ရေဖြူမြို့မှာ ကလေးငယ်အပါမိသားစုလိုက် သုံးလောင်းပြိုင်အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ေရျဖဴသတင္းမ်ား
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ဥုသာရံရထားလမ်းဘေးအနီးမှာနေထိုင်တဲ့မိသားစုတစ်စုဟာ ဇွန်၁၃ရက်နေ့က အသက်တစ်နှစ်ခွဲဝန်းကျင်ကလေးငယ်တစ်ဦးအပါအဝင် တစ်မိသားစုလုံးအသတ်ခံခဲ့တယ်လို့ ရေဖြူမြို့မရဲစခန်းကဒုရဲအုပ်ဇော်ထက်ကဘီဘီစီကိုပြောပါတယ်။
သေဆုံးသူတွေထဲက အသက် ၂၆နှစ်အရွယ်ရှိအိမ်ထောင်ဦးစီးဖြစ်သူအမျိုးသားဟာ ရထားဝန်ထမ်းတစ်ဦးဖြစ်ပြီးအဆိုပါနေရာမှာ ကားလမ်းနဲ့ရထားလမ်းဆုံရာ ရထားလမ်းအဖွင့်အပိတ်ကို လုပ်ဆောင်ပေးသူဖြစ်တယ်လို့ အဆိုပါနေရာအနီးတဝိုက်ကဒေသခံတွေကပြောပါတယ်။
' ' သေသူအမျိုးသားရဲ့အမေကသူတို့ဆီနေ့တိုင်းဖုန်းဆက်နေကြကို မနေ့ကဆက်မရလို့လာကြည့်တော့ တံခါးကအပြင်ကသော့ပိတ်ထားတယ်လို့ပြောတယ်။ သူအထဲကိုဖုန်းမီးနဲ့ထိုးပြီး ချောင်းကြည့်တော့ အထဲမှာ အကုန်လုံးသေနေတာတွေ့ရလို့ ရပ်ကွက်လူကြီးတွေကိုအကြောင်းကြား။ ရပ်ကွက်ကရဲစခန်းကိုအကြောင်းကြားလို့ ကျွန်တော်တို့သွားတော့ ည ဆယ်နာရီ လောက်ရှိနေပြီ။ အခုထိတော့တရားခံတွေကို စုံစမ်းဆဲပါ''လို့ ရေဖြူမြို့မရဲစခန်းဒုရဲအုပ်ဇော်ထက်ကပြောပြပါတယ်။
သေဆုံးသူအမျိုးသား၊ အမျိုးသမီးနဲ့ကလေးငယ်တို့ဟာ ဓားဒဏ်ရာအများအပြားနဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ သေဆုံးသူရုပ်အလောင်းတွေကိုသွားရောက်သယ်ယူပေးခဲ့တဲ့ မြင့်မြတ် ရေဖြူအသင်းကကိုသက်ဦးက ပြောပြပါတယ်။
' ' အိမ်ကခြေတံရှည်အိမ်လေး၊ လှေကားကအတက်နေရာအနီး အိပ်ခန်းအပြင်နားမှာ သုံးယောက်လုံးတစ်နေရာထဲပဲစုသေနေတာ။ ခုခံထားတဲ့ပုံစံ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့အခြေအနေကို တော့တွေ့ရတယ်။ သူတို့ကအိမ်ကရွာထဲမှာမဟုတ်ဘူး။ သူတို့နေတဲ့အိမ်ရဲ့ဘယ် ဘယ် ဘက်မှာအိမ်မရှိဘူး။ သူတို့အိမ်ရဲ့ညာဘက်ကိုက်သုံးရာလောက်မှာ ဈေးဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒါကအနီးဆုံးပဲ။ အသံတွေဘာတွေမကြားရလောက်ဘူး''လို့ အခင်းဖြစ်ရာနေရာမှာတွေ့မြင်ခဲ့ရတဲ့အခြေအနေကိုကိုသက်ဦးကပြန်လည်ပြောပြပါတယ်။
သေဆုံးသူမိသားစုဟာဝန်ထမ်းမိသားစုဖြစ်ပြီး မိသားစုဆွေမျိုးသားချင်းများမှာလည်း ထားဝယ်မြို့နယ်မှာပဲရှိကာ အဆိုပါအခင်းဖြစ်ရာရေဖြူမြို့နယ်၊ ဂငယ်ရပ်ကွက်ကို ပြောင်းလာတာဟာ တစ်နှစ်ခွဲဝန်းကျင်ခန့်သာရှိသေးတယ်လို့လည်း အဆိုပါနေရာအနီးနေထိုင်သူအချို့ရဲ့ပြောပြချက်ကို ရေဖြူမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှထွေးက ဘီဘီစီကိုပြောပြ ပါတယ်။
' ' ကျွန်တော်တို့ကိုလည်း သူတို့နဲ့အနီးဆုံးကဈေးဆိုင်ကသူတွေလှမ်းအကြောင်းကြားလို့သိတာ။ သူတို့ပြောပြချက်အရတော့ တခါတလေဈေးဆိုင်မှာဈေးလာဝယ်တာရှိတယ်။ ကိစ္စရှိရင် ထားဝယ်ဘက်ကိုသွားတယ်။ တခြားသူတွေနဲ့ အဆက်စပ်ရှိတာတော့မတွေ့ရဘူးလို့ပြောကြတယ်။ အဖိုးတန်ပစ္စည်းဘာညာလည်းမရှိလောက်ဘူး။ ကျွန်တော်တို့တွေ့ရသလောက်တော့''လို့ မြင့်မြတ်ရေဖြူအသင်းကကိုသက်ဦးကပြောပြပါတယ်။
လက်ရှိမှာ ရေဖြူမြို့မရဲစခန်းမှာ ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားပြီးတရားခံကိုစုံစမ်းနေကာ မနေ့ကညပိုင်းမှာတော့ခရိုင်ရဲတပ်ဖွဲ့ကပါကွင်းဆင်းပြီးစစ်ဆေးတာတွေကိုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
' ' ဒါမျိုးအမှုကြီးတွေမရှိခဲ့ဖူးဘူး။ စုံစမ်းစစ်ဆေးတာကိုတော့ ကျွန်တော်တို့မြို့မစခန်းကပဲဆက်လုပ်မှာပါ။ အခုကတော့ ဘာကြောင့်ဆိုတာကောက်ချက်ပြောဖို့တော့စောပါသေးတယ်။ ပြောလို့မရသေးပါဘူး။ အဖိုးတန်ပစ္စည်းယူချင်လို့ဘာလို့တော့မဟုတ်လောက်ဘူး''လို့ ရေဖြူမြို့မရဲစခန်း၊ ဒုရဲအုပ်ဇော်ထက်ကပြောပြပါတယ်။








