ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန်လလယ်အထိ မီတာခ ၇၅ ယူနစ် ကင်းလွတ်ခွင့်ပေးတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ
(၁) ဇွန်လလယ်အထိ မီတာခ ၇၅ ယူနစ် ကင်းလွတ်ခွင့်ပေး
ကိုဗစ်-၁၉ ကူးစက်မှုတွေကို ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အများပြည်သူတွေကို ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို ဇွန်လ ၁၅ ရက်နေ့အထိ ထပ်တိုးမြှင့်ထားတာကြောင့် လျှပ်စစ်ဓာတ်အားခ ယူနစ်တွေကိုလည်း ၇၅ ယူနစ်အထိ အခမဲ့ သုံးစွဲခွင့် ပေးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကင်းလွတ်ခွင့်ပေးတာကတော့ ဘာသာရေးအဖွဲ့အစည်းတွေ၊ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေနဲ့ အိမ်သုံးအမျိုးအစား ဓာတ်အားသုံးစွဲမှုအတွက်ပဲ ဖြစ်ပြီး ၇၆ ယူနစ်အထက်ဆိုရင်တော့ သတ်မှတ်နှုန်းထားတွေအတိုင်း ပေးရမယ်လို့ ဆိုပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဟာ ဧပြီလတုန်းကလည်း ယူနစ် ၁၅၀ လျှော့ချပေးခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း အိမ်ထောင်စုတချို့မှာ မီတာခတွေ အဆမတန်မြင့်တက်ခဲ့တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့အပြီးမှာတော့ ဝန်ကြီးဌာနက ရှင်းလင်းပွဲလုပ်ပြီး ဖြေရှင်းတာတွေ လုပ်ခဲ့ရပါသေးတယ်။
ဒီနောက်တော့ မေလ ၁ လ လုံးစားအတွက်လည်း မီတာခ ယူနစ် ၁၅၀ ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။
(၂) လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ရဲ့ ဈာပနာမှာ ခွဲခြားဆက်ဆံမှု မရှိစေဖို့ တောင်းဆိုခဲ့ကြ
ရဲဖမ်းထားစဉ် သေဆုံးခဲ့တဲ့ အာဖရိကန်-အမေရိကန် အမျိုးသား ဂျော့ချ်ဖလွိုက်ရဲ့ ဈာပနမှာတော့ လူမျိုးရေးခွဲခြားမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပြီး လူမည်းအဖြစ် မွေးဖွားလာတာက ရာဇဝတ်မှု တစ်ခုဖြစ်တယ်ဆိုတာမျိုးကို အောက်မေ့ဖွယ်ရာ ဟောပြောမှုတွေလည်း လုပ်ခဲ့ပါတယ်။
လက်နက်မဲ့ လူမည်း အမျိုးသား ဂျော့ဖလွိုက်ဟာ မေလ ၂၅ ရက်နေ့က လက်နက်မဲ့ လူမည်း အမျိုးသား ဂျော့ဖလွိုက်ဟာ ရဲလက်ထဲမှာအသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
မင်နီယာပိုလစ်မှာ ဖြစ်ပွားတဲ့ အဲဒီအဖြစ်အပျက် ဗွီဒီယိုထဲမှာ လူဖြူ ရဲအရာရှိကဂျော့ဖလွိုက်ရဲ့ လည်ပင်းကို ဒူးနဲ့ ၉ မိနစ်နီးပါး နင်းထားတဲ့ ဗွီဒီယိုထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန်နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
ကျူးလွန်ခဲ့တဲ့ ရဲအရာရှိဟောင်း Chauvin ကို ကြိုတင်ကြံရွယ်ချက်မပါတဲ့ လူသတ်မှုစွဲချက်နဲ့ ရုံးတင်ထားပြီး ကျန်တဲ့ ဖမ်းဆီးထားတဲ့ ရဲအရာရှိ ၃ ဦးကိုတော့ လူသတ်မှုမှာ အားပေး ကူညီမှု၊ ပါဝင်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။
မစ္စတာ ဖလွိုက်ရဲ့ ဈာပနအခမ်းအနားကိုတော့ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို မိခင်ရဲ့ အုတ်ဂူဘေးမှာ မြုပ်နှံသဂြိုဟ်ခဲ့ပါတယ်။
(၃) ကျိုင်းတုံမှာ ကျပ်သန်းပေါင်း ၂ သောင်းခွဲနီးပါးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိ
ရှမ်းပြည်နယ်၊ ကျိုင်းတုံမှာ ကား ၃ စီးပေါ်မှာ အိုက်စ်အလေးချိန် ၉၈၀.၉၈ ကီလို၊ ဘိန်းဖြူ ၃ ကီလို ရှိတဲ့ မူးယစ်ဆေးဝါးတွေ ကာလတန်ဖိုးအနေနဲ့ ကျပ်သန်းပေါင်း ၂ သောင်းခွဲနီးပါး (၂၄.၅၇ ဘီလီယံ) ကို ဇွန်လ ၇ ရက်နေ့ ညနေ ၄ နာရီလောက်က ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး အလွဲသုံးမှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-လွိုင်မွေ-ဝန်လုံးရွာလမ်းဆုံ မြို့ရှောက်လမ်းမှာ Vigo အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရာမှာ နောက်က လိုက်ပါလာတဲ့ ယာဉ် ၂ စီးက နောက်ပြန်လှည့်ပြေးသွားလို့ လိုက်လံတားဆီးပြီး ယာဉ် ၃ စီးလုံးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ အတူဖမ်းမိခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်အပါအဝင် အမျိုးသား ၅ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ CCDAC က ထုတ်ပြန်ပါတယ်။