အန်ယူဂျီ တစ်နှစ်ပြည့်မိန့်ခွန်း ဘာတွေ ပြောသွားသလဲ

သင်္ကြန်အကြတ်နေ့ အန်ယူဂျီကာကွယ်ရေးဝန်ကြီး ရှေ့တန်းစစ်မျက်နှာတစ်ခုကို ရောက်နေပုံလို့ အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, NUG - MoD

ဓာတ်ပုံ ပုံစာ, သင်္ကြန်အကြတ်နေ့ အန်ယူဂျီကာကွယ်ရေးဝန်ကြီး ရှေ့တန်းစစ်မျက်နှာတစ်ခုကို ရောက်နေပုံလို့ အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
ရေးသားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်းပြောခဲ့ပြီး ပြီးခဲ့တဲ့တစ်နှစ်အတွင်း NUG ဆောင်ရွက်နိုင်ခဲ့တာတွေ နဲ့ ရှေ့ဆက်လုပ်ဆောင်သွားမှာတွေကိုလည်း တစ်နှစ်ပြည့်မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံရဲ့ နေရာတော်တော်များ (အထူးသဖြင့်ကျေးလက်ဒေသတွေ) ကိုထိန်းချုပ်ထားပြီး မြို့ပြတချို့ကိုလည်း ဝိုင်းပတ် စိုးမိုးထားပြီလို့ ဒူဝါလရှီးလက ပြောသွားပါတယ်။

ဒါဟာ ဒေသခံပြည်သူတွေနဲ့ ပြည်ပရောက် နိုင်ငံသားတွေရဲ့ ထောက်ပံ့ပေးမှုကြောင့် ဖြစ်ပြီး မကြာခင်မှာပဲ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေ အဖြစ်ဖန်တီးနိုင်တော့မှာလို့ သူက ပြောပါတယ်။

NUG ယာယီသမ္မတမိန့်ခွန်းကို NUG ရဲ့ လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ပြီး စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ မအောင်မြင်ခဲ့ဘူးလို့ အခုလို ပြောပါတယ်။

လူထုရဲ့ ဆန့်ကျင်တော်လှန်မှုကြောင့် စစ်ကောင်စီရဲ့ အာဏာသိမ်းတာမအောင်မြင်သလို နိုင်ငံတစ်ခုလုံးကို ထိန်းချုပ်နိုင်တာ မရှိဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်နေသလို စစ်တပ်လွှမ်းမိုးပြီး ဒီမိုကရေစီမကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လုံးဝပြန်မသွားဘူးလို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း စစ်ကောင်စီ လက်လှမ်းမီနိုင်တဲ့ ငွေစာရင်းတွေကို ငွေမလွှဲကြဖို့ NUG ရဲ့ မိန့်ခွန်းထဲ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားတွေကို ငွေကြေးအရရော၊ နိုင်ငံရေးခိုလှုံခွင့်ပေးခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ကူညီ ဆောင်ရွက်ပေးလို့ရပြီး ဒါဟာ သွေးမြေအများကြီးကျစရာမလိုဘဲ စစ်အာဏာရှင်ကို ပြုတ်ကျစေနိုင်တဲ့ အကောင်းဆုံး နည်းဗျူဟာ လို့ ဒူဝါလရှီးလကပြောပါတယ်။

NUG

ဓာတ်ပုံ ရင်းမြစ်, NUG

ဒီအပေါ် နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးရဲထွန်းက စစ်ရေးချည်းသက်သက် အနိုင်တိုက်ခိုက်မှုဆိုတာထက် ဘယ်ဘက်က အရင် ပြိုကွဲသွားမလဲဆိုတာဟာ အရေးကြီးတဲ့ အချက်ဖြစ်ကြောင်းပြောပြီး ဒီမိန့်ခွန်းမှာ စစ်ကောင်စီတပ်တွေ ပြိုကွဲသွားစေမယ့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ်ကိုလည်း အလေးထားပြောသွားတာတွေ့ရကြောင်း ပြောပါတယ်။

NUG ရဲ့ နှစ်ပတ်လည်မိန့်ခွန်းထဲမှာ ပြည်တွင်းကပြည်သူတွေကို သာမက နိုင်ငံတကာကိုလည်း သတင်းစကားပါးခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားထောက်ခံဖို့နဲ့ စစ်ကောင်စီကို အသိအမှတ်မပြုမိကြဖို့ မျှော်လင့်ပြီး စစ်ကောင်စီကို အားပေး ကူညီတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်တာလို့သတိပေးပါတယ်။

နိုင်ငံတကာအနေနဲ့ NUG ကိုကူညီထောက်ပံ့ဖို့နဲ့ စစ်ကောင်စီကိုလက်နက်ဝယ်မရအောင်ပိတ်ဆို့ဖို့ကိုလည်း တစ်နှစ်ပြည့်မိန့်ခွန်းထဲတောင်းဆိုခဲ့တာပါ။

စစ်တပ်ကို ပိတ်ဆို့အရေးယူတာ ဖယ်ကြဥ်တာစတဲ့ သံတမန်ရေးနဲ့ နိုင်ငံရေးထောက်ခံမှုတွေအတွက် အထူးကျေးဇူးတင်တယ်လို့ ဒူဝါလရှီးလရဲ့မိန့်ခွန်းထဲ ထည့်ပြောခဲ့ပါတယ်။

အန်ယူဂျီဟာ တစ်နှစ်တာ ကာလအတွင်း ပြည်တွင်းပြည်ပ ထောက်ခံမှု အများစု ရထားပြီး စစ်ကောင်စီကို တရားမဝင် အကြမ်းဖက်အဖွဲ့လို့ ပြောဆိုထားသလို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးကိုလည်း တောက်လျှောက် ငြင်းဆန်ထားပါတယ်။