ICJ အမှုအတွက် မြန်မာဘက်က ဒီကနေ့ လျှောက်ထားမယ့် အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

မြန်မာနိုင်ငံ ကိုယ်စားပြုပြီး လျှောက်လဲဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း သည်ဟိတ်ဂ်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Asahi Shimbun via Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံ ကိုယ်စားပြုပြီး လျှောက်လဲဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း သည်ဟိတ်ဂ်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ရေးသားခဲ့သည်။

(၁) ICJ အမှုအတွက် မြန်မာဘက်က ဒီကနေ့ လျှောက်ထားမယ်

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကနေ ပြန်လည်လျှောက်ထားမှာ ဖြစ်ပါတယ်။

ကြားနာပွဲ လျှောက်ထားမှုကို မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲလောက်မှာ စတင်မှာဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့တဲ့ အချက်တွေကို မြန်မာဘက်က ပြန်လည် ချေပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို ICJ မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကြားနာနေတာ ဖြစ်ပါတယ်။

၂ ဘက် အပြန်အလှန်လျှောက်ထားချက်တွေကို ICJ တရားသူကြီးတွေက ကြားနာမှာဖြစ်ပြီး မြန်မာဘက်က အဆိုပြုထားတဲ့ တရားသူကြီး ၁ ဦးနဲ့ ဂမ်ဘီယာက အဆိုပြုထားတဲ့ တရားသူကြီး ၁ ဦးစီ ပါဝင်မှာလည်း ဖြစ်ပါတယ်။

(၂) ပလက်ဝမှာ ခရီးသည်တင်စက်လှေတစ်စင်းကို ပစ်ခတ်လို့ ၃ ဦးသေဆုံး ၆ ဦးဒဏ်ရာရ

ပလက်ဝမြို့ပေါ်ကို စစ်ဘေးရှောင်လာကြသူများ

ဓာတ်ပုံ ရင်းမြစ်, Aidavid Zarli

ဓာတ်ပုံ ပုံစာ, ပလက်ဝမြို့ပေါ်ကို စစ်ဘေးရှောင်လာကြသူများ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ခရီးသည်တင် စက်လှေတစ်စင်း သေနတ်ထိမှန်လို့ အသက် ၃ နှစ် အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာတွေရခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရ ပြောခွင့်ရသူ စည်ပင်၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၄ နာရီလောက်ကလည်း ရက္ခိုင့်တပ်မတော် AA က ပလက်ဝအခြေစိုက် တပ်ရင်း ၂၈၉ နဲ့ နူးဗူးဗျူဟာတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ချင်းပြည်နယ်ဝန်ကြီး ဦးစိုးထက်ကတော့ ပလက်ဝမြို့နယ်ဟာ တိုက်ပွဲတွေကြောင့် ဥပဒေစိုးမိုးမှု ပျက်ပြားနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ ရှိနေပြီး ဒေသတွင်း သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးကို ကန့်သတ်ထားတဲ့အတွက် တောင်ယာလုပ်ကိုင်သူတွေနဲ့ လက်လုပ်လက်စားတွေ ဒုက္ခကြုံနေရတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

(၄) နယူးဂျာဇီမှာ အပြန်အလှန်ပစ်ကြလို့ ရဲအရာရှိအပါအဝင် ၆ ဦးသေဆုံး

ပစ်ခတ်မှုအပြီး လုံခြုံရေးယူထားတဲ့ ရဲအရာရှိများ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုအပြီး လုံခြုံရေးယူထားတဲ့ ရဲအရာရှိများ

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာဇီပြည်နယ်မှာ လုံခြုံရေးရဲတွေနဲ့ သေနတ်သမားတွေအကြား ပစ်ခတ်မှုဖြစ်လို့ ရဲအရာရှိ တစ်ဦးအပါအဝင် လူအနည်းဆုံး ၅ ဦး သေဆုံးသွားခဲ့ပါတယ်။

ဆိုင်တစ်ခုအတွင်း သေနတ်သမားတွေက နေရာယူပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲအရာရှိ ၂ ဦးအပါအဝင် လူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြပါတယ်။ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ ၆ ဦးထဲမှာ ၅ ဦးဟာ ဆိုင်ထဲမှာဖြစ်ပြီး အဲ့ဒီထဲမှာ သေနတ်သမား ၃ ဦးလည်း ပါဝင်တယ်လို့ ရဲတွေက ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုဟာ မြို့ပြင်သုဿန်နေရာမှာ စခဲ့တာဖြစ်ပြီး ရဲတွေကတော့ ဒီပစ်ခတ်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။

သေနတ်သမားတွေဟာ အားပြင်း ရိုင်ဖယ်သေနတ်တွေနဲ့ ကျည်တွေကို ပစ်ခတ်မှုအတွင်း သုံးခဲ့တယ်လို့လည်း ရဲတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ သေဆုံးခဲ့တဲ့ သေနတ်သမားတွေဟာ ဘယ်သူဘယ်ဝါတွေဆိုတာကိုတော့ ရဲတွေက စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ပစ်ခတ်မှုကို မျက်မြင်ကြုံခဲ့ရတဲ့ အသက်ရှင် ကျန်ရစ်သူ တစ်ဦးကတော့ လောလောဆယ်မှာ ဒဏ်ရာတွေရလို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

(၃) ဆီးဂိမ်းမှာ မြန်မာအသင်း ကြေးတံဆိပ်နဲ့ ကျေနပ်လိုက်ရ

ကမ္ဘောဒီးယားကို အနိုင်ရလို့ အောင်ပွဲခံနေတဲ့ မြန်မာအသင်း

ဓာတ်ပုံ ရင်းမြစ်, Gary Tyson/Getty Images for SEA Games

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားကို အနိုင်ရလို့ အောင်ပွဲခံနေတဲ့ မြန်မာအသင်း

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းဟာ ကမ္ဘောဒီးယားကို ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ကစားကြတဲ့ ပွဲစဉ်မှာ မြန်မာဟာ ကမ္ဘောဒီးယားကို ပွဲစစချင်း ၁ မိနစ်မှာ အဖွင့်ဂိုးသွင်းသွားခဲ့ပေမဲ့ ပွဲပြီးတဲ့အထိ တဖက် ၂ ဂိုးစီနဲ့ ပွဲချိန်ပြည့်သွားခဲ့ပါတယ်။

ဒါ့ကြောင့် ပယ်နယ်တီ အချိန်ပို ကန်တဲ့အခါမှာတော့ မြန်မာက ၅ ဂိုးလုံးဝင်အောင် သွင်းနိုင်ခဲ့ပြီး ကမ္ဘောဒီးယားကတော့ ၄ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယားကို ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရပြီး တတိယ ကြေးတံဆိပ်ဆု ရသွားခဲ့ပါတယ်။

အမျိုးသမီးဘောလုံးအသင်းမှာလည်း မြန်မာဟာ တတိယနေရာလုပွဲအတွက် အိမ်ရှင်ဖိလစ်ပိုင်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး တတိယနေရာ ရခဲ့တာမို့ ၂၀၁၉ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းဟာ အမျိုးသမီးရော အမျိုးသားမှာပါ တတိယနေရာရပြီး ကြေးတံဆိပ်ဆုနဲ့ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။