လူနာအမှတ် ၉၆ ပိုးပြန်တွေ့လို့ တာချီလိတ်ဆေးရုံပြန်တက်

ရေးသားခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က ပထမဆုံး အတည်ပြုလူနာ အမှတ် ၉၆ မှာ ဆေးရုံဆင်းပြီးနောက် ရက် ၄၀ အကြာမှာ ပိုးပြန်တွေ့ရလို့ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံက ကိုဗစ်- ၁၉ သီးသန့်ကုသခန်းမှာ စောင့်ကြည့်ကုသနေတယ်လို့ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

သူနဲ့ ၄၈ နာရီအတွင်း ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည် အသွားအလာကန့်သတ်ပြီး စစ်ဆေးမှုတွေ လုပ်သွားဖို့ရှိတယ်လို့လည်း သူက ပြောပါတယ် ။

အဲဒီလူနာဟာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး တာဝန်ကျတဲ့ ရန်ကုန်ကို ပြန်ဖို့အတွက် ဆေးစစ်မှုခံယူရမှာ ဇွန်လ ၃၀ရက်နေ့က အခုလို ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရောဂါပိုးတွေ့တဲ့ လူနာအမှတ် ၉၆ ဟာ ရောဂါပိုးအဖြေ တွေ့ပြီးတဲ့နောက် တာချီလိတ်ဆေးရုံမှာ ဆက်လက်ကုသမှု ခံယူရနေတယ်လို့လည်း ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

အခုပိုးတွေ့တဲ့ လူနာ အမှတ်၉၆ ဟာ တာချီလိတ်က ပထမဆုံးရောဂါပိုးတွေ့တဲ့ လူနာဖြစ်ပါတယ်။ သူ့မှာ ရောဂါပိုးမရှိကြောင်း နှစ်ကြိမ်ဆက်တိုက် အဖြေထွက်လာပြီးနောက် မေလ ၂၀ရက်နေ့မှာ ကျိုင်းတုံပြည်သူ့ဆေးရုံက ဆင်းခဲ့တာလို့လည်း ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

ဆေးရုံဆင်း လူနာမှာ ကိုဗစ် - ၁၉ ပိုးတွေ့ရခြင်းဟာ ကုသမှုခံယူပြီးနောက် ခန္ဓာကိုယ်တွင်း ကြွင်းကျန်ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးရဲ့မျိုးရိုးဗီဇအပိုင်းအစကို ပြန်လည်တွေ့တာလည်း ဖြစ်နိုင်ပြီး မျိုးရိုးဗီဇ အပိုင်းအစဖြစ်ပါက မူလဗိုင်းရပ်စ်ပိုးလို ကူးစက်မြန်ပြင်းထန်အဆင့် မဟုတ်လို့ စိုးရိမ်ဖွယ်မရှိကြောင်း လည်း ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

" ဒီဟာက အများသူငါကို ကူးစက်မယ့်ပိုးပါဆိုတာတော့ မသေချာပေမဲ့ အများပြည်သူ အန္တရာယ်မရှိအောင် လုပ်ရမယ့်ဟာဖြစ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း တိတိကျကျ ဆောင်ရွက်နေပါတယ်" လို့ ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

လက်ရှိမှာ ပိုးတွေ့လူနာနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း အနီးကပ်ထိတွေ့သူတွေကို ရှာဖွေပြီး ဓာတ်ခွဲစစ်ဆေးတာကိုလည်း ကျန်းမာရေးဦးစီးဌာနက ဆက်လက်ဆောင်ရွက်နေသလို သူ့ရဲ့ဇနီးဖြစ်သူကိုလည်း အသွားအလာကန့်သတ်ထားတယ်လို့လည်းသိရပါတယ်။