ဗိုင်းရပ်စ်ကူးခံထားရနိုင်သူတွေလိုက်ရှာဖို့ စင်ကာပူက ကိရိယာအသစ်လေးတခု

ရေးသားခဲ့သည်။

ရေးသူ - Saira Asher

ဘီဘီစီ သတင်းဌာန၊ စင်ကာပူ

no tag

ဓာတ်ပုံ ရင်းမြစ်, ANDREW HUANG

စင်ကာပူက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတားဆီးရေးကြိုးပမ်းနေရာမှာ နည်းပညာပိုင်းအရ နောက်ဆုံးထုတ်လုပ် သုံးစွဲနေတာကတော့ Trace Together Token လို့ခေါ်တဲ့ သယ်ယူ၊ ဆောင်ယူလို့လွယ်တဲ့ ကိရိယာလေးပါ။

လူတစ်ယောက်ကို ပိုးစစ်လိုက်လို့ သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့တယ်ဆိုရင် ဒီလူနဲ့ ဘယ်သူတွေ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိတွေ့ခဲ့လဲ ဆိုတာသိနိုင်ဖို့၊ သူတို့မှာလည်း ပိုးရှိနေပြီလားဆိုတာ သိရှိပြီး လိုအပ်တဲ့ စောင့်ရှောက်မှုတွေ၊ ကန့်သတ်တာတွေလုပ်ဖို့က ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးမှာ အရေးကြီးပါတယ်။

အရင်ကတည်းက စင်ကာပူမှာ အဲ့ဒီ ထိတွေ့ခဲ့သူတွေကို ရှာဖွေနိုင်ဖို့ အက်ပ် (app) တစ်ခုသုံးစွဲပါတယ်။ ဒါပေမဲ့ မအောင်မြင်နိုင်တဲ့အချက်တွေလည်းရှိခဲ့ပါတယ်။

အရင်က အက်ပ်ကော၊ အခု တိုကင် ကိရိယာသစ်လေးပါ လူတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါးစေတယ်ဆိုတဲ့အချက်ကိုထောက်ပြပြီး အငြင်းအခုံဖြစ်နေစရာတွေကတော့ ရှိနေဆဲပါ။

အခုကိရိယာသစ်လေး အကြောင်းကို ပြောရရင်တော့၊ သူ့ကို လူတွေက သွားလေရာကို ဆောင်ယူသွားရမယ်၊ ဒီတိုကင်လေးရဲ့ ဘက်ထရီက ဘာမှ ထပ်အားဖြည့်စရာမလိုဘဲ ၉ လခံပါမယ်၊ ဒီအချက်က တကယ့် အံ့ဩနှစ်ချိုက်စရာ အချက်ပါပဲလို့ ကျွမ်းကျင်သူတစ်ယောက်က ပြောပါတယ်။

သုံးစွဲမယ့်သူတွေ အနေနဲ့ သူတို့ အမျိုးသားမှတ်ပုံတင်နံပတ် နဲ့ ဖုန်းနံပတ်ကို မှတ်တမ်းအနေနဲ့ ပေးရမှာပါ။

ဒီကိရိယာရဲ့ အလုပ်လုပ်ပုံကတော့ လူတစ်ယောက် ဗိုင်းရပ်စ်ပိုးရှိပြီဆိုတာ သိလိုက်ရရင် အဲဒီလူက သူသုံးစွဲနေတဲ့ အဲဒီ ကိရိယာလေးကို ကျန်းမာရေးဌာနကို အပ်လိုက်ရမှာဖြစ်ပြီး၊ အဲဒီထဲက အချက်အလက်တွေကို ကျန်းမာရေးဌာနက ကြည့်ရှုနိုင်ပါမယ်။ အက်ပ် နဲ့ မတူတာကတော့ အက်ပ်က အင်တာနက်က တစ်ဆင့်အချက်အလက်တွေက ပို့ပေးနေတာပါ။ အခု ကိရိယာလေးကတော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနဆီ တိုက်ရိုက်ပို့ပေးမှာပါ။

no tag

အဲဒီ ကိရိယာလေးကို စစ်ဆေးကြည့်ရင် သူဟာ ဘယ်သူတွေနဲ့ ထိတွေ့ဘူးတယ် ဆိုတာ သိရမှာပါ။

ကိရိယာလေး ဆောင်ထားသူ အချင်းချင်းဖြစ်စေ၊ အက်ပ်ရှိတဲ့သူဖြစ်စေ နီးကပ်တဲ့ ဆက်သွယ် တိတွေ့မှုရှိရင် ကိရိယာလေးက မှတ်တမ်းတင်ထားပါတယ်၊ အဲဒီမှတ်တမ်းကလည်း ရက်ပေါင်း (၂၅) ရက်စာ မဖျက်ဘဲ သိမ်းထားပေးမှာပါ။

အက်ပ် (App) အကူအညီနဲ့ အကန့်အသတ်

ကိုရိုနာဗိုင်းရပ်စ် ထိတွေ့ကူးစက်မှု ခြေရာခံ စုံစမ်းတဲ့ အက်ပ်ကို စပြီးအသုံးချတဲ့နိုင်ငံက စင်ကာပူနိုင်ငံပါ။

အဲဒီအက်ပ်ကို လူပေါင်း ၂ သန်းနဲ့ ၁သိန်းလောက် ဒေါင်းလုပ် လုပ်ခဲ့ကြတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်၊ အဲဒီအရေအတွက်ဟာ စင်ကာပူ လူဦးရေရဲ့ ၃၅% ရှိပါတယ်။

အစိုးရက ဒီအက်ပ်ဟာ ကွာရန်တင်းလုပ်ဖို့ လိုအပ်သူတွေကို မြန်မြန်ရှာတွေ့အောင် လုပ်လို့ရတယ်လို့ ဆိုပေမဲ့ ဒီအက်ပ်ဟာ သူတို့မျှော်လင့်ထားသလောက် အလုပ်မဖြစ်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

ဖုန်းမှာ အက်ပ်သွင်းထားရင် ဖုန်းဘက်ထရီက ခဏလေးနဲ့ ကုန်သွားတဲအတွက် လူတချို့က မသွင်းကြပါ

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ, ဖုန်းမှာ အက်ပ်သွင်းထားရင် ဖုန်းဘက်ထရီက ခဏလေးနဲ့ ကုန်သွားတဲအတွက် လူတချို့က မသွင်းကြပါ

ဒီ အက်ပ်ကို အိုင်ဖုန်းမှာ သွင်းထားရင် ဘလူးတု (Bluetooth) ရဲ့ "handshakes" က ဖုန်း မျက်နှာပြင်မှာပေါ်နေပြီး ဖုန်းက တခြားဘာမှအသုံးချလို့မရတော့ပါဘူး၊ ဘက်ထရီကလည်း လျှောကနဲ ကုန်သွားတာမြန်တယ်လို့ ဆိုကြပါတယ်။

အန်ထရွိုက်ဖုန်းတွေမှာတော့ အဲဒီလိုပြဿနာမျိုးမတွေ့ရဘူးလို့ ဆိုပါတယ်။

ဒီတော့ အခု တိုကင်ကိရိယာလေးကို အိုင်ဖုန်းသုံးသူတွေက သုံးလာနိုင်ပါတယ်။

ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်အပေါ်စိုးရိမ်မှု

ဒီတိုကင်ကိရိယာလေးကို စပြီး အစိုးရက ဇွန်လအစောပိုင်းလောက်က မိတ်ဆက်ကြေညာတော့ ပြည်သူတွေထဲက ဆန့်ကျင်တဲ့ အသံတွေထွက်လာခဲ့ပါတယ်၊ ဒါမျိုးဆန့်ကျင်မှုက စင်ကာပူမှာ ဖြစ်ခဲပါတယ်။

အွန်လိုင်းကနေပန်ကြားမှု လက်မှတ်ထိုးလှုပ်ရှားမှုပေါ်ခဲ့ပြီး လူ ၅၄, ၀၀၀ နီးပါးလက်မှတ်ထိုးခဲ့ကြပါတယ်။

"ဒီကိရိယာလေးကို မဝတ်မနေ၊ မဆောင်ယူဘဲ မနေလုပ်ခိုင်းပြီး စင်ကာပူ အစိုးရအနေနဲ့ လူတွေကို အမြဲတမ်းဘာလုပ်နေလဲဆိုတာ လိုက်လံစုံစမ်းထောက်လှမ်းနေတဲ့ အစိုးရဖြစ်သွားစေမှာမို့ ဒါကို တားဆီးဖို့လုပ်ရတာပါ" လို့ သူတို့ကကြေညာပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, SILVER GENERATION OFFICE (SGO)

နောက်တစ်ဆင့်ကတော့ ဒီကိရိယာကို လူတစ်ယောက်အနေနဲ့ ဘယ်အချိန်မှာမဆို စက်မပိတ်ရဘူး ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းလာပြီး နိုင်ငံဟာ တကယ့်အာဏာရှင်နိုင်ငံ ဖြစ်သွားတော့မယ်လို့ သူတို့က စိုးရိမ်ပါတယ်။

အစိုးရဝန်ကြီးတွေကတော့ ဒီ ကိရိယာဟာ ဘယ်မှာ ရှိနေသလဲဆိုတာကို ပြတဲ့ (GPS) နေရာညွှန်ပြတဲ့ အင်တာနက်စနစ်နဲ့ ချိတ်ဆက်ထားတာမဟုတ်သလို၊ မိုဘိုင်းတယ်လီဖုန်း ကွန်ရက်နဲ့ လည်း ဆက်သွယ်ထားတာမဟုတ်တဲ့အတွက် လူတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်စစ်ဆေးတာမျိုးတွေ လုပ်လို့မရပါဘူးလို့ ထောက်ပြပါတယ်။