မင်းပြားမှာ ရွာသားတချို့လုပ်အားပေး စေခိုင်းခံရတယ်လို့ ရွာခံတွေပြောတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, RICHARD SARGENT/AFP/Getty Images
(၁) မင်းပြားမှာ ရွာသားတချို့လုပ်အားပေး စေခိုင်းခံရတယ်လို့ ရွာခံတွေပြော
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တံခွန်တိုင်ကျေးရွာကို ရောက်ခဲ့တဲ့ တပ်မတော် စစ်ကြောင်းတစ်ခုက စက်တင်ဘာလ ၁၈ ရက်နေ့က ဦးစိန်အေးသာ၊ ဦးမောင်လှအောင်နဲ့ ဦးညီညီအောင်တို့ ရွာသား ၃ ယောက်ကို လုပ်အားပေးစေခိုင်းခဲ့တာ ဖြစ်ပါတယ်။
ကုလားမတောင် ကျေးရွာကို သွားတဲ့ စစ်ကြောင်းမှာ ချောင်းကို ဖြတ်ပြီး အထုတ်အပိုးတွေကို အကြိမ်ရေ ၃၀၊ ၄၀ ထက်မနည်း ပို့ဆောင်ခဲ့ရပေမယ့် ပိုက်ဆံတပြားတချပ်မှ မပေးဘူး လို့ ကိုယ်တိုင်ခိုင်းစေခံရတဲ့ ရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ကတော့ ဒီစွပ်စွဲမှုအပေါ် ငြင်းဆန်ပါတယ်။
တပ်မတော်အနေနဲ့ ခေါ်ခိုင်းတာ မရှိကြောင်းနဲ့ ခေါ်မယ်ဆိုရင်လည်း ပိုက်ဆံပေးစေခိုင်းတာမျိုးပဲ လုပ်မှာဖြစ်ကြောင်းကို ဘီဘီစီကို ပြောပါတယ်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကတော့ ရခိုင်ပြည်နယ်ဘက်မှာတိုက်ပွဲတွေမှာ လုပ်အားပေးစေခိုင်းမှု မရှိသလောက်ဖြစ်နေပေမယ့် အခု စေခိုင်းမှုတွေ ရှိလာတယ်ဆိုပြီး ကျေးရွာသားတွေဘက်က တိုင်ကြားမှုတွေ ရထားတယ်လို့ ပြောပါတယ်။ ဒီအတွက် စိစစ်မှုတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။
(၂) ဖားကန့်မှာ ပြုတ်ကျတဲ့ သတ္တုအစိတ်အပိုင်းတွေနဲ့ ပတ်သက်လို့ စစ်ဆေးနေဆဲ

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာအနီးမှာ ဂြိုဟ်တုအပိုင်းအစလို့ ယူဆရတဲ့ သတ္တုအစိတ်အပိုင်းတွေ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကောင်းကံယံက ပြုတ်ကျလာခဲ့တာဖြစ်ပါတယ်။
ဝါယာကြိုးတွေပါတဲ့ အပိုင်းအစတွေဟာ ကောင်းကင်မှာ ပေါက်ကွဲပြီးနောက် ချောင်းတစ်ခုအတွင်း ပြုတ်ကျလာခဲ့တာဖြစ်တယ်လို့ ပြုတ်ကျစဉ် အနီးအနားမှာ မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အမြင့် ၁၆ ပေ၊ အောက်ခြေအချင်း ၁၂ ပေ၊ အပေါ်ပိုင်းအချင်း ၇ လောက် အရွယ်အစားရှိတဲ့ ဆလင်ဒါပုံ သတ္တုအပိုင်းအစတစ်ခုနဲ့ အမြင့် ၈ လက်မ၊ အလျား ၁၀ လက်မ၊ အနံ ၇ လက်မခွဲလောက်ရှိတဲ့ ဆလင်ဒါပုံသတ္တုအပိုင်းအစတို့ ကောင်းကင်ယံကနေ ပြုတ်ကျလာခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ပြုတ်ကျမှုကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးဆိုတာနဲ့ လောလောဆယ်မှာ စစ်ဆေးလျက်ရှိတယ်ဆိုပြီးတော့လည်း ဖော်ပြပါတယ်။
(၃) သမ္မတထရမ့်နဲ့ နိုင်ငံခြားခေါင်းဆောင်တစ်ဦးအကြားဆက်သွယ်မှု တိုင်ကြားခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ်က နိုင်ငံခြားခေါင်းဆောင်တစ်ဦးကို ဆက်သွယ်တွေ့ဆုံပြီး ကတိကဝတ် ပြုခဲ့ကြတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲတိုင်ကြားထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာအပြီး သမ္မတထရမ့်က ဒါဟာ သတင်းအမှားတွေဖြစ်တယ်ဆိုပြီး တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဝါရှင်တန်ပို့စ်သတင်းစာကတော့ ဒီအကြောင်းကို ထောက်လှမ်းရေးအသိုင်းအဝိုင်းကို တိုင်ကြားခဲ့တာဖြစ်ပြီး သမ္မတထရမ့်ရဲ့မှတ်ချက်ဟာ အင်မတန်မှ အနှောင့်အယှက်ဖြစ်ရတယ်ဆိုပြီး ထောက်လှမ်းရေးအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရေးသားထားပါတယ်။
ထောက်လှမ်းရေးကို အတွင်းသတင်းပေး တိုင်ကြားခဲ့တဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဒီမိုကရက်အမတ်တွေက ကွန်ကရက်မှာ ဆွေးနွေးဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေပြီး အသေးစိတ်အစီအစဉ်တော့ မသိသေးရသေးပါဘူး။
ဒါ့အပြင် ဒီတိုင်ကြားမှုကို ဘယ်သူလုပ်သလဲဆိုတာနဲ့ သမ္မတထရမ့်ဟာ ဘယ်က နိုင်ငံခြားခေါင်းဆောင်ကို တွေ့ခဲ့လဲဆိုတဲ့ အချက်အလက်တွေလည်း မထုတ်ပြန်သေးပါဘူး။
ဒါပေမဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ စစ်ဆေးရေးမှူးချုပ် မိုက်ကယ်အက်ကင်ဆန်ကို အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှာ စက်တင်ဘာ ၂၀ ရက်နေ့မှာ တခါးပိတ်မေးခွန်းထုတ်ဖို့ ရှိနေပါတယ်။
(၄) နှစ်ပေါင်း ၅၀ အတွင်း ဌက်အကောင်ရေ ၃ ဘီလီယံလောက် ကျဆင်းခဲ့

ဓာတ်ပုံ ရင်းမြစ်, GARY MUELLER, MACAULAY LIBRARY AT CORNELL LAB OF O
ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း မြောက်အမေရိကတိုက်မှာ ဌက်မျိုးစိတ်အရေအတွက် ၂၉%၊ ဌက်အကောင်ရေ ၃ ဘီလီယံလောက် ကျဆင်းသွားခဲ့တယ်လို့ အမေရိကန်နဲ့ ကနေဒါက သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။
အခုလို ဌက်မျိုးစိတ်တွေ လျော့ကျသွားတာနဲ့ ပတ်သက်လို့ လူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အကြီးအကျယ်အပြစ်တင်သင့်တယ်လို့ သုတေသီတွေက ပြောပါတယ်။
ဌက်တွေကို သတ်ဖြတ်တာ၊ ပိုးသတ်ဆေး အသုံးပြုမှုနဲ့ အိမ်မွေးတိရစ္ဆာန်တစ်မျိုးဖြစ်တဲ့ ကြောင်တွေကို အသုံးပြုပြီး ဌက်လိုက်တဲ့ လုပ်ဆောင်မှုတွေကြောင့် အခုလို ပြုန်းတီးကုန်တာလို့ ဆိုပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ဒီတွေ့ရှိမှုကနေတဆင့် လူတွေအကြား ပိုမိုသတိထားမိပြီး ထိန်းသိမ်းဆောင်ရွက်မှုတွေ မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်။








