ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ရိုဟင်ဂျာ ၄၀၀ နီးပါး ပြန်လည်ရောက်ရှိလာတဲ့ အကြောင်းအပါအဝင် မနက်ခင်းသတင်းများ
(၁) ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ရိုဟင်ဂျာ ၄၀၀ နီးပါး ပြန်လည်ရောက်ရှိ
ရခိုင်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ရိုဟင်ဂျာတွေထဲက အယောက် ၄၀၀ နီးပါးဟာ မြန်မာပြည်ထဲ ပြန်လာကြပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံထဲကို ပြန်ဝင်လာကြတဲ့ စာရင်းတွေထဲမှာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ၄၆ ဦးနဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ၁၇ ဦး ရှိခဲ့ပါတယ်။
ပြန်လာကြသူတွေဟာ ၂ နိုင်ငံ အစိုးရရဲ့ သဘောတူညီချက်နဲ့ မဟုတ်ဘဲ သူတို့သဘောထားနဲ့ ဝင်လာကြတာ ဖြစ်ပြီး အများစုဟာ ရေလမ်းကနေတဆင့် နတ်မြစ်ကို ဖြတ်ပြီး ငခူရ ပြန်လည်လက်ခံစခန်းကနေ ပြန်ဝင်လာကြတာ ဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
သူတို့တွေဟာ ကိုယ်သဘောနဲ့ကိုယ် ပြန်ဝင်လာကြတာ ဖြစ်တဲ့အတွက် ပြန်လည်လက်ခံရေးစခန်းတွေမှာ မထားဘဲ သူတို့နေချင်တဲ့ရွာနဲ့ ဆွေမျိုးတွေအိမ်မှာ နေရာချပေးထားတယ်လို့ ပြောပါတယ်။
နောက်ထပ်လည်း ဝင်လာမယ့်သူ အများအပြားက စာရင်းပေးထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
မြန်မာပြည်ထဲ ပြန်လာကြတဲ့ ရိုဟင်ဂျာတွေဟာ ရေလမ်းကြောင်းကနေ ဝင်ရောက်လာတာဖြစ်ပြီး အကြီးဆုံး ကူတော့ပလောင်ဒုက္ခသည်စခန်းကနေ လာကြတာဖြစ် ပါတယ်။
သူတို့တွေဟာ စခန်းတွေမှာ နေထိုင်ရတာ ကျဉ်းကျပ်မှုတွေရှိတဲ့အပြင် အပြင်သွားလာခွင့်ကန့်သတ်ခံရတာတွေ လုပ်ကိုင်စားသောက်လို့ မရတာတွေကြောင့် သူတို့နေထိုင်ရာ မြန်မာပြည်ကို သူတို့အစီအစဉ်နဲ့ သူတို့ပြန်လာကြတာ ဖြစ်တယ်လို့လည်း ဘီဘီစီသတင်းထောက်က ပြောပါတယ်။
(၂) ဧရာဝတီတိုင်းထဲက ကမ်းလွန်ပင်လယ်ပြင်မှာ မူးယစ်ဆေးတွေ ထပ်တွေ့
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်နားက ကမ်းလွန်ပင်လယ်ပြင်ထဲမှာ မျောပါနေတဲ့ အိုက်စ် မူးယစ်ဆေးဝါးတွေကို အောက်တိုဘာ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ထပ်မံသိမ်းဆည်းမိခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မှာ ပင်လယ်ရေမိုင် ၁၆ မိုင်လောက်အကွာမှာ အလေးချိန်အားဖြင့် ၁၉ ကီလိုရှိတဲ့ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတဲ့ အထုပ်ပေါင်း ၁၉ ထုပ် မျောပါလာနေတာ တွေ့ရလို့ ရေလုပ်သားတွေက ရဲစခန်းကို လာအပ်ခဲ့ပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့မှာလည်း အလေးချိန် ၂ ကီလိုရှိတဲ့ မူးယစ်ဆေးဝါး ၂ ထုပ်ကို ထပ်မံတွေ့ခဲ့လို့ ရဲလုပ်သားတစ်ဦးက လာအပ်ခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
ဒီအထုပ်တွေအားလုံးရဲ့ အပေါ်မှာ Guanyinwang Refined Chinese Tea နဲ့ တရုတ်စာတမ်းတွေပါတယ်လို့လည်း ရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၆ ရက်နေ့တုန်းကလည်း ဖျာပုံ အမာမြို့နယ်အနီးက ပင်လယ်ပြင်မှာ မျောပါနေတဲ့ ကျပ်သိန်းပေါင်း ၃ သိန်းနီးပါးတန်ဖိုးရှိတဲ့ အိုက်စ် မူးယစ်ဆေးတွေ သိမ်းဆည်းမိခဲ့ပါသေးတယ်။
ဒီပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့အနေနဲ့တော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။
(၃) ရသေ့တောင်မှာ ကျောင်းသူတစ်ဦး ကျည်ထိမှန်
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ် ကျောက်ရံကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူ မနှင်းချေ (ခ) နှင်းအေးနွယ်ဟာ လက်မောင်းမှာ ကျည်ထိမှန်ခဲ့ပါတယ်။
အိမ်ရှေ့မှာ ထိုင်နေစဉ် တိုက်ပွဲကြားကလာတဲ့ ကျည်ဟာ သူ့ရဲ့ ဘယ်လက်မောင်းကို ထိမှန် ဖောက်ဝင်သွားခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒါပေမဲ့လည်း တိုက်ပွဲတွေက ဆက်ဖြစ်နေလို့ ဆေးရုံကို ချက်ချင်းမပို့ဆောင်နိုင်ဘဲ ၃ ရက်လောက်ကြာပြီးတော့မှ စစ်တွေဆေးရုံကြီးကို ပို့ဆောင်နိုင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်တုန်းက အမြန်ရေယာဉ်ပေါ်မှာလိုက်ပါစီးနင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေကို AA က ဖမ်းဆီးခဲ့တာကြောင့် တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးကို ဆက်တိုက်ဆောင်ရွက်လာနေတာလည်း ဖြစ်ပါတယ်။
(၄) လန်ဒန်က လော်ရီကားပေါ်မှာတွေ့ခဲ့တဲ့ ၃၉ လောင်းဟာ ဗီယက်နမ်တွေ ဖြစ်နိုင်
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အနီးက အအေးခန်းကုန်တင်ကား တစ်စီးပေါ်က အလောင်း ၃၉ လောင်းဟာ ဗီယက်နမ်တွေဆိုတာ ယုံကြည်ရတယ်ဆိုပြီး ဗြိတိန်ရဲတွေက ပြောခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အပြင်းအထန် ရှုံချလိုက်ပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းပါဝင်လာကြဖို့ကိုလည်း နိုင်ငံခြားရေးဌာနက တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့က ဗြိတိန်နိုင်ငံ Essex နယ် Grays မြို့က Waterglade စက်မှုဇုန်တခုမှာ ရပ်ထားတဲ့ လော်ရီကားတစ်စင်းပေါ်ကနေ အမျိုသား ၃၁ ဦးနဲ့ အမျိုးသမီး ၈ ဦး ပါဝင်တဲ့ လူသေအလောင်း ၃၉ လောင်းတွေ့ခဲ့တာ ဖြစ်ပြီး အဲ့ဒီထဲမှာ တရုတ်လူမျိုးတွေပါတယ်လို့ ဗြိတိန်ရဲတွေက ကနဦးတုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ အသက် ၂၅ နှစ်အရွယ် ကားမောင်းသမား မော်ရီးရော်ဘင်ဆင်ကို လူပေါင်း ၃၉ ဦးကို သေဆုံးခဲ့မှုနဲ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒါ့အပြင် အမှုနဲ့ သက်ဆိုင်သူ ၇ ဦးကိုလည်း ဗြိတိန်ရဲတွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။