ကိုရိုနာဗိုင်းရပ်ကိစ္စ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေကို ရောက်ရှိအပါအဝင် ဇန်နဝါရီ ၃၁ရက် ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်ကိစ္စ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေကို ရောက်ရှိ

တရုတ်တနိုင်ငံလုံးနဲ့ နိုင်ငံပေါင်း ၂၀လောက်ကို ကူးစက်ခဲ့ပြီး ထပ်ပျံ့နေတဲ့ ကိုရိုနာဗိုင်းရပ်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇန်နဝါရီ ၃၀ရက်မှာ သတ်မှတ်လိုက်ပါတယ်။

အခုလိုသတ်မှတ်ရတာက တရုတ်အပြင် တခြားနိုင်ငံတွေအထိ ကူးစက်နေတာ ဖြစ်ပျက်နေတာတွေ တခုတည်းကြောင့်တော့မဟုတ်ဘူးလို့ WHO ရဲ့အကြီးအကဲ တီထရို့က ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေကို ထပ်ပြီးပျံ့သွားမှာကိုလည်း အလွန်အမင်း စိုးရိမ်မှုတွေ လည်းရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေထဲက တခုဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ကူးစက်မှုရှိတာကို အတည်မပြုနိုင်သေးဘူးလို့ အစိုးရက ပြောထားပါတယ်။ မြန်မာနဲ့ တရုတ်ဟာ မိုင်ပေါင်း ရာချီပြီး နယ်နိမိတ်ခြင်းထိစပ်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

တရုတ်မှာအခုထိ အနည်းဆုံး ၂၁၃ ယောက်အထိသေဆုံးခဲ့ပြီးပါပြီ။ အခြား၁၈ နိုင်ငံမှာလည်း ၉၈ ယောက်လောက် ကူးစက်ခံထားရပါပြီ။ အဲဒီနိုင်ငံတွေမှာတော့ သေဆုံးတဲ့ဦးရေမရှိသေးပေမယ့် အများစုက ဝူဟန်ကို သွားခဲ့ကြတဲ့ နိုင်ငံတကာက ခရီးသည်တွေ ကူးစက်ခံခဲ့ရတာပါ။

အဲဒီထဲမှာမှ လူလူခြင်းကို ကူးစက်ခဲ့တာက ၈ ခုလောက်ရှိပါတယ်။ ဂျပန်၊ ဂျာမနီ၊ ဗီယက်နမ်နဲ့ အမေရိကန် တို့မှာဖြစ်ပါတယ်။

အခုဗိုင်းရပ်က မကြုံစဖူး အသစ်အဆန်းဖြစ်စဉ်မျိုးနဲ့ တုန့်ပြန်မှုမျိုးတွေဖြစ်နေတယ်လို့ WHO အကြီးအကဲက ပြောပါတယ်။

အငြင်းပွားဖွယ် နိုင်ငံသားဥပဒေဆန္ဒပြမှုအတွင်း ကျောင်းသားတဦး သေနတ်နဲ့ အပစ်ခံရ

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ၊ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေအပေါ် ဆန့်ကျင်ဆန္ဒပြကြတဲ့ တက္ကသိုလ် ကျောင်းသားအုပ်စုထဲက တဦးကို သေနတ်သမားတဦးက ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူအမျိုးသား ဒဏ်ရာရရှိခဲ့ပါတယ်။

အိန္ဒိယရဲ့ နာမည်ကျော်တက္ကသိုလ်တွေထဲကတခုဖြစ်တဲ့ ဂျမားမယ်လီရှား အစ္စလာမီးယား တက္ကသိုလ်မှာ အပစ်ခံခဲ့ရတာပါ။

ရဲတွေကတော့ ပစ်ခတ်သူကို ကျောင်းပြင်ပမှာ ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယမှာတော့ အခုလိုကျောင်းတွင်းမှာ ပစ်ခတ်ခံရတဲ့ အခြေအနေမျိုးက သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတော့မဟုတ်ပါဘူး။

သေနတ်သမားက သေနတ်ကို ဝှေးရမ်းပြီးတော့ ကျောင်းသားတွေတကယ်လွတ်လပ်ရေးကို လိုချင်တာလားလို့ ဆန္ဒပြသူတွေကို ပြောခဲ့တာကို ဗီဒီယိုတခုကနေ မြင်ခဲ့ရပါတယ်။

လွတ်လပ်ရေးဆိုတဲ့ စကားလုံးက အိန္ဒိရဲ့ပိုင်နက် ကက်ရှ်စမီးယားပြည်နယ်အရေးကိစ္စမှာ မကြာခဏ ဆိုသလို ပါဝင်နေတဲ့ အငြင်းပွားဖွယ် စကားလုံးလိုဖြစ်နေပါတယ်။

ကျောင်းသားရဲ့ လက်ကို သေနတ်နဲ့အပစ်ခံခဲ့ရလို့ အခုတော့ ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

အငြင်းပွားဖွယ် နိုင်ငံသားဥပဒေဟာ မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံတဲ့ ဥပဒေလို့ ဂျမားမယ်လီရှား အစ္စလာမီးယား တက္ကသိုလ်ကျောင်းသားတွေက ရှေ့ဆုံးကနေ ဆန့်ကျင်ဆန္ဒပြနေကြတာလည်းဖြစ်ပါတယ်။

သြစတေးလျရဲ့ ကိုရိုနာဗိုင်းရပ် ကုစားမှုအစီအစဉ်ဝေဖန်ခံရ

ဝေဖန်ခံနေရတဲ့ သူတို့ရဲ့ ကုစားမှုအစီအစဉ်ကိုတော့ သြစတေးလျက ကာကွယ်ပြောဆိုနေပါတယ်။

လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေအတွက် ထိန်းသိမ်းတဲ့စခန်းမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုရှိတဲ့သူတွေကို ထားကာ ကူးစက်မှုအခြေအနေကုစားမှုတွေကို လုပ်ပေးနေပေမယ့် သြစတေးလျနိုင်ငံသားအချင်းချင်း အကြားမှာ ကုသမှုတွေကွဲပြားတာကြောင့် ဝေဖန်ခံရတာပါ။

တရုတ်သြစတေးလျနိုင်ငံသားတွေကတော့ ထိန်းသိမ်းသူတွေထားတဲ့ ကျွန်းမှာ ၂ပတ်နေရပါတယ်။

ဒါပေမယ့် သူတို့အခေါ် သြစတေးလျနိုင်ငံသား "White Australians" တွေအပေါ်တော့ ပြုစုစောင့်ရှောက်မှုက ကွဲပြားတယ်လို့ ဝူဟန်မှာစောင့်ဆိုင်းနေရတဲ့ ဆရာဝန်တချို့က မေးခွန်းထုတ်ခဲ့ကြ ပါတယ်။

အခုလိုဖြေရှင်းမှုတွေက အချိန်တိုအတွင်းအကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တာလို့ သြစတေးလျ အစိုးရက ပြောပါတယ်။

လူပေါင်း ရာချီအတွက် အမြန်ဆုံးနေရာထိုင်းခင်းတွေ ပြင်ဆင်ရတဲ့အခါ လုံလောက်မှု အရှိဆုံးနေရာ ကိုရွေးချယ်တဲ့အခါမှာတော့ အခုခရစ်စမတ်ကျွန်းက အကောင်းဆုံးနေရာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။