စစ်တွေမှာ ကိုဗစ်လူနာတစ်ဦးထပ်မံသေဆုံး၊ ရခိုင်မှာ သေဆုံးသူ သုံးဦးရှိပြီ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး စက်တင်ဘာ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းက သေဆုံးသွားကြောင်း ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ဘီဘီစီကို ပြောပါတယ်။
အဲဒီလူနာဟာ စစ်တွေမြို့ပေါ်ကဖြစ်ပြီး အသက် ၇၁ နှစ်အရွယ် လူနာနံပါတ် ၁၆၀၅ ဖြစ်ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က ဆေးရုံတက် ကုသနေခဲ့ရာကနေ ဒီကနေ့ မနက်ပိုင်း ၉ နာရီခွဲအချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
စစ်တွေဆေးရုံကြီးမှာ သေဆုံးသွားခဲ့သူ လူနာနံပါတ် ၁၆၀၅ အမျိုးသားဟာ ဆေးရုံတက်ကုသမှုခံယူနေတာ ၁၀ ရက်ကျော်ရှိပြီဖြစ်ပြီး ရုတ်တရက် အသက်ရှုကျပ် သေဆုံးခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဌာနကနေ သိရပါတယ်။
ကျောက်တော်မြို့ ပြည်သူ့ဆေးရုံမှာလည်း ကိုဗစ်ကြောင့် အသက် ၆၅ နှစ်အရွယ် လူနာအမှတ် (၆၁၄၁) အမျိုးသမီးတစ်ဦး စက်တင်ဘာ ၁၈ ရက် ည ၈ နာရီ ၁၀ မိနစ်က သေဆုံးသွားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူသုံးဦးရှိသွားပြီဖြစ်ပြီး စစ်တွေဆေးရုံကြီးမှာ နှစ်ဦးနဲ့ ကျောက်တော်ဆေးရုံမှာ တစ်ဦးတို့ ဖြစ်ပါတယ်။
သေဆုံးသူတွေကတော့ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း စက်တင်ဘာ ၁၃ ရက်နေ့ညနေပိုင်းက အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ စက်တင်ဘာ ၁၈ ရက်နေ့ညနေပိုင်းက ကျောက်တော်ဆေးရုံမှာ အသက် ၆၅ နှစ်အရွယ်အမျိုး သမီးတစ်ဦး၊ ဒီကနေ့ ၂၃ ရက်နေ့ စစ်တွေဆေးရုံမှာ အသက် ၇၁ အရွယ် နောက်ထပ်အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်တော်ဆေးရုံမှာ သေဆုံးသွားခဲ့တဲ့ အမျိုးသမီးရဲ့ နှာခေါင်း၊အာခေါင် တို့ဖတ်နမူနာတွေယူပြီး စစ်ဆေးဖို့ ပို့ထားတဲ့အချိန်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး ၂၁ ရက်နေ့မှာ အဲ့ဒီအမျိုးသမီးမှာ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီအမျိုးသမီးဟာ အသက်ရှုကျပ်ပြီး နေထိုင်မကောင်းတဲ့အတွက် ဆေးကုသမှုခံယူဖို့ ကျောက်တော်ဆေးရုံကို ပြီးခဲ့တဲ့ ၁၈ ရက်နေ့ ညနေပိုင်းမှာရောက်ရှိလာခဲ့ပြီး ဆေးရုံရောက်လို့ တစ်နာရီလောက်အကြာမှာ သေဆုံးသွားခဲ့တာလို့ ဒေါက်တာစိုးဝင်း ပိုင်က ပြောပါတယ်။
"ကျောက်တော်မှာတစ်ယောက်က အမျိုးသမီး၊ သူက ၁၈ ရက်နေ့ကရောက်တယ်။ ရောက်ပြီးတော့ တစ်နာရီလောက် အတွင်းမှာဆုံးတယ်၊ ဆုံးတဲ့အချိန်မှာ ဆရာတို့က အဖြေမသိရသေးဘူး။ နှာခေါင်းတို့ဖတ်ယူပြီး ၁၉ ရက်နေ့မှာပို့တယ်။ မနေ့က အဖြေထွက်တယ်"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းကိုဗစ်ပိုးကူးစက်ခံရမှုဟာ မြို့နယ် ၁၇ ခုစလုံးမှာ ကူးစက်ပြန့်ပွားနေတာဖြစ်ပြီး ပိုးတွေ့ရှိမှုအခြေအနေဟာလည်း အခုရက်ပိုင်းအတွင်း ပိုမိုများပြားလာနေတာကို ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့စစ်ဆေးချက်အရ ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၀ မြို့နယ်အတွင်း ပိုးတွေ့သူပေါင်း ၁၇၀ ဦး တွေ့ရှိခဲ့ရပြီး တစ်လကျော်ကာလအတွင်းမှာ အများဆုံးပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားမှုအတွင်း စက်တင်ဘာ ၂၃ နံနက်ပိုင်းအထိ ပိုးတွေ့ရှိသူ ၆၉၅၉ ဦးရှိပြီး သေဆုံးသူ ၁၁၆ ဦးရှိသွားပြီဖြစ်ပါတယ်။
ပိုးကူးစက်ခံရမှု ဒုတိယအများဆုံးဖြစ်တဲ့ ရခိုင်မှာတော့ ပိုးတွေ့ရှိသူစုစုပေါင်း ၁၁၀၀ ကျော်ရှိပြီး အဲ့ဒီထဲက သေဆုံးသူ သုံးဦးနဲ့ ပိုးကင်းစင်လို့ ဆေးရုံကဆင်းခွင့်ရသူပေါင်း ၆၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin








