စစ်ပွဲဒေသတွေကို အရောက်သွား ဆေးကုပေးနေတဲ့ လူငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ
သူတို့အဖွဲ့မှာ ဆရာ၀န်တွေပါသလို၊ စစ်အာဏာမသိမ်းခင်အချိန်က ဆေးတက္ကသိုလ်တက်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေလည်း ပါ၀င်ပါတယ်။
"ကျွန်တော်တို့ရောက်တဲ့ ၅ လ၊ ၆ လလောက်အတွင်းမှာ လူဘယ်နှယောက်ကို ကုပေးနိုင်ခဲ့သလဲဆိုတော့၊ ပြီးခဲ့တဲ့လ ထဲမှာတင် လူ ၆ ထောင်ကျော်ဆိုတော့၊ စုစုပေါင်းဆိုရင် ကျွန်တော်တို့ လူ ၁ သောင်းကျော်ကို ကုသ ပေးနိုင်ခဲ့ပါပြီ"လို့ သူတို့လုပ်နိုင်ခဲ့တဲ့ အလုပ်ကို ဂုဏ်ယူ စိတ်လှုပ်ရှားမှုနဲ့ အတူ ဒေါက်တာဆမ်က ဘီဘီစီရဲ့အမေးကို ပြန်ဖြေပါတယ်။
၂၀၂၁ ခုနှစ် ဇွန်လအစောပိုင်းလောက်မှာ သူတို့ရဲ့အလုပ်၊ သူတို့ရဲ့ အိမ်၊ သူတို့ရဲ့မိသားစု၊ သူတို့ရဲ့ ပညာရေးတွေကို စွန့်လွှတ်ထားခဲ့ကြပြီး နေထိုင်ရာမြို့တွေကနေ သူတို့ ထွက်ခွာခဲ့ကာ ကရင်နီဒေသဆီကို ရောက်အောင် သွားခဲ့ကြပါတယ်။
"ဇွန်လ ပထမ အပတ်၊ ဒုတိယအပတ်လောက်မှာ ကရင်နီဘက်မှာ စစ်ပွဲတွေဖြစ်နေပြီ ဆိုတာ ကျွန်တော်တို့ သိလိုက်ရတယ်၊ ချင်းဘက်မှာလည်း (စစ်ပွဲတွေ)ဖြစ်နေပါတယ်၊ ဒါပေမယ့်အဲဒီအချိန်က သတင်းအရ သိပ်အများကြီး မကြားရတဲ့ ကရင်နီဘက်ကို သွားဖို့ ကျွန်တော်တို့ရွေးလိုက်ကြတယ်၊ စစ်ဖြစ်ရင် ဒဏ်ရာရသူတွေ ရှိနိုင်တယ်၊ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ဒီနေရာမှာ ကျွန်တော်တို့ အသုံးချလို့ရမယ်ဆိုပြီး ထွက်လာကြတာပါ" လို့ သူတို့ဘ၀သစ်ရဲ့အစကို သူကပြောပြပါတယ်။
သူတို့ရောက်လာပြီး မကြာသေးတဲ့ အချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်အကြား ယာယီအပစ်အခတ်ရပ် တလလောက်ကြာအောင်ဖြစ်သွားတဲ့အတွက် အဲဒီအချိန်မှာတော့ စစ်ပွဲက ဒဏ်ရာရသူတွေကို သူတို့ စပြီးမကြုံရပါဘူး။ ဒါပေမယ့် စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေခံ ကျန်းမာရေး အတွက် သူတို့ စကူညီကြပါတယ်။
အထူးသဖြင့် ကိုဗစ်လှိုင်းပြန်ဖြစ်လာတဲ့အရေး စစ်ဘေးရှောင်တွေထဲ ရိုက်ခတ်ခဲ့တဲ့အခါမှာ သူတို့တွေ ကုသရေးအတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာ လုံလုံလောက်လောက်မရှိ ချို့ချို့တဲ့တဲ့နဲ့ပဲ လူနာတွေကို ကုပေးခဲ့ကြ ရပါတယ်။
"ကိုဗစ်လူနာ အနည်းဆုံး အယောက် ၆၀ နဲ့ ၇၀ ကြားအထိကြုံရတယ်၊ ကျွန်တော်တို့ အောက်စီဂျင်တွေ လိုအပ်တဲ့ဆေးတွေ ပေးတာမျိုး လုပ်နိုင်ပေမယ့် တခြားအသက်ရှူအထောက်အကူစက်တွေတော့ မရှိနိုင်ခဲ့ပါဘူး၊ ၁၅ ယောက်တောင် ကိုဗစ်နဲ့ သေဆုံးခဲ့ပါတယ်၊ ၂၅ % လောက် ဆုံးပါးခဲ့တာပေါ့ဗျာ" လို့ သူက ပြန်တွေးပြီး ပြောပြပါတယ်။
ဘာသာစကား၊ အလေ့အထ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေ မတူတဲ့ဒေသလည်းဖြစ်၊ အရင်ကသိကျွမ်းခဲ့တဲ့ မိတ်ဆွေတွေရှိရာအရပ်လည်း မဟုတ်တော့ သူတို့အနေနဲ့ အစပိုင်းမှာ ဆက်ဆံဆက်သွယ်ဆောင်ရွက်ဖို့ အခက်အခဲတွေကြုံရပါတယ်။
ဒါပေမယ့် "လုပ်ပေးချင်တဲ့ စေတနာနဲ့ပဲ (ဒေသခံတွေအကြားမှာ)ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြ"ပြီး သူတို့ဒေသခံတွေနဲ့ ရင်းနှီးပြီး နေသားတကျ ဖြစ်လာပါတော့တယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ရှောင်ဒုက္ခသည်တွေက သူတို့မူရင်း မြို့တွေ၊ ရွာတွေကနေ သူတို့ဆွေမျိုးတွေရှိရာ ပိုခေါင်တဲ့ရွာတွေဘက် ကို ပြေးခိုကြသလို၊ တောထဲမှာ ယာယီတဲတွေထိုးပြီး နေနေကြရတာတွေလည်းရှိပါတယ်။
တချို့ သတင်းတွေ၊ အစီရင်ခံစာတွေအရ ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ဖိနှိပ်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၈ သောင်း နီးပါး ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေထဲ "စိုးရိမ်ကြောက်လန့်နေမှု (Anxiety)၊ သွေးတိုး၊ ဆီးချို၊ အရေပြားအနာ၊ ဝမ်းပျက် ဝမ်းလျောရောဂါ"တွေက အတွေ့ရအများဆုံးရောဂါတွေပဲလို့ စစ်ဘေးရှောင်တွေရှိတဲ့ ရွာ ၇ ရွာ ရှိရာကို အဖွဲ့နဲ့အတူ မကြာသေးခင်ကမှ လှည့်လည်ပြီး ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့တဲ့ ဒေါက်တာ ဆမ်က ပြောပါတယ်။
"ဘယ်တော့ အိမ်ပြန်ရဖို့မှန်းထားလဲလို့တော့ ကျွန်တော်လည်း သူတို့ကို မမေးဖြစ်ခဲ့ဘူး၊ စစ်ကောင်စီတွေရှိနေတဲ့ သူတို့ဒေသဆီကို ပြန်ဖို့ သူတို့ကြောက်လန့်နေကြဆဲပဲ၊ Anxiety တွေသူတို့ရှိနေဆဲပဲ။"
စစ်ပွဲတွေဖြစ်နေတဲ့ ကရင်နီဒေသမှာ ဆေးကုသတဲ့အလုပ်ကိုသာ လုပ်ကိုင်နေကြပေမယ့် သူတို့ရဲ့ မြို့တွေမှာကျန်ခဲ့တဲ့ မိသားစု၀င်တွေကို စစ်ကောင်စီဘက်က အန္တရာယ်ပြုမှာကို စိုးရိမ်ကြတဲ့အတွက် သူတို့အဖွဲ့မှာ ဘယ်သူတွေရှိတယ်၊ ဘယ်နှယောက်ပါ၀င်တယ်ဆိုတာတော့ မသိရပါဘူး။
စစ်ကောင်စီကပေးတဲ့ အခက်အခဲတွေထဲ ဆေးနဲ့ ဆေးပစ္စည်းတွေကို ပိတ်ပင်တာက အတော်ဆိုးဝါးတယ်လို့ သူကပြောပါတယ်။
"စစ်ကောင်စီက ကျွန်တော်တို့ ဆေးကုသတဲ့ အလုပ်ကို လူသားချင်းကူညီထောက်ထားမှုဆိုင်ရာ အလုပ်တွေ လို့ မမြင်ဘူး၊ လူသားချင်းညှာတာထောက်ထားတဲ့ စိတ်မရှိတော့ ကျွန်တော်တို့ ဆေးတွေ အဖမ်းခံရတာ၊ အသိမ်းခံရတာတွေရှိတယ်၊ အဖျက်ဆီးခံရတာတွေလည်း ရှိတယ်။"

ဓာတ်ပုံ ရင်းမြစ်, CJ
အစကတည်းက ကျန်းမာရေးစောင့်ရှောက်မှု စနစ်နိမ့်ကျတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ကြုံနေရတဲ့ ဒေသကလူတွေအတွက် ကိုယ်တတ်နိုင်သလောက်၀န်ကို ၀င်ထမ်းကြတဲ့ သူတို့အဖွဲ့ဟာ အချိန်အား သိပ်မရှိဘဲ အားသွန်လုပ်စရာတွေ အပြည့်ဖြစ်နေပေမယ့် စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ လ ၁ ရက်ကစလို့ သူတို့ကြုံနေရတဲ့ အတွေ့အကြုံတွေကြောင့် ကိုယ်စီကိုယ်စီမှာ စိတ်ဖိစီးစရာတွေ ရှိနေတာပါ။
"အိမ်နဲ့ဝေးရာ၊ မိသားစုနဲ့ ဝေးရာဆိုတော့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကတော့ ရှိကြပါတယ်၊ ကျောင်းမပြီးသေးတဲ့ အငယ်တွေဆိုရင် သူတို့ရည်မှန်းချက် ဘယ်တော့ပြည့်မလဲဆိုတဲ့စိတ်နဲ့ နေကြရတယ်၊ ဒီကာလက ဘယ်နေရာမှာပဲ နေနေပါ၊ ကိုယ်ပိုင်ရည်မှန်းချက်တွေကတော့ ထိခိုက်ရတာပါပဲ၊ ဒီလိုပဲ ရဲဘော်ရဲဘက်စိတ်နဲ့ နေကြတယ်"လို့ ဆိုရင်း ဒေါက်တာ ဆမ်က သူတို့ကျော်ဖြတ်ရတဲ့ စိတ်ပင်ပန်း ရမှုတွေကို ပြောပြပါတယ်။
"လူနာတွေရဲ့ အသက်ကိုကယ်နိုင်တာမျိုး၊ သက်သာသွားအောင်လုပ်ပေးနိုင်တာမျိုးဆိုရင် ကျွန်တော်တို့ ပျော်ရွှင်ကြည်နူးရတယ်၊ ဒီကြားထဲက ဘာမှမတတ်နိုင်တော့ဘဲ ဆုံးပါးသွားကြရတာမျိုးနဲ့ ကြုံရင် ကျွန်တော် တို့ မျက်ရေကျကြရတာပါပဲ။"
စိတ်အပန်းဖြေချင်ရင် တောတောင်သဘာ၀အလှတွေကို ခံစား၊ တခါတလေ ချောင်းထဲမှာ ရေဆင်းချိုးရင်း၊ အချင်းချင်း နောက်ပြောင်ရင်း ပျော်စရာ သူတို့ရှာကြပါတယ်။
အိုးအိမ်ပျက်စီးသွားတဲ့တချို့ ဒေသခံတွေ၊ တိမ်းရှောင်နေရတဲ့ တချို့ဒေသခံတွေရဲ့ စိတ်နေစိတ်ထားတွေ ကလည်း အားဖြစ်စရာတွေပါလို့ ပြောပါတယ်။
"ကျွန်တော်တို့ကို ကူညီကြတဲ့ ဒေသခံ ဆရာမတချို့ဆိုရင် သူတို့ ဒီလိုနေနေရတဲ့အနေအထားကို ငြီးငြူတာမျိုး တခါမှကို မကြားရဘူး၊ သူတို့ ဒီလို (စစ်ရှောင်ပြေးတဲ့ ဒုက္ခသည်အဖြစ်) ဖြစ်နေရတာကို တဖက်တလမ်းကနေ သူတို့ဒီတော်လှန်ရေးမှာ ပါ၀င်အကျိုးပြုနေကြတာလို့ ပြောကြတယ်။"








