ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိလစ်ပိုင်က ထိပ်တန်း ရုပ်သံလွှင့်ဌာန ABS-CBN လိုင်စင် အသစ်မရတော့
ဖိလစ်ပိုင်ရဲ့ အကြီးဆုံး ရုပ်သံလွှင့်ဌာနတွေထဲက တခုဖြစ်တဲ့ ABS-CBN ဟာ လိုင်စင်အသစ် သက်တမ်းတိုးဖို့ ငြင်းပယ်ခံလိုက်ရပါတယ်။
သူတို့ တီဗီတွေ ရေဒီယိုတွေ ထုတ်လွှင်ခွင့်ကိုလည်း မေလ ကတည်းက အပိတ်ခံခဲ့ရပါတယ်။
ABS-CBN သတင်းဌာနရဲ့ လုပ်ခွင့်သက်တမ်း ၂၅ နှစ်တိုးဖို့ပန်ကြားလွှာကို သောကြာနေ့တုန်းက လုပ်ခဲ့တဲ့ ပါလီမန်ကော်မတီအစည်းအဝေးက တညီတညွတ်တည်း ပယ်ချခဲ့ကြပါတယ်။
သမ္မတ ရိုဒရီဂို ဒူတာတေးကို အဲဒီအသံလွှင့်ဌာနက ဝေဖန်နေတာကြောင့် အခုလို သတင်းဌာနလုပ်ပိုင်ခွင့်မရတော့ဘဲ ငြင်းပယ်ခံရတာလို့ အစိုးရကို ဝေဖန်ကြသူတွေက သုံးသပ်ပြောပါတယ်။
၂၀၁၆ မှာ လုပ်ခဲ့တဲ့ မစ္စတာ ဒူတာတေးရဲ့ ရွေးကောက်ပွဲ ကြော်ငြာတွေကိုလည်း ABS-CBN က ထုတ်လွှင့်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒီထိပ်တန်းရုပ်သံလွှင့်ဌာနဟာ ဒါဇင်နဲ့ချီတဲ့ ရေဒီယိုနဲ့ တီဗီ ဌာနခွဲတွေရှိပြီး သူတို့ရဲ့ မီဒီယာ ထုတ်လွှင့်မှုတွေကို မေလ ၄ ရက်နေ့ လိုင်စင်သက်တမ်းကုန်ဆုံးစဉ်အချိန်ကစလို့ ရပ်နားထားခဲ့ရတာပါ။
လိုင်စင်သက်တမ်းအသစ်တိုးပေးဖို့အတွက် ထပ်မံတင်ပြတဲ့ လျှောက်လွှာကို မဲမပေးမီလေး အချိန် ဆိုရှယ်မီဒီယာမှာ တက်လာတဲ့ပုံတွေမှာ ဒီသတင်းဌာနကို ထောက်ခံတဲ့သူတွေက ကွန်ကရက်လွှတ်တော်ရဲ့ အပြင်မှာ "သတင်းစာလွတ်လပ်ခွင့်ကို ကာကွယ်ကြ"၊ "တိုက်ခိုက်နေတာတွေ ရပ်ပါတော့" စတဲ့ စာတန်းတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
"ဒေသအတွင်းမှာ သတင်းစာလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရဲ့ ခံတပ်တခုအဖြစ် သဘောထားခံခဲ့ရတဲ့ ဒီနိုင်ငံမှာ ဒီနေ့ဟာ မီဒီယာလွတ်လပ်ခွင့်အတွက် အမှောင်ဖုံးတဲ့နေ့ပါပဲ" လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အာရှဆိုင်ရာ လက်ထောက် ဒါရိုက်တာ ဖေလ် ရော်ဘတ်ဆန်က သောကြာနေ့တုန်းက ပြောပါတယ်။
အခုလို ရုပ်သံလွှင့်ဌာနကို လိုင်စင်သစ်ထုတ်မပေးဘဲ ရပ်ဆိုင်းလိုက်တဲ့ ကိစ္စဟာ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုတိုက်ဖျက်ရေးအတွက်လည်း အနှောင့်အယှက် အဟန့်အတားတွေ ဖြစ်စေတယ်လို့ အတိုက်အခံလွှတ်တော်အမတ်တွေက ပြောပါတယ်။
ဖိလစ်ပိုင်မှာ လူ ၅၀, ၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး လူ ၁, ၃၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
ABS-CBN သတင်းဌာနကို ၁၉၅၃ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်က အိမ်ပေါင်း ၁၅ သန်း ကို တီဗီ၊ ရေဒီယို၊ အွန်လိုင်းတွေကနေတဆင့် သတင်းတွေ ပေးပို့ထုတ်လွှင့်ပေးနေတာပါ။ ဒီ သတင်းဌာနက အလုပ်ပေးထားတဲ့ လူပေါင်းကလည်း ၁၁, ၀၀၀ လောက်ရှိပါတယ်။
အမေရိကန်အခြေစိုက် Freedom House အဖွဲ့ အဆိုအရ ဖိလစ်ပိုင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သတင်းစာလွတ်လပ်ခွင့်ကို အာမခံပေးထားပေမဲ့ သတင်းထောက်တွေအတွက် ဖိလစ်ပိုင်ဟာ အန္တရာယ်အများဆုံးနေရာတွေထဲက တနေရာလို့ သိရပါတယ်။
နယ်စည်းမထား သတင်းသမားများအဖွဲ့ Reporters Without Borders ကလည်း "ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့တွေ အထူးသဖြင့် ဒေသဆိုင်ရာ နိုင်ငံရေးသမားတွေ ငှားရမ်းထားတဲ့ လက်နက်ကိုင်တွေက သတင်းသမားတွေကို အသံမထွက်ရဲအောင် လုပ်နေကြပြီး၊ အဲလို လုပ်နေတဲ့သူတွေက အရေးယူမခံရဘဲ လွတ်လွတ်လပ်လပ်လုပ်လို့ရနေတယ်" လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်းကလည်း ဖိလစ်ပိုင်က လူကြိုက်များတဲ့ အွန်လိုင်းသတင်းဌာန Rappler ရဲ့ အကြီးအကဲ မာရီယာ ရက်စာကို အသရေဖျက်မှုနဲ့ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။
အများကတော့ အစိုးရကို ဝေဖန်နေတဲ့ အဲဒီ သတင်းဌာနကို အသံတိတ်သွားအောင်လုပ်တာလို့ မြင်ကြပါတယ်။
ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့် ညွှန်းကိန်း World Press Freedom Index က သတ်မှတ်ချက်အရ ဖိလစ်ပိုင်ဟာ နိုင်ငံပေါင်း ၁၈၀ အနက် ၁၃၆ နေရာမှာ ရှိပါတယ်။