ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကို သွားမယ်၊ အေအေကဖမ်းထားတဲ့ ဘူးသီးတောင်အန်အယ်လ်ဒီ ဥက္ကဋ္ဌပြန်လွှတ်ဖို့ တောင်းဆို အပါအဝင် ဇင်ဘာ ၁၇ ရက် မနက်ခင်းသတင်းများ
(၁) မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကို သွားမယ်
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းကို ဒီတစ်ပတ်ထဲ သွားရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအခြေအနေနဲ့ မြန်မာဘက်က အသင့်ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ရှင်းပြဖို့ ခုလို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကိုပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နဲ့ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးတို့ ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အဲဒီခရီးစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ အာဆီယံ ERAT အဖွဲ့က ကိုယ်စားလှယ်တွေပါ လိုက်ပါမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပို့လာတဲ့ ဒုက္ခသည်ဆိုသူတွေရဲ့နာမည်စာရင်းတွေကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေး ဌာနတွေက လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်နေပေမယ့် တစ်ဘက်က ပြန်ပို့လာတာ မရှိတဲ့အတွက် ပြည်တွင်းမှာပဲ လိုအပ်တဲ့စိစစ်မှုတွေလုပ်ပြီး စာရင်းပြုစုနေတယ်လို့ ဦးအောင်ကိုက ပြောပါတယ်။
တစ်ဘက်ကိုရောက်နေတဲ့သူတွေပြန်လာဖို့ ဆန္ဒရှိမရှိကတော့ ကာယကံရှင်တွေပေါ်မှာ မူတည်ပါတယ်လို့ သူက ဆက်ပြောပါတယ်။
ယခုနှစ် ၂၀၁၈ ဧပြီလက လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားဒုက္ခသည်စခန်းတွေကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၉၊ ဇူလိုင်လမှာ အမြဲတမ်းအတွင်းဝန်(ဟောင်း) ဦးမြင့်သူဦးဆောင်တဲ့အဖွဲ့က ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ တရားစွဲဆိုထားမှုကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖြေရှင်းထားပါတယ်။
ဒီအချိန်မှာပဲ ခုလို မြန်မာကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေဆီ သွားဖို့ ထပ်မံစီစဉ်တာလည်း ဖြစ်ပါတယ်။
(၂) အေအေကဖမ်းထားတဲ့ ဘူးသီးတောင်အန်အယ်လ်ဒီဥက္ကဋ္ဌကိုပြန်လွှတ်ဖို့ ပါတီတောင်းဆို
ရက္ခိုင့်တပ်မတော် အေအေအဖွဲ့က ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲသိန်းကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ်အန်အယ်လ်ဒီပါတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်အရေးကိုအကြောင်းပြုပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံနဲ့လူမျိုးအတွက် ရှေ့တန်းက မားမားမတ်မတ်ရပ်တည်ကာ အပြည် ပည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် နိုင်ငံတစ်ဝန်း ထောက်ခံပွဲတွေ ကျင်းပပေးနေသလို ပါတီဝင် ဖြစ်တဲ့ ဦးရဲသိန်းဟာလည်း အဲဒိလိုထောက်ခံပွဲတွေလုပ်ဖို့ နယ်တွေဆင်းပြီး ဆက်သွယ်စည်းရုံးတဲ့ကိစ္စဟာ ပါတီကိစ္စကို ရိုးရိုးသားသားဆောင်ရွက်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အေအေဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပွဲဟာ စစ်ရာဇဝတ်မှုတွေကို ထောက်ခံတဲ့ပွဲဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း နေ့စဉ် ပြည်သူတွေ စစ်ရာဇဝတ်မှုကျူးလွန်ခံနေရချိန် ဒီလို ထောက်ခံပွဲလုပ်တာကို ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် သည်းခံမှာမဟုတ်သလို လုပ်ခွင့်လည်းမပြုဘူးလို့ ဘီဘီစီကို ပြောကြားထားပါတယ်။
ဒါ့အပြင် ဦးရဲသိန်းကို ဆက်ပြီးစစ်ဆေးစရာတွေရှိလို့ ထိန်းသိမ်းထားဦးမယ်လို့လည်း အေအေပြောခွင့်ရ ခိုင်သုခက ပြောကြားထားပါတယ်။
(၃) ဘိုးရင်း 737 လေယာဉ်တွေ ဆက်မထုတ်ဖို့ ဆုံးဖြတ်
ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်တွေ ထုတ်လုပ်တာကို ဇန်နဝါရီလကစပြီးရပ်ဆိုင်းဖို့ ကုမဏီဘက်က ထုတ်ပြန်လိုက်တယ်လို့ အမေရိကန်ကလာတဲ့ သတင်းတွေမှာဖော်ပြထားပါတယ်။
ဒီသတင်းကြောင့် ဝေါစထရိရှယ်ယာဈေးကွက်မှာ ဘိုးရင်းရဲ့ ရှယ်ယာတန်ဖိုးဟာ လေးရာခိုင်နှုန်းကျော် ကျဆင်းခဲ့ဒီဇင်ဘာ ၁၆ ရက်က ဝေါစထရိ ရှယ်ယာဈေးကွက်မှာ ဘိုးရင်းရဲ့ ရှယ်ယာတန်ဖိုးဟာ လေးရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ကိုးလလုံး တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘိုးရင်း 737 မတ်စ်လေယာဉ်တွေကို မပျံသန်းဘဲထားခဲ့ပေမယ့် လေယာဉ်တွေကို ဘိုးရင်းကုမ္ပဏီဘက်က ဆက်ပြီး ထုတ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘိုးရင်း 737 လေယာဉ်ပျက်ကျမှုနှစ်ခုမှာ လူသုံးရာကျော်သေဆုံးခဲ့ပြီး ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာသန်းကိုးထောင်လောက် အနည်းဆုံး ထိခိုက်ခဲ့ပါတယ်။
အခုလို ဘိုးရင်းလေယာဉ်ထုတ်လုပ်မှုရပ်ဆိုင်ထားတဲ့အတွက် အမေရိကန်စီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စရာတွေလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
(၄) ပြင်သစ်မှာ ဆန္ဒပြမှုတွေပြင်းထန်နေချိန် ပင်စင်မင်းကြီး ရာထူးက နုတ်ထွက်
ပြင်သစ်မှာ ပင်စင်လစာ ပြုပြင်ရေးကိစ္စကြာင့် နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်နေချိန်မှာပဲ ဒီပြုပြင်ရေးတွေကို လုပ်ဖို့ တာဝန်ယူထားတဲ့ ဝန်ကြီး ရာထူးက နုတ်ထွက်သွားပါတယ်။
ပင်စင်ရေးရာမဟာမင်းကြီး ယန်းပေါလ်ဒယ်လီဗွား ဟာ အကြံပေးအလုပ်ကနေ သူရထားတဲ့ဝင်ငွေတွေကို ကြေညာဖို့ပျက်ကွက်တယ်ဆိုပြီ အကျိုးစီးပွား ငြိစွန်းမှုနဲ့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။
ဒေါ်လာတစ်သိန်းကျော်ရှိတဲ့ ဒီငွေတွေကို ပြန်ပေးမယ်လို့ ဝန်ကြီးက အစောပိုင်းမှာ ကမ်းလှမ်းခဲ့ပါသေးတယ်။
ဒါပေမဲ့ ခုတော့ ရာထူးကနေ နုတ်ထွက်သွားပြီဖြစ်ပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်းရဲ့ ပြုပြင်ရေးအစီအစဉ်တွေကြောင့် အခုလို နှစ်ပတ်နီးပါးကြာတဲ့ သယ်ယူပို့ဆောင်ရေးအလုပ်သမားသပိတ်ကို နိုင်ငံ့အနှံ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း လစာတိုးပေးဖို့ဆိုပြီး ကုန်တင်ကားမောင်းသူတွေက လမ်းတွေကို ပိတ်ပြီး ဆန္ဒပြခဲ့ကြလို့ ပဲရစ်မြို့နဲ့အနီးတစ်ဝိုက် ယာဉ်ကြောတွေ ဆိုးဆိုးရွားရွား ပိတ်ဆို့ခဲ့ပါတယ်။