်လို့ CDMဝန်ထမ်းတွေ အတွက် အလုပ်အကိုင်တွေ ရှာဖွေပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ CDMဝန်ထမ်းတွေကို အလုပ်ရှင်တွေက အလုပ်ခန့်ဖို့ စိုးရိမ်ကြသလို ပြည်ပမှာလည်းမလုံမခြုံ ခိုလှုံနေရလို့ အာမခံချက်ရှိတဲ့အလုပ်တွေကို ဖန်တီးပေးဖို့ ဆန္ဒရှိတယ်လို့ ဘီဘီစီက စကားပြောခွင့်ရတဲ့ ထိုင်းမြန်မာနယ်စပ်ရောက် CDMဝန်ထမ်းတချို့က ပြောပါတယ်။

ပြည်တွင်းမှာ ဘာမှန်းမသိနိုင်သေးတဲ့ အခြေအနေဖြစ်လို့ သူများနိုင်ငံမှာ ခိုလှုံနေရချိန် ရေရှည်ရပ်တည်ရေးအတွက် ရရာအလုပ်ကို လုပ်ကြဖို့ သူတို့ ဆုံးဖြတ်ထားပါတယ်။

'' ရေရှည် ဆက်သွားဖို့အတွက် ကျွန်မတို့ အလုပ်မလုပ်လို့ မရတော့ဘူး။ သူများဆီက ထောက်ပံ့မှုဆိုတာ အမြဲ မျှော်လို့မရဘူး။ တစ်လကနေ နှစ်လဆိုရင် အဆင်မပြေနိုင်ဘူး။ အလှူရှင်ဆိုတာလည်း သူ့မှာရှိမှ လှူနိုင်မယ်။ သူများတကာ ပေးနိုးနိုးဘဝမှာ မနေချင်ကြတော့ အလုပ်လုပ်ဖို့ လိုကြတယ်။ သူများနိုင်ငံမှာဆိုတော့ ခိုးလုပ်ရတာလေ။ ဒါပေမဲ့ ဝမ်းရေးအတွက် အဖမ်းခံရနိုင်လည်း စွန့်စားပြီးလုပ်ကြရတာပဲ''

ဒေါ်သန္တာနဲ့ ဒေါ်ပန်းအိတို့လို ဆရာမ နှစ်ဦးရဲ့ အာဏာသိမ်းဆန့်ကျင်ပြီး CDM လုပ်ကြရတဲ့ အကြောင်းပြချက်ကတော့ မဲစာရင်းကိုအကြောင်းပြပြီး အာဏာသိမ်းခဲ့တာကြောင့်လို့ ပြောကြပါတယ်။

ကိုဗစ်ကာလမှာ ပညာရေးဝန်ထမ်းတွေက တိုင်းပြည်အပြောင်းအလဲအတွက် အသက်ကိုမငဲ့ပဲ မဲပေးနိုင်ရေးလုပ်ဆောင်ခဲ့ကြပေမဲ့ ပညာရေးဝန်ထမ်းတွေက မဲသမာမှုမှာ ပါဝင်သလို စစ်ကောင်စီဘက်က စွပ်စွဲတာနဲ့ တရားစွဲဆိုတာတွေ လုပ်ခဲ့တာက သူတို့အတွက် စိတ်အနာရဆုံးကိစ္စလို့ ပြောပါတယ်။

'' ကိုယ့်အသက်ကိုတောင် မငဲ့ဘူး အားလုံးမဲပေးနိုင်ကြဖို့ လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ သူတို့က ကျွန်မမတို့ကို မဲသမာမှု လုပ်ကြသလို စွပ်စွဲလာတဲ့အချိန်မှာ ဒါကို လက်မခံနိုင်တာပေါ့။ ကျမတို့က ဘယ်သူဘက်မှ မပါခဲ့ဘူး။ ပါစရာလည်းမလိုဘူး။ မှန်ကန်တဲ့ ရွေးချယ်မှုကိုပဲ လိုလားတာလေ။အဲဒါကြောင့် CDM လုပ်ခဲ့တာ'' လို့ ဒေါ်သန္တာကပြောပါတယ်။

ဒေါ်ပန်းအိကတော့ စစ်အာဏာရှင်အောက်မှာ ကြီးပြင်းပြီးပညာသင်ခဲ့ရတဲ့ သူတို့ အတွက် သူ့ကျောင်းသားတွေကိုတော့ အလွတ်ကျက် ပညာရေးအောက်မှာ မကြီးပြင်းစေချင်လို့ ၊ ငွေရှိတဲ့သူက ငွေရှိသလို ပညာရပြီး ငွေမရှိရင်မရှိသလို ပညာသင်ဖို့ အခွင့်အလမ်းမရှိတဲ့ စစ်တပ်ရဲ့ပညာရေးကို မသင်စေချင်လို့ CDM လုပ်ခဲ့တာလို့ ဆိုပါတယ်။

'' ကျောင်းကပြန်ခေါ်တယ်။ သူငယ်ချင်းတချို့ကလည်း ပြန်ခေါ်တယ်။ ဆရာမကြီးကလည်း ၃ခါလောက် ပြန်ခေါ်တယ်။ ဒါပေမဲ့ အဲဒီကနေ ထွက်လာပြီး ကတည်းက ဆရာမကြီးကို အပြတ်ပြောလိုက်တယ်။မလာတော့ပါဘူးလို့။လုပ်ချင်စိတ်ကို မရှိတော့လို့ကို မလုပ်တော့ပါလို့ အဲဒီလိုပြောလိုက်တယ်'' လို့ ဒေါ်သန္တာကသူတုံ့ပြန်ခဲ့တဲ့ အကြောင်းပြောပြပါတယ်။

အခုတော့ CDMလုပ်ခဲ့တဲ့ နောက်ဆက်တွဲမှာတော့ အခက်အခဲတွေ အထပ်ထပ်ဖြတ်ခဲ့ဖူးသလို ကျည်ဆံတွေကြားလည်းကျော်ခဲ့ရတာပါ။ ဘယ်အချိန် ဖမ်းမိမလဲ စိုးရိမ်စိတ်တွေနဲ့ ပြေးပုန်းခဲ့ကြသလို တစ်ခါမှမလုပ်ဖူးတဲ့ အလုပ်ကြမ်းတွေကိုလည်း အိမ်ရဲ့အဝေး၊မိသားစုရဲ့ အဝေးမှာလုပ်နေကြရတာပါ။

ပြောင်းဖူးချိုးထားလို့ နာနေတဲ့ သူ့လက်တွေကို ဆုပ်ကိုင်ရင်းဒေါ်သန္တာကတော့...

'' အခုဒုက္ခရောက်နေလို့ နောင်တရလားလို့ မေးလာရင်တော့ ကိုယ့်ရွေးချယ်မှုက မှန်နေတဲ့အတွက် လုံးဝနောင်တမရဘူး။ကိုယ်လုပ်နိုင်တဲ့အထိ ဒီအလုပ်ကိုလုပ်မယ်။မတရားတာကို လက်မခံဘူး။ မလုပ်နိုင်ရင် မလုပ်ဘူး။ မစားဘူး။ အဆုံးထိတွေးထားတယ်။ နောက်ကိုတော့ ဘယ်တော့မှပြန်မသွားဘူး။ အရှေ့ကိုပဲဆက်မယ်''