ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်နိုင်ငံထဲ ဇနီးမယားအဖြစ် ရောင်းစားခံရသူ တစ်ဦး ကိုမြန်မာဘက်ကကယ်
တရုတ် ဇနီးမယားအဖြစ် ရောင်းစားခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ တရုတ်နိုင်ငံဘက်ရောက်နေသူတွေ အကူညီနဲ့ ပူးပေါင်းပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကိုယ်တိုင်နယ်စပ်ကိုသွားခေါ်ပေးခဲ့တဲ့ ထန်းတစ်ပင်မြို့နယ် တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးလွင် ကဘီဘီစီကို ပြောပါတယ်။
တရုတ်နယ်စပ်မှာ ဇနီးမယားအဖြစ်ရောင်းစားခံရပြီး တစ်နှစ်ရှစ်လခန့် အကြာ မှာ အခုလိုကယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ထန်းတစ်ပင်မြို့နယ် ကျေးရွှာတစ်ရွာကနေ တစ်ရွာတည်းသားက နယ်စပ်က ထမင်းဆိုင်မှာ အလုပ်ရမယ် ဆိုပြီး ခေါ်သွားရာက တဆင့် တရုတ်နယ်စပ်မှာရောင်းစားခံလိုက်ရတာဖြစ်ပါတယ် ။
၂၀၁၉ အောက်တိုဘာလအတွင်းမှာ တရုတ်နိုင်ငံသားနဲ့ ရတဲ့ ကလေးမွေးဖွားခဲ့ပြီး အခု အဲဒီကလေးကို ထားပြီးတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလွတ်မြောက်လာတာလို့လည်း သူ့မိသားစုဝင်တွေကပြောပါတယ်။
တရုတ်မြန်မာနယ်စပ် ချင်းရွှေဟော်မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲက တရုတ်နိုင်ငံထဲ ကအကူညီပေးသူတွေနဲ့ချိတ်ဆက်ပြီး ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။
သူနေထိုင်တဲ့တရုတ်နိုင်ငံထဲက ပြည်နယ်ဟာ ကားနဲ့၁၈ နာရီ ကြာချင်းရွှေဟော်ကို မောင်းရပြီး ပြန်ခေါ်ပေးတဲ့ ကားခအပါအဝင် သူ့ကိုပြန်ခေါ်ဖို့ ယွမ်ငွေ ခုနှစ်ထောင် မြန်မာငွေ ၁၄ သိန်းလောက် ကုန်ကျခဲ့တယ် လို့ပြောပါတယ်။
ဒီငွေကို တရုတ်နိုင်ငံဘက်ရောက်နေတဲ့ အဖွဲ့တွေ အကူညီပေးရေး အဖွဲ့တွေက ကူညီပေးခဲ့ပြီး သူတို့အနေနဲ့ ပေးစရာမရှိသလို ပေးလည်းမပေးခဲ့ရကြောင်းမိသားစုဝင်တွေကပြောပါတယ်။
ချင်းရွှေဟော်ကနေ သူနေထိုင်တဲ့ ထန်းတစ်ပင် မြို့နယ်ထဲက ကျေးရွာကို နှစ်ညအိပ်နဲ့ ပြန်ရောက်လာခဲ့ပြီးဒီဇင်ဘာ ၁၆ ရက်နေ့ ညက သူ့အိမ်ကို ပြန်ရောက်တာလို့ ထန်းတစ်ပင်မြို့နယ် တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးလွင်ကပြောပါတယ်။
တရုတ်နိုင်ငံသား ဇနီးမယားအဖြစ် ရောင်းစားခံထားရပြီးထွက်ပြေးလွတ်မြောက်လာသူဟာ ကျန်းမာရေးအခြေနေကောင်းမွန်ပြီး တရုတ်နိုင်ငံသားနဲ့ရတဲ့ ကလေးကို တော့ ထားခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
သူရဲ့နယ်စပ် အဝင် အထွက် ကိစ္စတွေကို ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ် ကအကူညီပေးခဲ့ပါတယ် ။
သူအခုလိုပြန်လာဖို့ကြိုးစားနေခဲ့တာ တနှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။
ရောင်းစားခံရသူက ဆက်သွယ်နေတာ ၂၀၁၈ ခုနှစ် ကတည်းက ဖြစ်ပြီး သတင်းအချက်အလက်တွေ အသေးစိတ် ပို့ပေမယ့် သူ့ကို မကယ်ထုတ်နိုင်ခဲ့ပါဘူး။
အခုရက်ပိုင်း မြန်မာပြည်ပြန်လာတဲ့ တရုတ်နိုင်ငံထဲ မှာ အလုပ်လုပ်နေသူတစ်ယောက် ကနေတစ်ဆင့် သူ့ကိုလာကယ်ဖို့ အကူအညီတောင်းခဲ့တာလည်းဖြစ်ပါတယ်။
တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတာတွေကို တရုတ်-မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်တွေမှာ မကြာခဏ ဖမ်းဆီးမိလေ့ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ရောင်းစားခံရသူ အမျိုးသမီး ၄၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူ ၇၉ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲက ဆိုပါတယ်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဘက်က တရုတ် ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့သူတွေကို တရုတ်ပြည်ထဲမရောက်ခင် နယ်စပ်ဂိတ်မှာတင် တားဆီးရတဲ့ အမှုတွေချည်းဖြစ်ပြီး တရုတ်ပြည်ထဲ ရောက်ပြီးမှ ပြန်လည် ကယ်ဆယ်ရမှာကတော့ ၂၀၁၉ ခုနှစ်ထဲမှာ ဒီအမှုတစ်ခုပဲ ရှိနေတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူဟာ မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ တရုတ်ပြည် ယူနန်ပြည်နယ်ထဲကလို့ယူဆရ တဲ့ တနေရာမှာရှိနေခဲ့တာပါ။ ရောင်းစားခံရပြီး တစ်နှစ်နဲ့ ခြောက်လ အကြာမှာ တော့ မိဘတွေနဲ့ အဆက်သွယ်ပြန်ရခဲ့ပါတယ်။
ပွဲစားက သူ့ကို ခေါ်သွားပြီးနောက် မူဆယ်တည်းခိုခန်းကနေ တစ်ဆင့် တရုတ်ပြည်ထဲ ရောင်းစားခံခဲ့ရပြီး ၅ ရက်လောက် အလုံပိတ်ကားနဲ့ သွားခဲ့ရပြီး သူ့ကို ပိတ်လှောင်ထားတယ် လို့ သမီးဖြစ်သူက ပြန်ပြောကြောင်း ရောင်းစားခံရသူ ကိုကူညီပေးသူ ဒေါ်တူးမာက ဘီဘီစီကို ပြောပါတယ်။
သူ့ကို တစ်လ သုံးသိန်းခွဲနဲ့ ရွှေလီက ထမင်းဆိုင်မှာ အလုပ်ရမယ်ဆိုလို့ တရုတ်ပြည်ဘက်ကို လွှတ်လိုက်တာလို့လည်း ဒေါ်တူးမာက ပြောပါတယ်။
မိန်းကလေး ငါးယောက် အတူသွားကြရာမှာ သူနဲ့ အခြားတစ်ယောက်ကိုပဲ နယ်စပ်မှာ ခေါ်ထားလိုက်ပြီး ကျန် သုံးယောက်ကို ပြန်လွှတ်ခဲ့တာဖြစ်ပါတယ်။
ဒီ အမှုနဲ့ ပတ်သက်ပြီး မိဘတွေက တိုင်ကြားချက်ရှိတဲ့အတွက် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ တရုတ်အာဏာပိုင်တွေဆီ သုံးကြိမ်တိုင်တိုင် အကြောင်းကြားခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။
လာမယ့်ဒီဇင်ဘာလ ၂၁ရက်နေ့မှာဒီရောင်းစားခံရတာ နဲ့ပတ်သက်လို့သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိတယ်လို့ ထန်းတစ်ပင်မြို့နယ် တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးလွင် ကဘီဘီစီကို ပြောပါတယ်။