ဒင်းနစ်စ်မုန်တိုင်း-ဗြိတိန်ကဒေသပေါင်း သုံးရာကျော်မှာ သတိပေးချက်တွေ ထုတ်ပြန်ထားဆဲ

ဓာတ်ပုံ ရင်းမြစ်, PA Media
လေတိုက်နှုန်းတစ်နာရီ ၉၁ မိုင်ခန့်ရှိတဲ့ ဒင်းနစ်စ် မုန်တိုင်း တိုက်လို့ ဗြိတိန်မှာ နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် လေကြောင်းနဲ့ ရထားခရီးစဉ်တွေ ဖျက်သိမ်းခဲ့ပြီး လမ်းမကြီးတချို့ ပိတ်ထားရပါတယ်။
ဗြိတိန်က ဒေသပေါင်း သုံးရာကျော်မှာ ရေကြီးရေလျှံမှု သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အနောက်ယော့ခ်ရှိုင်း ယားဒေသမှာရှိတဲ့ပြည်သူတွေကို ကူညီဖို့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပါတယ်။ အဲဒီဒေသဟာ ပြီးခဲ့တဲ့သတင်းပတ်က Ciara မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံထားရတဲ့နေရာလည်း ဖြစ်ပါတယ်။

ယော့ခ်မြို့မှာဆိုရင် Ouse မြစ်အနီးမှာ သဲအိတ်ပေါင်း ထောင်နဲ့ချီချထားပြီး ဒီမြစ်ရဲ့စိုးရိမ်ရေမှတ်ဟာ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က တင်ခဲ့တဲ့စံချိန်ကို ရောက်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အေဂျင်စီက သတိပေးထားပါတယ်။
စကော့တလန်က တံတားတချို့မှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။
ဟက်ဖို့ရှိုင်းယားမှာတော့ ဒေသခံတွေမလိုအပ်ဘဲ ခရီးမသွားဖို့ ၊ မိမိတို့ရဲ့အိမ်နီးချင်းတွေကို စောင့်ကြည့်နေဖို ဒေသအာဏာပိုင်တွေက တိုက်တွန်းထားပြီး ပြောင်းရွှေ့ဖို့ လိုအပ်သူတွေအတွက် စင်တာတွေလည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် မနေ့ကအထိ ဝေလပြည်နယ်မှာ အသက်အန္တရာယ်ရှိတဲ့ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။
ဝေါ်ဆက်စတာရှိုင်းယားဒေသမှာ အမျိုးသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် အမျိုးသမီးတစ်ဦးကိုတော့ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မနက်ပိုင်းအထိ ရှာဖွေနေဆဲဖြစ်တယ်လို့ ဝေလပြည်နယ်တောင်ပိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
လူသေဆုံးမှုသတင်းတချို့ ထွက်ပေါ်နေပေမယ့် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု စာရင်းတို့ကို ဗြိတိန်အစိုးရက အတိအကျ မထုတ်ပြန်သေးပါဘူး။
ကယ်ဆယ်ရှာဖွေရေးတွေတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဗြိတိန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးသစ် George Eustice ကတော့ ဒီလိုအစွန်းရောက်ဆိုးရွားတဲ့ရာသီဥတုဖြစ်စဉ်ကြောင့် ထိခိုက်သူတိုင်းကို အကာအကွယ်မပေးနိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရအပေါ် ဝေဖန်မှုတွေကို သူက ငြင်းပယ်ခဲ့ပြီး ဒီလိုပြင်းထန်တဲ့ရာသီဥတုပြောင်းလဲမှုတွေကို ဘာမှမလုပ်နိုင်ခဲ့ပေမဲ့ လုပ်ခဲ့ပြီးသမျှအခြေအနေတွေအဆင့်တွေကတော့ ဒီလို ရာသီဥတုဆိုးကျိုး သက်ရောက်မှုတွေ နည်းပါးလာစေခဲ့တယ်လို့ ရေကြီးမှုဒဏ်အဆိုးရွားဆုံးခံခဲ့ရတဲ့ ယော့ခ်ဒေသကို လာရောက်စဉ် ဝန်ကြီးကပြောကြားသွားခဲ့ပါတယ်။








